Transparency Myanmar

transparency.myanmar@gmail.com

ပြီးခဲ့သည့် ရက်သတ္တပတ်က ကျင်းပ ပြုလုပ်ခဲ့သော မြောက်ကိုရီးယား ကွန်မြူနစ် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်၏ မွေးနေ့တွင် မြန်မာ စစ်အစိုးရက ၎င်းအား ချီးမွမ်းခန်း ဖွင့်ခဲ့ရာ နှစ်နိုင်ငံ အပြန်အလှန် သံတမန် ဆက်ဆံရေး၏ များစွာသော အခန်းကဏ္ဍများကို တရားဝင် ထုတ်ဖော် ပြသလိုက်သည့် သဘောပင် ဖြစ်ပါသည်။

မြန်မာ စစ်အစိုးရ၏ လက်ကိုင်တုတ် သဖွယ် ဖြစ်နေသော အဖွဲ့အစည်း တစ်ခု ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (USDA) ဥက္ကဋ္ဌ ဦးအောင်သောင်းက မြောက်ကိုရီးယား အာဏာရှင် ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်၏ စွန့်လွှတ် စွန့်စားမှုများကို ချီးမွမ်း ပြောဆိုခဲ့ကြောင်း Korean Central News Agency (KCNA) သတင်းဌာနက ဆိုပါသည်။

"မစ္စတာ ကင်ဂျုံအီလ်ဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်ကို ကိုရီးယား သမိုင်းမှာ မှတ်တမ်းတင် လောက်အောင် ထူးခြားတဲ့ ပြောင်းလဲမှုတွေ လုပ်ပြီး ကျက်သရေ မင်္ဂလာအပေါင်း ခညောင်းအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ နောက်ပြီးတော့ ခေါင်းဆောင်ကြီး ကင် ဟာ အခု ၂၀၁၀ ပြည့်နှစ် ရောက်တဲ့ အချိန်က စပြီး မြောက်ကိုရီးယား အမျိုးသား စီးပွားရေး နယ်ပယ် အသီးသီးမှာ မရပ်မနား စတမ်း ဦးဆောင်မှု ပြုလုပ်ပေးနေတာကို ဝမ်းသာအားရဖွယ် တွေ့မြင်ရပါတယ်" ဟု ဦးအောင်သောင်း၏ ပြောကြားချက်ကို ကိုးကား၍ KCNA သတင်းဌာနက ဖော်ပြသည်။

နိုင်ငံတကာ၏ ပိတ်ဆို့ အရေးယူခြင်း ခံနေရသော မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံအကြား ယင်းသို့ နွေးထွေးသော ဆက်ဆံရေးမျိုး သိသိသာသာ ထွက်ပေါ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ စိုးရိမ်မိကြောင်း အမေရိကန် ပြည်ထောင်စုက သဘောထား ထုတ်ပြန်ပါသည်။

အဆိုပါ မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်ဂျုံအီလ် မွေးနေ့ အခမ်းအနားကို အာဖရိကမှ အာဏာရှင် နိုင်ငံတစ်ခု ဖြစ်သော ဂီနီနိုင်ငံတွင်လည်း ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ နိုင်ငံသည်လည်း စစ်အစိုးရ အာဏာ ရှိသော နိုင်ငံတစ်ခု ဖြစ်သည်။

ဂီနီနိုင်ငံမှ နိုင်ငံရေးပညာ လေ့လာသော အုပ်စုတစ်ခု ဖြစ်သည့် Study of Kimjongilism (ကင်ဂျုံအီလ်ဝါဒ လေ့လာမှု) အဖွဲ့ အကြီးအကဲ Abdoulaye Conte က မြောက်ကိုရီးယား နိုင်ငံ ဆိုရှယ်လစ် စနစ်သည် လွန်စွာ အကျိုးအမြတ် ဖြစ်ထွန်းပြီး အင်အား အကြီးမားဆုံး ဆိုရှယ်လစ် စနစ်တစ်ခု ဖြစ်ကြောင်း၊ အဆိုပါ စနစ်ကို ပြည်သူများကလည်း ယုံကြည် စိတ်ချမှု အပြည့်အဝ ရှိကြောင်း သုံးသပ် ပြောဆိုပါသည်။

ကင်ဂျုံအီလ်သည် ၎င်း၏ ဖခင် ကင်အီဆွန်း ကွယ်လွန်ပြီးနောက် ၁၉၉၄ ခုနှစ်တွင် ခေါင်းဆောင် မြောက်ကိုရီးယား ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ၎င်း၏ ပုဂ္ဂိုလ်ရေး အကြောင်းအရာ များကို နိုင်ငံတွင်း မီဒီယာများနှင့် ကျောင်းစာ သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်း ဖော်ပြလေ့ ရှိသည်။

ခေါင်းဆောင်ကြီး ကင်ဂျုံအီလ်တွင် သဘာဝ ရာသီဥတုကိုပင် ပြုပြင် ဖန်တီးနိုင်သည့် စိတ်စွမ်းအင် ရှိသည်ဟု မြောက်ကိုရီးယား ပြည်သူ အတော်များများက ယုံကြည်ကြသည်။

မြောက်ကိုရီးယားနှင့် မြန်မာ နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းက စိုးရိမ်ပူပန်နေသည့် အချက်မှာ နှစ်နိုင်ငံအကြား လက်နက် အပေးအယူ၊ အရောင်းအဝယ် လုပ်မည့် ကိစ္စပင် ဖြစ်ပါသည်။ အချို့သော လေ့လာသူများက ဤသို့ လက်နက် အရောင်းအဝယ် လုပ်သည့် ကိစ္စမှတစ်ဆင့် နျူကလီးယားဘက်သို့ ပြောင်းလဲသွားနိုင်သည်ဟု ခန့်မှန်းကြသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်အတွင်းက Kang Nam အမည်ရ မြောက်ကိုရီးယား ကုန်တင် သင်္ဘောတစ်စင်းအား အမေရိကန် ရေတပ်က ထောက်လှမ်း တွေ့ရှိခဲ့သည်။ အဆိုပါ သင်္ဘောသည် လက်နက်များ တင်ဆောင်၍ မြန်မာနိုင်ငံသို့ သွားခြင်း ဖြစ်သည်ဟု ယုံကြည်ရကြောင်း အမေရိကန်တို့က ဆိုသည်။ ယင်းဖြစ်ရပ် ထွက်ပေါ်ပြီးနောက် မြန်မာ - မြောက်ကိုရီးယား ဆက်ဆံရေးမှာ နိုင်ငံတကာ၏ စောင့်ကြည့်ခြင်းကို ပို၍ ခံလာရသည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရေး ပိုမို ကြီးထွားလာသည့် အရိပ် လက္ခဏာများ တွေ့မြင်လာရခြင်းကို အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း ထုတ်ဖော် ပြောဆိုသည်။ "ဒီကိစ္စကြောင့် ဒေသတွင်း မတည်မငြိမ်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ နောက်ပြီး ဒီကိစ္စဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံတွေကိုလည်း တိုက်ရိုက် ခြိမ်းခြောက်ရာ ကျပါတယ်" ဟု ဟီလာရီ ကလင်တန်က မြန်မာ - မြောက်ကိုရီးယား ဆက်ဆံရေး အားကောင်းလာသည့် ကိစ္စနှင့် ပတ်သက်၍ သတိပေး ပြောဆိုခဲ့ဖူးပါသည်။

DVB သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment