Transparency Myanmar

transparency.myanmar@gmail.com

Straitstimes.com, 9th February 2010

အောက်တိုဘာလတွင် ကျင်းပမည်ဟု မျှော်လင့်ရသော ရွေးကောက်ပွဲများ မတိုင်မီ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် မလေးရှား နိုင်ငံက မြန်မာ စစ်ဖက် အစိုးရအား အင်္ဂါနေ့တွင် တောင်းဆိုလိုက်ပါသည်။

"လွတ်လပ် မျှတပြီး အားလုံး ပါဝင်နိုင်တဲ့ ရွေးကောက်ပွဲကိုပဲ ကျွန်တော်တို့ မြင်ချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူတိုင်းကို အခွင့်အရေး ပေးသင့်ပါတယ်" ဟု နိုင်ငံခြားရေး ဝန်ကြီး  Anifah Aman  က  AFP  သို့ ပြောကြားခဲ့ပြီး ရွေးကောက်ပွဲများကို အောက်တိုဘာလ တစ်ဝိုက်တွင် ကျင်းပဖွယ်ရာ ရှိသည် ဟု ထင်ရကြောင်း ၎င်းက ဖြည့်စွက်ပါသည်။

၁၉၉၀ တွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အပြတ်အသတ် အနိုင် ရရှိခဲ့ပြီး အစိုးရက အသိအမှတ် ပြုရန် ငြင်းဆန်ခဲ့သည့် ရွေးကောက်ပွဲ နောက်ပိုင်း ယခု ပထမဆုံး အကြိမ် ပြန်လည် ကျင်းပမည့် ရွေးကောက်ပွဲများကို ၂၀၁၀ တွင် ပြုလုပ်မည်ဟု မြန်မာ အစိုးရက ကတိ ပေးထားသော်လည်း ကျင်းပမည့် ရက်ကို မသတ်မှတ်ရသေးပေ။

အတိုက်အခံ NLD ပါတီနှင့် တိုင်းရင်းသား အဖွဲ့အစည်းများက ရွေးကောက်ပွဲ အပေါ် အကြီးကျယ် သံသယ ဝင်လျက် ရှိနေပြီး စစ်အုပ်ချုပ်ရေး တရားဝင်အောင် စစ် အစိုးရက အသုံးချလိမ့်မည်ဟု ယူဆကာ စိုးရွံ့နေကြပါသည်။

နိုင်ငံခြားရေး ဝန်ကြီး Mr. Anifah က ပြောကြားရာတွင် အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံစလုံးသည် မြန်မာနိုင်ငံအား ၎င်း လေလုံးထွားထားသည့် ဒီမိုကရေစီ လမ်းညွှန် မြေပုံ အတိုင်း ဆောင်ရွက်ရန် တိုက်တွန်းရာတွင် သဘောထား တစ်ထပ်တည်း ပူးပေါင်း ရပ်တည်သွားကြမည်ဟု ဆိုပါသည်။

ယခင် ကာလများက မလေးရှားသည် မြန်မာနိုင်ငံနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့သော်လည်း လတ်တလော နှစ်များ အတွင်း မလေးရှားက စစ်ဖက် အစိုးရ အပေါ် ခပ်တင်းတင်း ဆက်ဆံခဲ့သဖြင့် လက်ရှိ ဆက်ဆံရေး  အေးစက်စက် ဖြစ်နေပါသည်။

ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှာလည်း ရန်ကုန်မြို့ အင်းလျားကန်စောင်းရှိ သူမ၏ နေအိမ်တွင် အကျယ်ချုပ် ထိန်းသိမ်းထားခြင်း ခံရသည်မှာ  ၁၄  နှစ် ခန့် ရှိပြီ ဖြစ်သည်။

အမေရိကန်နှင့် ဥရောပ နိုင်ငံများက တင်းကျပ်သော ပိတ်ဆို့ အရေးယူမှုများ ချမှတ်ထားသည့် အပယ်ခံ မြန်မာနိုင်ငံနှင့် တွေ့ဆုံ ညှိနှိုင်းမည့် အမေရိကန် မူဝါဒသစ် အရ သမ္မတ အိုဘားမား အစိုးရက မြန်မာနိုင်ငံတွင် လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပရန် တိုက်တွန်းထားပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment