Transparency Myanmar

transparency.myanmar@gmail.com

Associated Press, 8th February 2010

          တရုတ်နိုင်ငံတွင် စားသုံးရန် မသင့်သော နှို့မှုန့်တန်ချိန် ၁၇၀ ခန့်ကို ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုများ အတွင်း တွေ့ရှိခဲ့ခြင်းသည် ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သည့် နို့ မှုန့် ပြဿနာတွင် သိမ်းဆည်းခဲ့သော ကုန်ပစ္စည်းများကို ဖျက်ဆီးခြင်း မပြုဘဲ ပြန်လည် ထုတ်ပိုး ရောင်းချနေသည် ဆိုသော အချက်ကို ပေါ်လွင် ထင်ရှားစေခဲ့ပါသည်။

          လက်ရှိ သီတင်းပတ်များအတွင်း အရေအတွက် တိုးပွားလာသော အထက်ပါ ကိစ္စများသည် အစိုးရက ပေးထားသော ကတိကို စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။ ၂၀၀၈ နို့မှုန့် ပြဿနာတွင် ဓာတု ပစ္စည်းများ ပါဝင်သော နို့နှင့် နို့ထွက်ပစ္စည်းများကြောင့် ကလေး သူငယ်ပေါင်း သိန်းနှင့် ချီ၍ ရောဂါ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၆ ဦးခန့် သေဆုံးခဲ့သည်။ ထို့နောက် အစိုးရက စားသောက်ကုန် ပစ္စည်းများ လုံခြုံ စိတ်ချရရေး အတွက် အစအဆုံး စစ်ဆေး ကိုင်တွယ်သွားမည်ဟု ကတိ ပေးထားခဲ့ခြင်း ဖြစ်သည်။

          ယခု လတ်တလော အရည်အသွေးနိမ့် နို့ထွက်ပစ္စည်းများကို တရုတ်ပြည်၏ အကြီးဆုံး မြို့တော် ရှန်ဟဲနှင့် ရှန်ဇီ၊ ရှမ်ဒေါင်း၊ လျိုနင်း၊ ဇွီဇိုး၊ ဟီဆေး စသော ပြည်နယ်များတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပစ္စည်းများ အပေါ် တရုတ်နိုင်ငံ၏ ၁၀ ရက်ကြာ ရှောင်တခင် စစ်ဆေးမှုသည် ဗုဒ္ဓဟူးနေ့ တွင် ပြီးဆုံးမည် ဖြစ်၍ ဆက်လက် ပြုလုပ်ခြင်း ရှိ၊ မရှိ ကိုမူ မသိရသေးပါ။ တရုတ်နိုင်ငံ၏ အရေးကြီး ရုံးပိတ်ရက် နှစ်သစ်ကူး ပွဲတော်သည် ယခု သီတင်းပတ်ကုန်တွင် စတင်မည် ဖြစ်၍ အစိုးရရုံး အချို့မှာ ပိတ်သွားကြပြီး ဖြစ်ပြီး သန်းပေါင်း များစွာသော ပြည်သူများမှာလည်း အားလပ်ရက် ယူသွားကြပြီ ဖြစ်ပါသည်။

          ယခု နောက်ဆုံး စစ်ဆေး တွေ့ရှိမှုတွင် စက်မှုသုံး ဓာတုပစ္စည်း ပါဝင်သော အရည်အသွေးနိမ့် နို့မှုန့် တန်ချိန် ၁၇၀ ကျော်ကို ပြန်လည် သိမ်းဆည်းရန် တာဝန်ရှိ ပုဂ္ဂိုလ်များက အမိန့်ပေးခဲ့ပြီး နင်ဇီယာ မြောက်ပိုင်းဒေသမှ နို့ထွက်ပစ္စည်း ကုမ္ပဏီ ၂ ခုကိုလည်း ပိတ်ပစ်လိုက်သည်ဟု China Daily သတင်း စာက တနင်္လာနေ့တွင် ဖော်ပြပါသည်။

          အဆိုပါ သတင်း ဖော်ပြချက်အရ နို့မှုန့် ၇၂ တန်ကို အာဏာပိုင်များက သိမ်းဆည်းခဲ့ပြီး လက်ကျန် ပစ္စည်းများကိုလည်း ရှာဖွေနေဆဲ ဖြစ်နေကြောင်း၊ အဆိုပါ နို့မှုန့်များသည် Ningxia Tiantian Dairy Co.LTD က ပြန်လည် ထုတ်ပိုး၍ အိမ်နီးချင်း မွန်ဂိုလီးယား အတွင်းပိုင်း ဒေသရှိ စက်ရုံများနှင့် ဂွမ်းဒေါင်း၊ ဖူဂျီယန် စသော တောင်ပိုင်း ပြည်နယ်များသို့ ရောင်းချခဲ့သည့် ပစ္စည်းများ ဖြစ်ကြောင်း သိရှိရပါသည်။

          နို့ထွက်ပစ္စည်း ဖြန့်ဖြူးသူများသည် မယ်လမင်းဓာတ် ထည့်သွင်းမှုဖြင့် ယခင် တစ်ခေါက်က စွပ်စွဲ အရေးယူခဲ့ရပြီး ဖြစ်ပါသည်။ မယ်လမင်းသည် နိုက်ထရိုဂျင် ပါဝင်မှု မြင့်မားသောကြောင့် နိုက်ထရိုဂျင် ပါဝင်မှုကို အခြေခံ တိုင်းတာသည့် အရည်အသွေး စစ်ဆေးမှုများတွင် ပရိုတိန်း ကြွယ်ဝစွာ ပါဝင်ကြောင်း ရလဒ် ထွက်ပေါ်စေရန် ပြုလုပ်ကြခြင်း ဖြစ်သည်။

          စားသုံးရန် မသင့်သော နိုမှုန့်များသည် ၂၀၀၈ နို့မှုန့် အရေးအခင်းတွင် ဖျက်ဆီးခံရမည် ဖြစ်ပါလျက် Ningxia Tiantian Dairy က အမည်မသိ ကုမ္ပဏီ တစ်ခုထဲမှ အကြွေးဝယ် ယူရရှိခဲ့ခြင်း ဖြစ်သည် ဟု ဆိုပါသည်။

          နင်ဇီယာပြည်နယ် နို့ထွက်ပစ္စည်း အသင်းမှ အထွေထွေ အတွင်းရေးမှူး ဇိုရှုမင်းက ပြောကြားရာတွင် "ကျွန်တော်တို့ရဲ့ ကုမ္ပဏီ အသေးလေးတွေက သူတို့ရဲ့ စီးပွားဖက်တွေနဲ့ ရေရှည် ဆက်ဆံလာခဲ့တာ ဆိုတော့ အပြည်အဝ ယုံကြည်ထားတာပါ။ အခုလိုမျိုး ထိခိုက်အောင် လုပ်လိမ့်မယ်လို့ မျှော်လင့် မထားပါဘူး" ဟု ဆိုပါသည်။

          Ningxia Tiantian အပါအဝင် နို့ထွက်ပစ္စည်း ကုမ္ပဏီငယ်များတွင် မယ်လမင်း စစ်ဆေးသည့် နည်းပညာ မရှိဟု ဇိုရူးမင်းက ပြောကြားကြောင်း China Daily က ဖော်ပြပါသည်။

          "ပြီးခဲ့တဲ့ စီမံချက်တွေက ချို့ယွင်းချက်တွေကြောင့် လက်ရှိ ပြဿနာ အရှုပ်အထွေးတွေ ဖြစ်ပေါ်လာရတာပါ။ တကယ်လို့ ကုမ္ပဏီတွေက သူတို့ရဲ့ နို့မှုန့် အညံ့တွေကို စီမံချက် ကာလမှာ သိမ်းထားပြီး နောက်ကျမှ ပြန်ရောင်းရင်ကောဗျာ၊ အခု ဖြစ်နေတဲ့ ပုံစံမျိုးပေါ့၊ ဘယ်လိုလုပ်ကြမလဲ" ဟု  ဇို ပြောကြား ခဲ့သည့် အတိုင်း သတင်းစာက ထုတ်ဖော် ရေးသားလိုက်ပါသည်။

          တနင်္လာနေ့ AP သို့ ပြောကြားရာတွင်မူ ဇိုက ပို၍ သတိထားသည့် အနေဖြင့် "ကျွန်တော်တို့ တင်းတင်း ကြပ်ကြပ် စစ်ဆေးရမှာပါ။ ကျွန်တော်တို့ရဲ့ ဖောက်သည် ကုမ္ပဏီတွေကလည်း အလားတူ တင်းတင်းကြပ်ကြပ် စစ်ဆေးကြရမှာပါ" ဟု မှတ်ချက် ပေးခဲ့ပါသည်။

          တရုတ်နိုင်ငံ၏ ၂၀၀၈ နို့မှုန့် ပြဿနာသည် နှစ်ပေါင်း များစွာအတွင်း စားသောက်ကုန် စိတ်ချရမှု နှင့် ပတ်သက်သည့် အဆိုးဝါးဆုံး ပြဿနာ ဖြစ်ခဲ့ပါသည်။ ၂၀၀၈ တွင် ပြဿနာ ပေါ်ခဲ့သော စားသုံးရန် မသင့်သည့် နို့မှုန့်များကို ဖယ်ရှား ရှင်းလင်းရေးသည် ခက်ခဲသော လုပ်ငန်းတစ်ခု ဖြစ်သည်ကို တရုတ် အာဏာပိုင်များက သိရှိသည့် အတွက် ဖမ်းဆီး ပစ္စည်းများကို ကိုယ်တိုင် ဖျက်ဆီးမည်ဟု ကတိ ပေးခဲ့ခြင်း မရှိပါ။

          အစိုးရက ကိုယ်တိုင် မဖျက်ဆီးဘဲ မည်သို့မည်ပုံ ဖျက်ဆီးရမည် ဆိုသည်ကိုသာ လမ်းညွှန်ခဲ့ပါ သည်။ မီးရှို့စက် အကြီးစားများဖြင့် မီးရှို့ ဖျက်ဆီးရန် (သို့) ပမာဏ နည်းပါးပါက မြေမြှုပ် ဖျက်ဆီးရန် အကြံပေးခဲ့ပါသည်။ ဂွမ်ဇိုးပြည်နယ် တောင်ပိုင်းမြို့တော် တစ်ခုတွင်မူ အမှိုက်သိမ်း ကုမ္ပဏီတစ်ခုက မြစ်ထဲသို့ နို့မှုန့်များ သွန်ပစ်ခဲ့ပြီးနောက်တွင် ဒေသခံ အစိုးရက ထိုသို့ စွန့်ပစ်ခြင်းကို ထိန်းချုပ်ခဲ့ပါသည်။

          တရုတ်နိုင်ငံသည် ပြီးခဲ့သော နွေရာသီက စားသောက်ကုန် လုံခြုံစိတ်ချမှု ရှိရေး ဥပဒေသစ် တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး စားသောက်ကုန် ထုတ်လုပ်သူများ အနေဖြင့် ၎င်းတို့ ထုတ်ကုန်များ စိတ်ချရခြင်း ရှိမရှိကို ပိုမို တာဝန်ယူ အာမခံရန် စည်းကမ်း ချမှတ်ခဲ့ပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment