Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဒုတိယ ဥက္ကဋ္ဌ ကို စစ်အစိုးရက နေအိမ် အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်းထားရာမှ လွှတ်ပေး လိုက်ပြီးနောက် မကြာမီ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကုလသမဂ္ဂ အထူး သံတမန် Tomas Quintana မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း သိရသည်။

မစ္စတာ Quintana သည် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေများကို အကဲဖြတ် သုံးသပ်ရန် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာခြင်း ဖြစ်သည်။ ခရီးစဉ် အတွင်း ယနေ့အချိန် အထိ နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသော ကမ္ဘာ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ပြုရန် ၎င်းက တောင်းဆို ထားသည်။

နှစ်ပေါင်း ၇ နှစ် နီးပါးမျှ ထိန်းသိမ်း ခံထားရရာမှ ပြန်လည် လွတ်မြောက်လာသော NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးက ၎င်းအနေဖြင့် ပျော်ရွှင်မှု မရှိကြောင်း၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ အကျဉ်းထောင်အတွင်း ဖမ်းဆီး ထိန်းသိမ်း ခံထားရဆဲ ဖြစ်ကြောင်း ပြောကြားသည်။ မြန်မာ စစ်အစိုးရသည် နိုင်ငံရေး လှုပ်ရှားသူ ၂၁၀၀ ခန့်ကို ဖမ်းဆီး အကျဉ်းချထားသည် ဟု လူ့အခွင့်အရေး စောင့်ကြည့်သည့် အုပ်စုများက ဆိုသည်။

ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦးသည် ယခင်က ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ ယခု ပြန်လည် လွတ်မြောက်လာပြီးနောက် NLD ဒုတိယ ဥက္ကဋ္ဌ တစ်ဦး အနေဖြင့် လုပ်ဖော်ကိုင်ဖက်များနှင့် လက်တွဲကာ ဒီမိုကရေစီအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

NLD ပါတီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဖြစ်သော ဦးဉာဏ်ဝင်းက မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည် ဖြစ်ရာ ယခုကဲ့သို့ ကုလ အထူးသံတမန် မြန်မာနိုင်ငံသို့ လာရောက်မှုကို အထူးပင် ကြိုဆိုကြောင်း ပြောကြားသည်။

အကျဉ်းထောင် လေ့လာရေး ခရီး

ကုလ အထူး သံတမန်သည် ငါးရက်တာ ခရီးစဉ်အတွင်း မြန်မာ စစ်အစိုးရ ဝန်ကြီးများ၊  အတိုက်အခံ ခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရမည်ဟု မျှော်လင့်ရသည်။ ထို့ပြင် ရန်ကုန်မြို့တွင် နာမည်ဆိုး ထွက်နေသော အင်းစိန် အကျဉ်းထောင်နှင့် ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်း ဒေသရှိ အခြား အကျဉ်းထောင်ကိုလည်း သွားရောက် လေ့လာမည် ဖြစ်သည်ဟုလည်း သိရသည်။

ဤရက်ပိုင်းမှာပင် ဦးတင်ဦး လွတ်မြောက်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြေညာချက် တစ်စောင် ထုတ်ပြန် လိုက်သည်။ "NLD ဥက္ကဋ္ဌ ဦးတင်ဦးကို နေအိမ် အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်း ရာမှ လွှတ်ပေး လိုက်သည့်အတွက် မိမိ တို့အနေဖြင့် အထူးပင် ကြိုဆိုကြောင်း၊ အစိုးရ နှင့် NLD အကြား ခိုင်မာမှု ရှိသော ဒိုင်ယာလော့ခ် တစ်ရပ် ပြုလုပ်နိုင်မည်ဟုလည်း မျှော်လင့်မိသလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အမြန်ဆုံး လွှတ်ပေးမည်ဟု မျှော်လင့်ပါကြောင်း" ဘန်ကီမွန်း၏ ကြေညာချက်က ဆိုသည်။

BBC သတင်းကို ဘာသာ ပြန်ဆိုခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment