Transparency Myanmar

transparency.myanmar@gmail.com

ပြီးခဲ့သည့် ဇန်နဝါရီလတွင်း ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အဓိက အတိုက်အခံသမား ဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး ဆာရတ်ဖွန်ဆီကာကို သီရိလင်္ကာ သမ္မတ မဟင်ဒါရာဂျာပါစကာက ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီး ဆာရတ်ဖွန်ဆီကာကို ထောက်ခံသူများ၏  အဆိုအရ ၎င်းအား သီရိလင်္ကာ စစ်သား ၁၀၀ ခန့်က ပြင်းထန်စွာ ဝင်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

သီရိလင်္ကာ အစိုးရ အရာရှိများက ဗိုလ်ချုပ်ကြီး ဆာရတ်ဖွန်ဆီကာအား အစိုးရကို ဖြုတ်ချရန် ကြံစည်မှုဖြင့် ခုံရုံးတင် စစ်ဆေးမည် ဖြစ်ကြောင်း ပြောကြားပါသည်။ ဗိုလ်ချုပ်ကြီးသည် ဇန်နဝါရီလ ၂၆ ရက် ရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့သည့် နောက်ပိုင်း သီရိလင်္ကာ သမ္မတ ရာဂျာပါစကာအား လုပ်ကြံ သတ်ဖြတ်ကာ အစိုးရအဖွဲ့ကိုပါ ဖျက်သိမ်းပစ်ရန် အထိ အကွက်ဆင် ခဲ့သောကြောင့် ဖမ်းဆီး လိုက်ခြင်း ဖြစ်သည်ဟု သတင်းများက ဆိုသည်။

ဗိုလ်ချုပ်ကြီး နှင့်အတူ သီရိလင်္ကာ စစ်တပ်မှ စစ်ဘက် အရာရှိကြီး ၁၄ ဦးနှင့် တပ်သား ၄၀ ခန့်ကိုပါ အစိုးရက ဖမ်းဆီးခဲ့သည်။ သို့သော် ဗိုလ်ချုပ်ကြီး၏ လျှို့ဝှက်ကြံစည်မှု အသေးစိတ်ကိုမူ အစိုးရက ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပေ။

သီရိလင်္ကာ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်အရ ဗိုလ်ချုပ်ကြီး ဆာရတ်ဖွန်ဆီကာသည် နိုင်ငံတော် အက်ဥပဒေ ချိုးဖောက်မှု၊ စစ်ရေးဆိုင်ရာ ပြစ်မှု ကျူးလွန်မှုတို့ နှင့် ဆက်နွယ်နေသောကြောင့် ဖမ်းဆီး ထိန်းသိမ်း ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။ သီရိလင်္ကာ အစိုးရ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ဗိုလ်ချုပ်ကြီးသည်  စစ်ယူနီဖောင်း ဝတ်ဆင်ပြီး စစ်ဘက်ဆိုင်ရာ တာဝန် ထမ်းဆောင်စဉ် နိုင်ငံရေးတွင် ပါဝင်ခဲ့ခြင်း ဖြစ်သည်ဟု ပြောဆိုသည်။

သီရိလင်္ကာတွင် ဘက်မလိုက်သော နိုင်ငံရေး လှုပ်ရှားမှု ဟူသည်မှာ အလွန်ပင် နည်းပါးနေပြီ ဖြစ်သည်။ တစ်ချိန်က လူမျိုးရေးကို အခြေခံ၍ ဖြစ်ပွားခဲ့သော စစ်ပွဲမှာ ယခုအခါ နိုင်ငံရေး တစ်ရပ် ဖြစ်လာသည်။ ယခု ဖမ်းဆီးခံလိုက်ရသော ဗိုလ်ချုပ်ကြီးမှာ တစ်ချိန်က စစ်ရေးတွင် နာမည်ကျော်ခဲ့သူ တစ်ဦး ဖြစ်ခဲ့သည်။ သူသည် ကာလကြာရှည်စွာ ပုန်ကန်ခဲ့သော တမီ ကျား သူပုန်များကို အမြစ်ပြတ်အောင် ချေမှုန်းသည့် စစ်ပွဲကို ဦးဆောင်ခဲ့ပြီး ရှည်လျားလှသည့် ပြည်တွင်း စစ်ကြီးကို ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် မေလတွင် အဆုံးသတ်နိုင်ခဲ့သည်။

သို့သော် အဆိုပါ စစ်ပွဲ ဖြစ်ပွားစဉ် ကာလများအတွင်း အရပ်ဘက် ဒုက္ခသည် ၈၀၀၀ ခန့်ကို ဗိုလ်ချုပ်ကြီး ဦးဆောင်သော စစ်တပ်က သတ်ဖြတ်ခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့် လေ့လာသူများက စွပ်စွဲ ပြောဆိုကြသည်။

ယခု ဗိုလ်ချုပ်ကြီးကို အစိုးရက ဖမ်းဆီး ထိန်းသိမ်းလိုက်ရာတွင် ပြစ်မှု ကျူးလွန်သည် ဟူသော သက်သေ အထောက်အထား တစ်စုံတရာကို ထုတ်ဖော်နိုင်ခြင်း မရှိသည့်အတွက် သမ္မတ ရာဂျာပါစကာ အစိုးရ အဖွဲ့၏ အာဏာရှင် ဆန်မှု၊ တစ်ဖက်သက် အနိုင်ကျင့်မှု တို့ကို ထုတ်ဖော် လိုက်သကဲ့သို့ ဖြစ်ခဲ့ရသည်။

ဇန်နဝါရီ ရွေးကောက်ပွဲတွင် သမ္မတ ရာဂျာပါစကာမှာ ဗိုလ်ချုပ်ကြီးဘက်မှ မထင်မှတ်သော စိန်ခေါ်မှုကြီးနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် ပုဂ္ဂိုလ်ရေး မုန်းတီးမှု အငြှိုးဖြင့် ဖမ်းဆီး ထိန်းသိမ်းလိုက်ခြင်း ဖြစ်သည်ဟုလည်း ဗိုလ်ချုပ်ကြီးကို ထောက်ခံသူများက ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲတွင် မဲများ ရေတွက်ရာ၌ လိမ်လည်မှုများ၊ မသမာမှုများ ရှိခဲ့သည်ဟု ဗိုလ်ချုပ်ကြီး အပါအဝင် ၎င်းကို ကျောထောက်နောက်ခံ ပြုသော အတိုက်အခံ ပါတီတိုင်းက စွပ်စွဲ ပြောဆိုထားသည်။ သတင်းများအရ သီရိလင်္ကာတွင် စင်ဟာလိ လူမျိုး အများဆုံး နေထိုင်သည် ဖြစ်ရာ ၎င်းတို့က သမ္မတ ရာဂျာပါစကာကို မဲအများဆုံး ပေးခဲ့ကြကြောင်း၊ ထို့ပြင် အဆိုပါ သမ္မတ လက်ထက်တွင် စစ်ကြီး ဆုံးခန်းတိုင် ခဲ့သောကြောင့် မဲပေးခြင်း ဖြစ်ကြောင်း သိရသည်။

သို့တိုင်အောင် ယခု ရက်သတ္တပတ် များအတွင်း သီရိလင်္ကာ သမ္မတနှင့် အစိုးရ၏ ကြမ်းတမ်းမှုများနှင့် ပတ်သက်သော  သက်သေ အထောက်အထားများ ထွက်ပေါ်လာခဲ့သည်။ ရွေးကောက်ပွဲ ကာလအတွင်း သတင်းစာ ဆရာများကို ဖမ်းဆီးခြင်း၊ ဝေဖန် သုံးသပ်သူများကို အကြမ်းဖက်ခြင်း စသည်တို့သည် သီရိလင်္ကာ အစိုးရ၏ သရုပ်သဏ္ဍာန်ကို ပြသနေခြင်းပင် ဖြစ်သည်။

ရွေးကောက်ပွဲအတွက် မဲဆွယ်မှုများ ပြုလုပ်ရာတွင် ဗိုလ်ချုပ်ကြီး ဖွန်ဆီကာက တမီကျား သူပုန်များကို အမြစ်ပြတ် နှိမ်နင်းခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ဖုံးကွယ်မှုများကို ထုတ်ဖော်ခဲ့သည်။ တမီကျား သူပုန်များကို နှိမ်နင်းရာ၌ သမ္မတ ရာဂျာပါစကာ၏ အစ်ကို တော်စပ်သူ ကာကွယ်ရေး ဦးစီးချုပ် ဂေါ်တာဘာရာ ရာဂျာပါစကာက သူပုန်များ အားလုံး လက်နက်ချသည် ဖြစ်စေ၊ မချသည် ဖြစ်စေ ပစ်သတ်ရန် အမိန့်ထုတ်ခဲ့ကြောင်း ၎င်းက စွပ်စွဲ ပြောဆိုခဲ့သည်။

သီရိလင်္ကာ အစိုးရ၏ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရပြီးနောက် ဗိုလ်ချုပ်ကြီး ဖွန်ဆီကာက မိမိ အနေဖြင့် စစ်ရာဇဝတ်မှု ဆိုင်ရာ ခုံရုံးတွင် သက်သေအဖြစ် စစ်ဆေးခြင်း ခံရမည့် ကိစ္စအတွက် ဝမ်းမြောက် ဝမ်းသာမိပါကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

Economist မှ သတင်း သုံးသပ်ချက်ကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment