Transparency Myanmar

transparency.myanmar@gmail.com

Mizzima news, 30th March 2010

ကချင်လွတ်မြောက်ရေး အဖွဲ့ အစည်း (KIO) နှင့် မြန်မာ အစိုးရ အကြား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စနှင့် ပတ်သက်၍ တင်းမာမှုများ ဆက်လက် ဖြစ်ပွားနေသည့် ကြားမှ မြန်မာ့ တပ်မတော် ပူးတွဲ စစ်ဦးချုပ်များဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းသည် ကချင်ပြည်နယ် ၂ ရက် ခရီးစဉ်ကို ယခင် အပတ်က သွားရောက်ခဲ့သည်။

မြန်မာ အစိုးရ နံပါတ် ၃ အဆင့်ရှိ ဗိုလ်ချုပ်ကြီး ရွှေမန်းသည် ကချင်ပြည်နယ် မြစ်ကြီးနားရှိ မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်သို့ မတ်လ ၂၄ရက်က သွားရောက်ခဲ့ပြီး ဟိုပင်၊ တနိုင်း၊ ပူတာအို မြို့များသို့လည်း ဆက်လက် သွားရောက်ကာ နောက်တစ်နေ့တွင် နေပြည်တော်သို့ ပြန်သွားခဲ့သည်။

"ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်က စစ်ရေး ကိစ္စတွေနဲ့ သက်ဆိုင်ပုံ ရပါတယ်။ တရုတ်-မြန်မာ နယ်စပ် တစ်လျှောက်မှာ ရှိတဲ့ ကချင်နဲ့ ဝ ထိန်းချုပ်နယ်မြေတွေက လက်ရှိ အနေ အထားတွေကြောင့်လို့ ယူဆရပါတယ်" ဟု စစ်ဖက်- အရပ်ဖက် ဆက်ဆံရေး အကဲခတ် ဝင်းမင်းက ပြောကြားသည်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် အတူ အထူး စစ်ဆင်ရေး အဖွဲ့မှူးများ ဖြစ်သော ဒုတိယ ဗိုလ်ချုပ်မှူးကြီး သာအေးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ အပါအဝင် စစ်ဖက် အရာရှိကြီး ၁၀ ဦး လိုက်ပါခဲ့သည်ဟု ဝင်းမင်းက ဆိုသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး သာအေးက ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း နှင့် မန္တလေးတိုင်းမှ စစ်ဆင်ရေးများကို တာဝန်ယူရပြီး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်မှ စစ်ဆင်ရေးများကို တာဝန်ယူသည်ဟု သိရသည်။

''သူတို့ ဗန်းမော်ကနေ လာကြတာပါ။ KIA ကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းဖို့ KIO ကို ဖိအားပေးကြပါ လို့ ပြောသွားတယ်'' ဟု KIO အရာရှိ တစ်ဦးက ပြောကြားသည်။

သို့ရာတွင် ခရီးစဉ် အတွင်း KIO ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်း မရှိဟု ဆိုပါသည်။

မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စိုးဝင်းသည် KIO ဥက္ကဋ္ဌ ဇော်ဟာရာ၊ အတွင်းရေးမှူး ဒေါက်တာ လဂျာ၊ ဗိုလ်မှူးကြီး ဂွမ်မော်တို့နှင့် မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်တွင် မတ်လ ၂၁ ရက်က တွေ့ဆုံခဲ့သည်။

မတ်လ ၁၃ ရက်တွင် မူးယစ် အထူးတပ်ဖွဲ့က ဗန်းမော် မြို့နယ် ကမ်ဘန်းရွာတွင် ဗုံး ၃၃ လုံး ဖမ်းဆီးရမိခြင်းနှင့် စပ်လျဉ်း၍ ၎င်းက KIO ကို မေးမြန်း စုံစမ်းခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဗုံးများသည် KIO သို့ ပို့ဆောင်ခြင်း ဖြစ်ကြောင်း၊ ရွာသားများ အနေဖြင့် ဗုံးများ လက်ဝယ်ထားကာ ဘာမှ လုပ်စရာ မရှိကြောင်း KIO က ပြန်လည် ပြောကြားခဲ့သည်ဟု KIO အရာရှိက ပြောကြားသည်။

ထို့အပြင် KIO က မြန်မာ စစ်တပ်၏ တိုက်ရိုက် ထိန်းချုပ်မှု အောက်တွင် ထားရှိမည့် နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲရေးကို လက်မခံနိုင်ကြောင်း အသစ် ရွေးကောက် တင်မြောက်မည့် အစိုးရ လက်အောက်တွင် ကချင်စစ်တပ် အဖြစ် ရပ်တည်သွားရန်သာ ဆန္ဒရှိကြောင်း၊ မြန်မာအစိုးရ ကိုယ်စားလှယ် စစ်ဖက် ရေးရာ လုံခြုံရေး အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်ထံ ပြန်ကြားခဲ့သည်ဟု သိရှိရသည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment