မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေးနှင့် နိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းရာတွင် ဆီလျော် ပြေပြစ်မှု ရှိသော နိုင်ငံတကာ အများသဘောဆန္ဒ ပါဝင်မှု လျော့နည်းနေခြင်းသည် ပြဿနာများကို ပိုမို ဆိုးရွားစေကြောင်း၊ သို့အတွက်ကြောင့် နိုင်ငံတကာ အာဂျင်ဒါကို ပြန်လည် အကဲဖြတ် သတ်မှတ်ရန် လိုအပ်ကြောင်း ဝါရှင်တန် အခြေစိုက် Asia Society အဖွဲ့က မကြာမီ ထုတ်ပြန်မည့် အစီရင်ခံစာ တစ်ရပ်အရ သိရသည်။
မြန်မာနိုင်ငံတွင်း ပြုပြင် ပြောင်းလဲမှု ပြုလုပ်ရာတွင် မြန်မာ လူ့အဖွဲ့အစည်း အတွင်းမှ အင်အားသည် မရှိမဖြစ် လိုအပ်သော အရာ ဖြစ်သည်ကို အသိအမှတ် ပြုရမည် ဖြစ်သော်လည်း နိုင်ငံတကာ (သို့မဟုတ်) ပြည်ပ၏ အခန်းကဏ္ဍလည်း လိုအပ်ကြောင်း Asia Society Task Force က ပြောသည်။
"ပြောရလျှင် မြန်မာနိုင်ငံ အရေးကိစ္စမှာ အချက်ပြမှုများ ရှုပ်ထွေးနေခြင်း၊ နိုင်ငံတကာနှင့် ဒေသတွင်း ပလေယာများက တူညီပေါင်းစပ်မှု မရှိသော မူဝါဒများဖြင့် တုံ့ပြန်ခြင်း တို့ကြောင့် ပိုမို ဆိုးရွားခဲ့သည်။ သို့အတွက်ကြောင့် ကျွန်ုပ်တို့ အနေဖြင့် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို ထွက်ပေါ်လာနိုင်ခြေ ရှိသော နယ်ပယ်များကို အသားပေး ဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်" ဟု Asian Society ဥက္ကဋ္ဌ Vishakha Desai က ပြောသည်။
အမေရိကန် သမ္မတ ဘားရက်အိုဘားမား အုပ်ချုပ်ရေးအဖွဲ့က နေပြည်တော် စစ်အစိုးရအပေါ် ပြောင်းလဲ ကျင့်သုံးလိုက်သော နိုင်ငံခြားရေး မူဝါဒကို Asia Societyမှ Wasley Clark က "မြန်မာနိုင်ငံသည် ပါဝါ အပြည့်အဝ ရှိသော စီးပွားရေး အင်အားစုကြီးများ၏ အလယ်ခေါင် တည့်တည့်သို့ ရောက်ရှိနေသည်။ သို့သော် တစ်ချိန်တည်းမှာပင် မြန်မာ၏ နိုင်ငံရေး စနစ်သည် အေးတိအေးစက် ဖြစ်နေသည်" ဟု စတင် သုံးသပ်လိုက်သည်။
မည်သို့ပင်ဖြစ်စေ အမေရိကန် ပြည်ထောင်စု အနေဖြင့် လက်လှမ်းမမီနိုင်သော အနေအထားမျိုးကို ဖန်တီးမည် ဆိုပါက မြန်မာနိုင်ငံကို အာဏာရှင်စနစ်မှ လွတ်မြောက်ရန်၊ နိုင်ငံတကာ အသိုင်းအဝိုင်းသို့ ဝင်ရောက်ရန် အကူအညီပေးရာတွင် ထိရောက်မှု ရှိမည် မဟုတ်ကြောင်းလည်း ဆက်လက် ပြောသည်။
မြန်မာနိုင်ငံ၏ လက်ရှိ အနေအထားကို Asia Society က သုံးသပ်ရာတွင် နိုင်ငံတကာ အနေဖြင့် အောက်ပါ အချက်များကို အလေးအနက်ထား စဉ်းစားရန် တိုက်တွန်းထားသည်။
- ၂၀၀၇ ခုနှစ်အောက်တိုဘာလမှ စ၍ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာမှု ကျဆင်းလာခြင်း။
- ဒေသတွင်း ပါဝါများအတွက် မြန်မာနိုင်ငံ၏ မဟာဗျူဟာ အရေးပါမှု မြင့်တက်လာခြင်း။
- မြန်မာ နယ်စပ်ဒေသ တစ်လျှောက် မတည်ငြိမ်မှုများ ဖြစ်ပေါ်နေခြင်း။
- နေပြည်တော်နှင့် ပြုံးယမ်း (မြောက်ကိုရီးယား) အကြား ဆက်ဆံရေးပုံစံ ပြောင်းလဲလာခြင်း။
- ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲနှင့်အတူ မြန်မာနိုင်ငံတွင်း အုပ်ချုပ်မှုပုံစံ ပြောင်းလဲမည့် အလားအလာ ရှိနေခြင်း စသည်တို့ ဖြစ်သည်။
ထို့ပြင် အမေရိကန် ပြည်ထောင်စု အနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လာမည့် အပြောင်းအလဲများနှင့် ပတ်သက်၍ အောက်ပါအချက်များကို မဖြစ်မနေ စဉ်းစားသင့်သည်ဟု Asia Society က ထောက်ပြသည်။
- ထိရောက်မှု ရှိသော ဆက်သွယ်ရေး လမ်းကြောင်းများ ဖြစ်ပေါ်ရေး
- အကူအညီပေးရေး အစီအစဉ်များကို စနစ်တကျ လုပ်ဆောင်ရေး
- ပြုပြင် ပြောင်းလဲမှုကို အသားပေးမည့် စီးပွားရေး ဆောင်ရွက်ချက်များ ကျင့်သုံးရေး
- မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပူးပေါင်း ဆောင်ရွက်ရေး
- အကယ်၍ လိုအပ်ပါက တိကျ တင်းကျပ်သော ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုများ ပြုလုပ်ရေးတို့ ဖြစ်သည်။
"အနောက်ကမ္ဘာ၊ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုက နှစ်ပေါင်းများစွာ ပိတ်ဆို့ အရေးယူမှုနှင့် အထီးကျန် ဖြစ်စေမှုတို့ကို အစွမ်းကုန် လုပ်ဆောင်ခဲ့သည့်တိုင် မြန်မာနိုင်ငံတွင်း အပြောင်းအလဲ ဖြစ်ပေါ်အောင် လုပ်ဆောင်နိုင်ခြင်း မရှိပေ။ ထို့အတူ အာရှ၏ ညင်သာ ပျော့ပြောင်းသော ချဉ်းကပ်မှုကလည်း မြန်မာနိုင်ငံတွင်း ပြောင်းလဲမှုများကို အနည်းငယ်သာ ဖြစ်ပေါ်စေခဲ့သည်" ဟု Project Director Suzanne DiMaggio က အစီရင်ခံစာတွင် သုံးသပ်ထားသည်။
"အမှန်တကယ် လိုအပ်နေတာက အမျိုးသားရေး၊ ဒေသတွင်းရေး၊ နိုင်ငံတကာအရေး စတဲ့ အဆင့်အတန်းတွေနဲ့ ကိုက်ညီမှုလည်း ရှိမယ်၊ သဟဇာတလည်း ဖြစ်မယ့် သံတမန်ရေး ချဉ်းကပ်မှု ပုံစံသစ် တစ်မျိုးပါ" ဟု ၎င်းက ပြောသည်။
အဆိုပါ Asia Society ၏ အစီရင်ခံစာကို "မြန်မာနိုင်ငံ၏ လက်ရှိ ပကတိ အခြေအနေမှန်နှင့် အနာဂတ် ဦးတည်ချက်များ" ဟု ခေါင်းစဉ်ပေးထားသည်။ အစီရင်ခံစာတွင် နိုင်ငံတကာ ပလေယာများ အနေဖြင့် ကျင့်သုံးသင့်သော မူဝါဒများကို အကြံပေး ရေးသားထားသည်။
Mizzima သတင်းကို ဘာသာပြန်ဆိုသည်။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.