Transparency Myanmar

transparency.myanmar@gmail.com

Thaindian.com, 12nd May 2010

အိန္ဒိယနိုင်ငံသည် ၎င်း၏ မီဇိုရမ်နယ်နှင့် ထိစပ်လျက်ရှိသော မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်များတွင် အကြမ်းဖက်သမားများနှင့် မှောင်ခိုများ ဖြတ်သန်းသွားလာခြင်းအား စောင့်ကြည့် စစ်ဆေးနိုင်ရန် လုံခြုံရေးကို ပိုမို တင်းကြပ်မည် ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရ တာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

"ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံမှာ ပုန်းအောင်းနေတဲ့ အရှေ့မြောက်က အကြမ်းဖက် သမားတွေဟာ မီဇိုရမ်ရဲ့ နိုင်ငံတကာ နယ်စပ်ကို စင်္ကြန်သဖွယ် တစ်ခါတစ်ရံ အသုံးပြုတယ် ဆိုတဲ့ သတင်းတွေ ရပါတယ်" ဟု မီဇိုရမ် ပြည်ထဲရေးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက သတင်းထောက်များအား ပြောကြားခဲ့သည်။

"မီဇိုရမ်ဟာ အိန္ဒိယရဲ့ အရှေ့မြောက်ဖက်မှာ ရှိပြီး ခွဲထွက်ရေးသမားများရဲ့ လှုပ်ရှားမှုများ မရှိဘူးလို့ ဆိုပေမဲ့ တခြား ပြည်နယ်တွေက အကြမ်းဖက်သမားတွေဟာ မီဇိုရမ်ရဲ့ နယ်စပ်ကို လုံခြုံတဲ့ စင်္ကြံသဖွယ် မကြာခဏ အသုံးပြုလေ့ ရှိပါတယ်" ဟု ၎င်းက ပြောသည်။

မီဇိုရမ်၏ အရှေ့ဘက်နှင့် တောင်ဘက်တွင် မြန်မာနိုင်ငံနှင့် အနောက်ဖက်တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ရှိပြီး၊ မီဇိုရမ်သည် နှစ်နိုင်ငံကြားတွင် တည်ရှိနေသည်။ ၎င်းသည် ၇၂၂ ကီလိုမီတာ ရှည်သော နိုင်ငံတကာ နယ်စပ်ရှိပြီး မြန်မာနိုင်ငံနှင့် ၄၀၄ ကီလိုမီတာ ထိစပ်နေပြီး၊ ဘင်္ဂလားဒေ့ရှ်နှင့် ၃၁၈ ကီလိုမီတာ ထိစပ်နေသည်။ နယ်စပ်၏ အစိတ်အပိုင်း အတော်များများသည် တောင်များ ရှိနေပြီး၊ ခြံစည်းရိုး ကာရံထားခြင်း မရှိသည့်အပြင် အလွယ်တကူ ဖြတ်သန်း သွားလာနိုင်သည့် အနေအထားတွင် ရှိသည်။

အာသံ ရိုင်ဖယ် တပ်မှူး ဒုတိယ ဗိုလ်ချုပ်ကြီး K.S. Yadava နှင့် နယ်စပ် လုံခြုံရေးတပ် တပ်မှူး Raman Srivastava တို့သည် ပြီးခဲ့သည့် အပတ်က မီဇိုရမ်တွင် အိန္ဒိယ-မြန်မာ၊ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကိစ္စများကို သီးခြားစီ သုံးသပ်ခဲ့ကြသည်။

"တပ်မှူး နှစ်ဦးစလုံးသည် မီဇိုရမ်မှ ဝန်ကြီး Lal Thanhawla နှင့် မြို့တော်ဝန် M M.Lakhera တို့အပြင် ထိပ်တန်း လုံခြုံရေး တာဝန်ရှိသူများနှင့် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် ထိစပ်နေသော နယ်စပ်များတွင် လုံခြုံရေး  ပိုမို တင်းကြပ်ရေး ဗျူဟာ ချမှတ်နိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်" ဟု အမည် မဖော်လိုသူ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

"အာသံရိုင်ဖယ် တပ်မှူးက မီဇိုရမ်ကို အရှေ့မြောက်တွင် ငြိမ်းချမ်းပြီး ဖွံ့ဖြိုး တိုးတက်သော စံပြ ဖြစ်စေလိုပြီး၊ တိုင်းပြည်တွင်လည်း အခြား အနှောင့်အယှက် ပေးနေသော ပြည်နယ်များ ကြားတွင် စံပြ အဖြစ် ရပ်တည်စေလိုကြောင်း သဘောထား ရှိခဲ့သည်။ သမိုင်းကြောင်းအရ မီဇိုရမ်သည် အာသံ ရိုင်ဖယ်နှင့် ရင်းနှီးသော အဆက်အသွယ်များ ရှိပြီး၊ တောင်ပေါ် မိတ်ဆွေများ အဖြစ် နှစ်ပေါင်း ၁၇၅ နှစ်ခန့် ရှိခဲ့ပြီ ဖြစ်သည်" ဟု မီဇိုရမ် အစိုးရ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် နယ်ခြား လုံခြုံရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားရာတွင် အိမ်နီးချင်း Tripura နှင့် အာသံတွင် သံဆူးကြိုး စည်းရိုး ကာရံပြီး ဖြစ်၍ ဝင်ရလွယ်သော မီဇိုရမ် နယ်စပ်မှ လက်နက်ကိုင် သူပုန်များ ဝင်ရောက်မည်ဟု ထောက်လှမ်းရေး သတင်း ရထားသောကြောင့် ကာကွယ်ရေး အင်အား (paramilitary trooper) များ ပိုမို တိုးချဲ့ချထားမည် ဖြစ်ကြောင်း ပြောခဲ့သည်။

နယ်စပ် လုံခြုံရေးတပ်၏ အာသံ - Meghalaya စစ်ဆေးရေးမှူးချုပ် Prithvi Raj Singh က Shillong မှ တယ်လီဖုန်းဖြင့် ပြောကြားရာတွင် ယမန်နှစ်က ဘင်္ဂလားဒေ့ရှ်သည် အရှေ့မြောက်မှ စစ်သွေးကြွများကို စစ်ဆင်ရေး ပြုလုပ်ခဲ့သောကြောင့် အဆိုပါ အကြမ်းဖက်များသည် ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့ အခြေစိုက်လျက် ရှိသည်ဟု ဆိုသည်။

လက်နက် ချပြီးသော United Liberation Front of Asom (ULFA) ကို ကိုးကား၍ နယ်စပ် လုံခြုံရေးမှ တာဝန်ရှိ ပုဂ္ဂိုလ်က ပြောကြားရာတွင် အိန္ဒိယ အရှေ့မြောက်မှ ပြောက်ကျားများသည် ထွက်ပြေးနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"အစွန်းရောက်တွေဟာ သူတို့ ရှေ့ဆက် လှုပ်ရှားဖို့ စားကျက်သစ် ရှာရတာ သဘာဝပါပဲ" ဟု Singh က ပြောသည်။

အိန္ဒိယ၏ အရှေ့မြောက် ပြည်နယ် လေးခု ဖြစ်သော မဏိပူရ၊ မီဇိုရမ်၊ နာဂပြည်နှင့် Arunachal Pradesh တို့သည် မြန်မာနိုင်ငံနှင့် ခြံစည်းရိုး ကာရံမထားသော နယ်စပ် ၁၆၄၃ ကီလိုမီတာ ထိစပ်နေပြီး၊ အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ် ၄၀၉၅ ကီလိုမီတာ ထိစပ်နေသည်။

နယ်စပ် အတော်များများကို ခြံစည်းရိုး ကာရံထားခြင်း မရှိဘဲ အလွယ်တကူ ဖြတ်သန်း သွားလာနိုင်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment