Transparency Myanmar

transparency.myanmar@gmail.com

BBC News, 12nd May 2010

ထိုင်းအစိုးရက ရှပ်နီ ဆန္ဒပြသူများအား "အထုပ်အပိုး သိမ်း၍ ချက်ချင်း အိမ်မပြန်ပါက ဘန်ကောက်မြို့လည် စခန်းချနေရာများသို့ ထောက်ပံ့နေသော လမ်းကြောင်း စတင် ဖြတ်တောက်တော့မည်" ဟု ပြောကြားလိုက်သည်။

အကယ်၍ မြို့တော်မှ ဖယ်ရှားပေးရန် ရှပ်နီများက ငြင်းဆန်ပါက ရွေးကောက်ပွဲ စော၍ ကျင်းပပေးမည့် ကတိကို ပယ်ဖျက်ဖွယ် ရှိသည်ဟု ဝန်ကြီးချုပ် အဘီဆစ်က ဆိုသည်။

မစ္စတာ အဘီဆစ်သည် ယခင်ကလည်း ပြင်းထန်စွာ အရေးယူရန် ခြိမ်းခြောက်ခဲ့ဖူးသော်လည်း လူအသေအပျောက် ရှိခဲ့သော ဧပြီ ၁၀ ရက် ဖြိုခွဲမှု နောက်ပိုင်းတွင် ထိုသို့ လုပ်ဆောင်ခြင်း မရှိတော့ပါ။

ဧပြီ ၁၀ ရက် သေဆုံးမှုများ အတွက် အစိုးရက တာဝန်ယူရန် ရှပ်နီများက လိုလားနေသည်။ အဆိုပါ ဖြိုခွဲမှုတွင် ဆန္ဒပြသူ ၁၉ ဦး၊ သတင်းထောက်တစ်ဦးနှင့် စစ်သား ၅ ဦး သေဆုံးခဲ့ရခြင်း အတွက် ဆန္ဒပြသူများက အစိုးရသို့ အပြစ်တင်ခဲ့ကြသည်။

လက်ဝဲယိမ်း အုပ်စု၊ ဒီမိုကရေစီ အုပ်စုနှင့် ပြည်ပရောက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသူ အုပ်စုတို့ ပူးပေါင်းထားသည့် ရှပ်နီ ဆန္ဒပြသူများက လက်ရှိ အစိုးရသည် ရွေးကောက်ပွဲဖြင့် တင်မြှောက်သော အစိုးရ မဟုတ်ဘဲ လွှတ်တော်တွင်း အပေးအယူလုပ်၍ တက်လာခြင်း ဖြစ်သဖြင့် တရားမဝင်ဟု စွပ်စွဲထားသည်။

၎င်းတို့သည် ဆန္ဒပြပွဲများကို မတ်လ ၁၄ ရက်တွင် စတင်ခဲ့ကြပြီး ရွေးကောက်ပွဲ အသစ် ကျင်းပပေးရန် တောင်းဆိုထားသည်။

ကာလ အတန်ကြာ ခါးသီးသော ပဋိပက္ခအတွင်း အတော်အတန် ငြိမ်သက်နေခဲ့ပြီးနောက် ဆန္ဒပြသူများအား ဗုဒ္ဓဟူးနေ့ နောက်ဆုံးထား၍ မြို့တော်မှ ထွက်ခွာကြရန် အမိန့်ပေးသော အစိုးရ၏ ရာဇသံ ထွက်ပေါ်လာခြင်း ဖြစ်သည်ဟု BBC သတင်းထောက် Rachel Harrey က ပြောကြားသည်။

နိုဝင်ဘာ ရွေးကောက်ပွဲနှင့် အမျိုးသား ပြန်လည် စေ့စပ်ရေး ကိစ္စများ ပါဝင်သော ဝန်ကြီးချုပ်၏ အစီအစဉ်ကို ဆန္ဒပြ ခေါင်းဆောင်များက ကျယ်ကျယ်ပြန့်ပြန့် လက်ခံခဲ့သည်။

သို့ရာတွင် ဒုတိယ ဝန်ကြီးချုပ် ဆူသက် သောင်ဆူဘန်အား ဧပြီလတွင် မအောင်မြင်သော နှိမ်နင်း ဖြိုခွဲမှုများတွင် ပတ်သက် ဆက်နွယ်မှုဖြင့် တရားစွဲဆိုရန် ကိစ္စ အပါအဝင် တောင်းဆိုချက် အချို့ကို ရှပ်နီများက ထပ်မံ တင်ပြလာသည်။

ဆန္ဒပြသူ ၄၀ ကျော်မှာ အရေးပေါ် ဥပဒေကို ချိုးဖောက်ကာ အကြမ်းဖက်မှုဖြင့် တရားစွဲဆိုမှုများကို ၎င်းတို့ဘာသာ ရင်ဆိုင်နေကြသည်။

ယခုအခါ လိုက်လျော ညှိနှိုင်းမှုများကို ရပ်တန့်ရမည့် အချိန် ဖြစ်သည်ဟု အစိုးရက ဆုံးဖြတ်ခဲ့ပုံရကြောင်း BBC သတင်းထောက်က ပြောကြားသည်။

 

အရေးယူ ကိုင်တွယ်ပြီ

အင်္ဂါနေ့ည လွှတ်တော်တွင် မိန့်ခွန်း ပြောကြားရာ၌ ၎င်းအနေဖြင့် စိတ်ရှည် သည်းခံခဲ့သည်ဟု အဘီဆစ်က ထုတ်ဖော် ပြောကြားခဲ့သလို လက်နက်ကိုင် တပ်ဖွဲ့ တပ်မှူးကလည်း ဗုဒ္ဓဟူးနေ့ မနက်တွင် ဆန္ဒပြမှုများ ရုတ်သိမ်းကြရန် ထပ်မံ သတိပေးခဲ့သည်။

လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့များ အနေဖြင့် အရေးယူ ဆောင်ရွက်မှုကို လျင်မြန်စွာ လုပ်ဆောင်ရန် လိုအပ်သည်ဟု အင်္ဂါနေ့တွင် အစိုးရက ဆုံးဖြတ်ခဲ့သည်ဟု အဘီဆစ်က သတင်းထောက်များအား ပြောကြားသည်။

"အခုလို ပိတ်ဆို့ ဖြတ်တောက်တော့မယ်ဆိုရင် ဆန္ဒပြသမားတွေ သာမကဘဲ ဒီနယ်မြေမှာ နေတဲ့သူတွေ၊ အလုပ်လုပ်တဲ့သူတွေကိုပါ ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် ဆန္ဒပြသူတွေ မနက်ဖြန် အိမ်ပြန်ပြီး စိတ်ရင်းအမှန် ပြသကြဖို့ တောင်းဆိုချင်ပါတယ်။ ပြန်လည် စေ့စပ်ရေး ကိစ္စကို သူတို့ တကယ် လိုလားတယ်ဆိုရင် တခြား ကိစ္စတွေကို နောက်မှ ဆွေးနွေးလို့ ရပါတယ်" ဟု ၎င်းက ဆိုသည်။

"ဒီနေ့ မပြန်ကြဘူးဆိုရင် အရေးယူတဲ့ အစီအစဉ် စတော့မယ်"ဟု လုံခြုံရေးတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဆင်ဆန်ကော့ကမ်နတ်က ပြောကြားသည်။

"ဒီနေ့ည သန်းခေါင်ကျော်ရင် စတော့မယ်။ လျှပ်စစ်မီး၊ ရေ၊ တယ်လီဖုန်းတွေ ဖြတ်မယ်။ ဘတ်စ်ကား၊ ရထား၊ ရေကြောင်း ပို့ဆောင်ရေးစနစ်တွေ အကုန် ပိတ်ဆို့ထားမယ်။ အစားအသောက်တွေပါ မရအောင် ဖြတ်မယ်"ဟု ၎င်းက ဆိုသည်။

ထောင်ပေါင်းများစွာသော ဆန္ဒပြသူများ ဘန်ကောက်မြို့လည်တွင် ရောက်ရှိနေသည်မှာ ၂ လခန့် ရှိပြီ ဖြစ်သည်။ ရှပ်နီတို့၏ စခန်းများတွင် ကိုယ်ပိုင်မီးစက်များနှင့် ဒီဇယ် ထောက်ပံ့မှုများ ရှိသလို သောက်ရေ၊ သုံးရေများကိုလည်း သိုလှောင်ထားသည်။ မြို့လည်ခေါင် အချက်အခြာ နေရာများကို ၎င်းတို့ သိမ်းပိုက်ထားသဖြင့် ဈေးဆိုင်များ၊ ဟိုတယ်များ ပိတ်ထားကြရသည်။

ဘန်ကောက် အထက်တန်းလွှာ ကလေးများနေသော ကျောင်းများစွာမှာ ရှပ်နီတို့၏ စခန်းချ နယ်မြေထဲတွင် ရောက်ရှိနေပြီး လာမည့် အပတ်တွင် စာသင်နှစ်အသစ် စတင်ချိန် ရောက်နေပြီ ဖြစ်သည်။

ကြန့်ကြာနေသော ကြေညာချက်ကို တနင်္လာနေ့ညတွင် ထုတ်ပြန်ရာ၌ ရှပ်နီများက ဝန်ကြီးချုပ်၏ နိုဝင်ဘာ ၁၄ ရက် ရွေးကောက်ပွဲ အစီအစဉ်ကို လက်ခံသော်လည်း ဒုတိယ ဝန်ကြီးချုပ် ရဲများထံ အဖမ်းမခံမချင်း၊ မိမိတို့ အိမ်ပြန်မည် မဟုတ်ဟု ပြောကြားခဲ့ကြသည်။

လူ ၂၅ ဦး သေဆုံးခဲ့သော မအောင်မြင်သည့် ဧပြီလ ၁၀ ရက် အကြမ်းဖက် ဖြိုခွဲမှုကို ဒုတိယ ဝန်ကြီးချုပ် ဆူသက်က ဦးဆောင် ကြီးကြပ်ခဲ့ခြင်း ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment