Transparency Myanmar

transparency.myanmar@gmail.com

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆန္ဒပြအုပ်စုများ စုဝေးရာနေရာကို ထိုင်းစစ်တပ်မှ လုံခြုံရေး တပ်ဖွဲ့ဝင်များက လက်နက်တပ်ဆင်ထားသော စစ်ယာဉ်များဖြင့် ဝိုင်းရံပြီး လူစုခွဲပစ်ရန် စီစဉ်လျက်ရှိ ကြောင်းသိရသည်။

ထိုင်းလုံခြုံရေးတပ်ဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ်က ခြေကားရား လက်ကားရားနှင့် ဖြစ်ချင်တိုင်း ဖြစ်နေသော ဆန္ဒပြလူအုပ်ရှိရာ နေရာကို ညနေပိုင်း ၆ နာရီတွင် အပြီးသတ် ပိတ်ပင်မည်ဖြစ်ကြောင်း၊ ဆန္ဒပြသမားများအား ထိုနေရာမှ လွတ်လပ်စွာ ထွက်သွားခွင့်ပြုမည်ဖြစ်သော်လည်း ပြန်လည် ဝင်ရောက်ခွင့် ပြုတော့မည် မဟုတ်ကြောင်း ပြောကြားသည်။

ထိုင်းအစိုးရက ဆန္ဒပြလူအုပ်ကြီး စုဝေးရာ နေရာသို့ ဝင်ရောက်နေသော ရေ၊ မီးနှင့် အခြားသော အစားအသောက် အထောက်အပံ့များ လမ်းကြောင်းကို ပိတ်ဆို့ရန် စီစဉ်ခဲ့သော်လည်း ပြန်လည် ဖျက်သိမ်းခဲ့သည်။ ထို့နောက် ယခုလို လူအုပ်ကြီး စုဝေးရာနေရာကို ပိတ်ဆို့ဝိုင်းရံကာ ရှင်းထုတ်တော့မည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင် နာဝပ်ကို လိုလားသော အဆိုပါ ရှပ်နီဝတ် ဆန္ဒပြသူများသည် ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့မှစ၍ မြို့တော်ဘန်ကောက်၏ အချက်အခြာ ကျသော နေရာအတော်များများကို သိမ်းပိုက်ခဲ့ကြသည်။ ရှပ်နီဆန္ဒပြ အုပ်စုက လက်ရှိဝန်ကြီးချုပ် အဘီဇစ် ဝိဇ္ဇာဝီရ အနေဖြင့် ပါလီမန်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲ အသစ်တစ်ရပ် ကျင်းပပေးရန် တောင်းဆို ထားကြသည်။

ဝန်ကြီးချုပ် အဘီဇစ်က လာမည့် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည် ဟု  ကမ်းလှမ်းခဲ့သည်။ သို့သော် ဧပြီလအတွင်းက ဖြစ်ပွားခဲ့သော ဆန္ဒပြသူများအပေါ် အင်အားသုံး ဖြိုခွင်းမှုအတွက် မည်သူမည်ဝါက တာဝန်ယူမည်ဟူသော ကိစ္စကြောင့် နှစ်ဦးနှစ်ဖက် သဘောတူညီမှု မရရှိခဲ့ကြပေ။

ယခုလို စစ်တပ်က ဆန္ဒပြအုပ်စုကြီးကို လူစုခွဲရန် ကြိုးပမ်းပါက သွေးထွက်သံယိုမှုများ ပိုမိုဖြစ်ပေါ်လာနိုင်သည်ဟု ဘန်ကောက်ရောက် BBC သတင်းထောက် Rachel Harvey က ပြောကြားသည်။

ဆန္ဒပြလူအုပ်ကြီးစုဝေးရာ နေရာတစ်ဝိုက်မှ စီးပွားရေးလုပ်ငန်းများနှင့် ဈေးဆိုင်များအား သတ်မှတ်ချိန် မတိုင်မီ နောက်ဆုံးထား၍ ပိတ်ပေးရန် ထိုင်းစစ်တပ်က တောင်းဆိုထားသည်။ "ညနေ ခြောက်နာရီလောက်မှာ ဆန္ဒပြလူအုပ်ကြီး စုဝေးတဲ့နေရာကို စစ်တပ်က ဝိုင်းရံပိတ်ပင်မှာပါ။ လက်နက် တပ်ဆင်ထားတဲ့ စစ်သုံးယာဉ်တွေနဲ့ ပိတ်ပင်ပစ်မှာပါ။ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးပါဘူး" ဟု ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး Sunsern Kaewkummnerd ကပြောကြားသည်။

ဆန္ဒပြလူအုပ်ကြီးများနှင့် နီးကပ်သော ကောင်းကင်ရထား ဘူတာရုံလေးခုကိုလည်း အဆိုပါ အချိန်တွင် ပိတ်ပင်မည်ဖြစ်သည်ဟု ဘန်ကောက် သယ်ယူပို့ဆောင်ရေး အာဏာပိုင်များက ပြောကြားသည်။

ရှပ်နီဆန္ဒပြအုပ်စုများသည် ဘန်ကောက်မြို့ရှိ ဈေးဝယ်စင်တာများရှိရာ နေရာမှ စီးပွားရေးအရ အချက်အခြာကျသော နေရာများအထိ သိမ်းပိုက်ထားခဲ့သည်။ ၎င်းတို့က အဆိုပါ နေရာများတွင် မော်တော်ကား တာရာများ၊ ဝါးများဖြင့် အဟန့်အတားများ ပြုလုပ်ထားသည်။ အဆိုပါ အဟန့် အတားများ နောက်တွင် မီးစက်များ၊ စားသောက်စရာများ ထားရှိကြသည်။

ထိုင်းနိုင်ငံရေး အကျပ်အတည်းအတွက် အစိုးရနှင့် ဆန္ဒပြသူများအကြား ညှိနှိုင်းအဖြေရှာမည် ဟူသော အသံများ ပျောက်ကွယ်သလို ဖြစ်သွားပြီးနောက် ယခုလို စစ်တပ်က ဖြိုခွင်းမည်ဟု ကြေညာလိုက်ခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ဝန်ကြီးချုပ် အဘီဇစ်ကလည်း နိုဝင်ဘာတွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟူသော ကမ်းလှမ်းချက်ကို ပြန်လည်ရုပ်သိမ်းပါကြောင်း သတင်းထောက်များကို ပြောကြားသည်။

"ရွေးကောက်ပွဲ ကျင်းပမယ့်နေ့ကို ကျွန်တော်ဖျက်သိမ်း လိုက်ပါပြီ။ ဘာကြောင့်လဲဆိုတော့ ဆန္ဒပြတဲ့ သူတွေက လူစုမခွဲပေးဘူးလို့ ငြင်းပယ်ခဲ့လို့ပါပဲ" ဟု မစ္စတာ အဘီဇစ်က ပြောဆိုသည်။ "ဖြစ်နိုင်ရင် အမြန်ဆုံး နဂိုအခြေအနေအတိုင်း ပြန်ဖြစ်အောင်လုပ်ပေးဖို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ကျွန်တော် ပြောလိုက်ပါပြီ" ဟု ဆိုသည်။

လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက အစိုးရနှင့် ဆန္ဒပြအဖွဲ့အကြား အပေးအယူလုပ်သည့် ကိစ္စမှာ အတိုင်းအတာ တစ်ခုအထိ အောင်မြင်သည့် အနေအထားသို့ ရောက်ရှိခဲသည် သို့သော် ဆန္ဒပြ အုပ်စုများက ဧပြီလ ၁၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဖြိုခွင်းမှုနှင့်ပတ်သက်၍ ထိုင်း ဒုတိယဝန်ကြီးချုပ် Suthep Thaugsuban ကို အရေးယူပေးပါရန် တောင်းဆိုခဲ့သောကြောင့် ပြန်လည် ပျက်ပြယ်သွားခြင်း ဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။

မစ္စတာ Suthep Thaugsuban က ဆန္ဒပြအုပ်စုများ ဖြိုခွင်းမှုကို ဦးဆောင်လုပ်ကိုင်ခဲ့ရာတွင် အစီအစဉ်များ လွဲမှားသောကြောင့် ဆန္ဒပြသူ ၁၉ ဦး၊ သတင်းထောက် တစ်ဦးနှင့် စစ်သား ၅ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ စစ်တပ်က လူစုခွဲမည်ဟု ကြေညာလိုက်ပြီးနောက် ရှပ်နီဝတ် ဆန္ဒပြသူများ ဘက်ကလည်း ပုန်ကန်တော်လှန်မည့် အနေအထားများ ပြသခဲ့ကြသည်။ "ကျွန်တော်တို့ကို ထောက်ခံတဲ့ သူတွေအနေနဲ့ ကျွန်တော်တို့နဲ့ လာရောက်ပူးပေါင်းပြီး အကူအညီပေးဖို့ တိုက်တွန်း ပါတယ်။ ကျွန်တော်တို့ လူအင်အားကောင်းလေ သူတို့အနေနဲ့ ကျွန်တော်တို့ကို နာကျင်ထိခိုက်အောင် လုပ်ဖို့ခက်လေပါပဲ" ဟု ဆန္ဒပြခေါင်းဆောင်က လူအုပ်ကြီးကို ပြောဆိုသည်။

"ကျွန်တော်တို့ကို အင်အားသုံး လူစုခွဲဖို့ကြိုးစားနေတာတွေကို ရင်ဆိုင်ဖို့ အသင့်ပါပဲ။ ကျွန်တော်တို့ရဲ့ အစောင့်တွေကလည်း ကျွန်တော်တို့ဘက်ကို ကာကွယ်ပေးဖို့ အသင့်ဖြစ်နေပါပြီ" ဟု ဆိုသည်။

ရှပ်နီဆန္ဒပြသူများသည် နိုင်ငံရေးအရ လုပ်ပိုင်ခွင့် ဆုံးရှုံးခဲ့ကြရသော လက်ဝဲယိမ်းသမားများ ဖြစ်ကြသည်။ ထို့ပြင် ၎င်းတို့သည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် အတွက် ဒီမိုကရေစီရေး လှုပ်ရှားသူများလည်း ဖြစ်သည်။

လက်ရှိအစိုးရသည် ရွေးကောက်ပွဲ ကြောင်းအရ မဟုတ်ဘဲ ပါလီမန် တွင်း အပေးအယူပြုမှု ဟူသော အကြောင်းကိစ္စဖြင့် ဖွဲ့စည်းထားသောကြောင့် တရားမဝင်ကြောင်း ရှပ်နီဆန္ဒပြသမားများက စွပ်စွဲပြောဆိုထားသည်။

BBC သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment