Transparency Myanmar

transparency.myanmar@gmail.com

Manila Times, 7th June 2010

      မြန်မာနိုင်ငံတွင် ယခု နှစ်ကုန် ကျင်းပမည်ဟု မျှော်လင့်ရသော ရွေးကောက်ပွဲများ အတွက် အာဆီယံ၏ အကူအညီကို ကြိုဆိုသည့် လက္ခဏာများကို မြန်မာအစိုးရက သဲသဲကွဲကွဲ ပြသခဲ့ခြင်း မရှိဟု အရှေ့တောင် အာရှ အိမ်နီးချင်းများက တနင်္ဂနွေနေ့တွင် ပြောကြားသည်။ အာဆီယံနှင့် ဥရောပ သမဂ္ဂတို့က မြန်မာနိုင်ငံအား ရွေးကောက်ပွဲများကို လက်ခံယုံကြည်ဖွယ် ရှိအောင်၊ ပွင့်လင်း မြင်သာအောင် ကျင်းပရန် တိုက်တွန်းခဲ့ကြသည်။

      "သဲကွဲတဲ့ တုန့်ပြန်မှုကို ကျွန်တော်တို့ မရသေးပါဘူး။ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေက အကူအညီပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကမ်းလှမ်းချက်က စားပွဲပေါ်မှာပဲ ရှိနေပါသေးတယ်" ဟု အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ် ဆူဝမ်က အရှေ့အာရှဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်၏ အဝန်းအဝိုင်းတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

      "မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ အပြစ်ကင်း ပြည့်စုံဦးမှာ မဟုတ်ပေမယ့် အစစ်အမှန် ဒီမိုကရေစီကို ဖော်ဆောင်ပေးမယ့် လုပ်ငန်းစဉ်ကိုတော့ စတင်နိုင်ဖို့ ရှိနေပါတယ်" ဟု ဆူရင်က မက်ဒရစ်မြို့တွင် ယခင်လက ပြောကြားခဲ့သည်။

      အာဆီယံ အဖွဲ့တွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံတို့ ပါဝင်ဖွဲ့စည်းထားသည်။

      လာမည့် ရွေးကောက်ပွဲများသည် တရားဝင် အသိအမှတ်ပြုခံရမည် မဟုတ်ဟု နိုင်ငံတကာက စိုးရိမ် ပူပန်နေသည့် ကြားမှ မြန်မာ အစိုးရ အာဘော် သတင်းစာက "မိမိတို့နိုင်ငံသည် ရွေးကောက်ပွဲများကို စောင့်ကြည့် လေ့လာမည့် နိုင်ငံခြား အကဲခတ်များကို မလိုအပ်ပါ" ဟု ယခင်လတွင် ဖော်ပြခဲ့သည်။

      တကမ္ဘာလုံးက ကျယ်ကျယ်ပြန့်ပြန့် ပြစ်တင် ဝေဖန်ကြသည့် ရွေးကောက်ပွဲ ဥပဒေ စည်းမျဉ်းများကြောင့် အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှာ အတင်းအကျပ် ဖျက်သိမ်းခံခဲ့ရသည်။

      NLD ပါတီသည် ၎င်းတို့၏ ပါတီခေါင်းဆောင်ကို ထုတ်ပယ်ရန် အတင်း ဖိအားပေးထားသည့် ရွေးကောက်ပွဲ ဥပဒေကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်ကာ မေလ ၆ ရက် နောက်ဆုံးထား၍ ပါတီမှတ်ပုံတင်ရန် ငြင်းဆန်ခဲ့သည်။

      ပါတီခေါင်းဆောင် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်မှာ ယခုအချိန်အထိ ၁၄ နှစ်ခန့် နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခြင်း ခံနေရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment