Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်တွင် အခြေစိုက်သည့် တရားမဝင် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ညီညွတ်သော အာသံပြည် လွတ်မြောက်ရေးတပ်ဦး (ULFA) မှ ထိပ်ပိုင်းခေါင်းဆောင်များနှင့် တပ်ရင်းမှူးများ မကြာမီကာလတွင် လက်နက်ချကာ ငြိမ်းချမ်းရေး ဖော်ဆောင်လာဖွယ်ရှိကြောင်း အိန္ဒိယပြည် ဟိန္ဒူထဲရေးဝန်ကြီး G K Pillai က ပြောကြားသည်။

"မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်မှာ ခြေကုပ်ယူလှုပ်ရှားနေတဲ့ ULFA အဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်နဲ့ တပ်ရင်းမှူးတချို့က သူတို့အနေနဲ့ အလင်းဝင်ဖို့ ဆန္ဒရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်" ဟု ပြည်ထဲရေးဝန်ကြီး Pillai က IANS သတင်းဌာနနှင့် အင်တာဗျူးခန်းတွင် ပြောကြားသည်။

မစ္စတာ Pillai သည် လုံခြုံရေးအခြေအနေများကို စောင့်ကြည့်လေ့လာရန် Meghalaya ဒေသသို့ သုံးရက်တာခရီးအဖြစ် သွားရောက် လည်ပတ်ခဲ့သည်။ "အာသံအစိုးရကတော့ ULFA လက်နက်ကိုင် အဖွဲ့နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကနဦး အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ပြီးပါပြီ။ အဲဒီလို အေးအေးချမ်းချမ်း ဖြစ်လာတာကို ကျွန်တော်တို့က အကောင်းမြင်ပါတယ်" ဟု မစ္စတာ Pillai က ပြောသည်။

ရှာဖွေရခက်ခဲ့သော ULFA လက်နက်ကိုင်အဖွဲ့၏ စစ်ဦးစီး Paresh Baruah ရှိနေခြင်းသည် ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် လွန်စွာအရေးကြီးကြောင်း၊ သို့သော် အကယ်၍ Paresh Baruah သာ ဒိုင်ယာလော့ခ် မလုပ်ပါက ၎င်းကိုယ်တိုင် ကျင်းထဲကျပ်ထဲ အနေအထားမျိုးသို့ ရောက်ရှိမည်ဖြစ်ကြောင်း မစ္စတာ Pillai က ပြောသည်။ "တကယ်လို့ အာသံပြည်သူတွေရဲ့ ခံစားချက်ကို အရေးမစိုက်ဘဲနေမယ်၊ တစ်ပြားသားမှ အလျှော့မပေးဘဲ လုပ်နေမယ်ဆိုရင် Paresh Baruah ဟာ ဘေးရောက်သွားမှာပါ" ဟု ၎င်းကဆိုသည်။

မေလ နောက်ဆုံးရက်သတ္တပတ်တွင် အာသံပြည်နယ် အုပ်ချုပ်ရေးမှူး Tarun Gogoi က ULFA လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်ပိုင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်ရန် စတင် အကောင်အထည် ဖော်ခဲ့သည်။

အာသံပြည်နယ် ကက်ဘိနက်အဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်း မစ္စတာ Tarun Gogoi က လုပ်ဆောင်ခြင်း ဖြစ်သည်။ သတင်းများအရ ယခုအခါ ULFA ခေါင်းဆောင်ခြောက်ဦးမှာ ဖမ်းဆီးခံ အကျဉ်းချခံထားရသည်။ ယင်းတို့မှာ ULFA ဥက္ကဋ္ဌ Arabinda Rajkhowa၊ ဒုတိယ စစ်ဦးစီးချုပ် Raju Baruah၊ နိုင်ငံခြားရေးအကြီးအကဲ Sasha Choudhury၊ ဘဏ္ဍာရေး အတွင်းရေးမှူး Chitraban Hazarika၊ ယဉ်ကျေးမှုဆိုင်ရာ အတွင်းရေးမှူး Pranati Deka နှင့် နိုင်ငံရေးအကြံပေး Bhimkanta Buragohain တို့ဖြစ်သည်။

ULFA  ဒုတိယ ဥက္ကဋ္ဌ Pradeep Gogoi နှင့် ခေါင်းဆောင် Mithinga Daimary တို့မှာ အာမခံဖြင့် လွတ်မြောက်လျက်ရှိပြီး ၎င်းတို့သည် ယခုအခါ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ပြည်သူ့ဆန္ဒ ရယူရန် ကြိုးပမ်းလျက်ရှိသည်။ ပုန်ကန်ခွဲထွက်မှုများ ဆက်လက်လုပ်ကိုင်နေသူ ထိပ်ပိုင်း ခေါင်းဆောင်မှာ Paresh Baruah သာဖြစ်သည်။

"Paresh Baruah ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နဲ့ မြန်မာနိုင်ငံကြားက နယ်စပ်ဒေသက တစ်နေနေရာမှာရှိနေမှာ" ဟု မစ္စတာ Pillai ကပြောသည်။ ULFA အထွေထွေ အတွင်းရေးမှူး Anup Chetia မှာ ၁၉၉၇ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး နောက်ပိုင်း ယနေ့အချိန်အထိ ဘင်္ဂလားဒေ့ရှ်  အကျဉ်းထောင်တွင် ခိုလှုံနေရဆဲဖြစ်သည်။ Anup Chetia ၏ ထောက်ဒဏ်သက်တမ်းမှာ စေ့သွားပြီဖြစ်သော်လည်း နိုင်ငံရေးခိုလှုံခွင့် ရယူရန် ကြိုးပမ်းနေသောကြောင့် ဘင်္ဂလားဒေ့ရှ်တွင်ပင် ဆက်လက်နေထိုင်နေခြင်း ဖြစ်သည်။

"Anup Chetia က နိုင်ငံရေးခိုလှုံခွင့်ရဖို့ လုပ်နေတဲ့အတွက်ကြောင့် ပြစ်မှုတွေ လွှဲပြောင်းပေးရေးနဲ့ ပတ်သက်ပြီး ပြဿနာတွေဖြစ်နေတယ်" ဟု မစ္စတာ Pillai ကပြောသည်။ မည်သို့ပင်ဆိုစေ အာသံပြည်နယ်တွင် ULFA နှင့် National Democratic Front of Bodoland (NDFB) လက်နက်ကိုင်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုများ ဖြစ်ပေါ်လာဖွယ်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးက ဆိုသည်။

NDFB အဖွဲ့ခေါင်းဆောင် Ranjan Daimary အား ဘင်္ဂလားဒေ့ရှ်အစိုးရက အိန္ဒိယနိုင်ငံသို့ လွှဲပြောင်းပေးလိုက်ပြီ ဖြစ်သည်။ သူသည် ယခုအခါ အာသံပြည်နယ် ရဲဘက်အကျဉ်းထောင်တွင် ဖမ်းဆီး ထိန်းသိမ်းခံရသည်။

IANS သတင်းဌာန၏ သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment