Transparency Myanmar

transparency.myanmar@gmail.com

Yonhap, By Hwang Doo-hyong, 4th June 2010

အမေရိကန် ပြည်ထောင်စုသည် သောကြာနေ့က မြန်မာနိုင်ငံအား ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် ဖြစ်သော မြောက်ကိုရီးယားနှင့် လက်နက် ဖလှယ်မှု ပိတ်ပင်ထားခြင်းကို လိုက်နာရန် တောင်းဆိုခဲ့သည်။ မြောက်ကိုရီးယားမှာ တောင်အာရှနိုင်ငံများသို့ နျူကလီယာနှင့် ဒုံးကျည် နည်းပညာများ ပေးလျက် ရှိသည်ဟု သံသယ ရှိနေကြသည်။

"ကျွန်တော်တို့ဟာ မြန်မာနိုင်ငံကို လက်နက် မပြန့်ပွားရေး အပါအဝင် နိုင်ငံတကာ လိုက်နာရမယ့် တာဝန်တွေကို ကျင့်သုံးနိုင်ရေး အတွက် အားပေးသွားမှာပါ" ဟု နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Philip Crowley က ပြောကြားခဲ့သည်။ "မြန်မာနိုင်ငံရဲ့ ရည်ရွယ်ချက်တွေနဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကို နိုင်ငံတကာက စိုးရိမ် ပူပန်တာကို ကျွန်တော်တို့ ခံစား နားလည်ပါတယ်။ တခြားနိုင်ငံတွေနဲ့အတူ ကျွန်တော်တို့ကလည်း မြန်မာနိုင်ငံကို နိုင်ငံတကာက စောင့်ထိန်းတဲ့ ကျင့်ဝတ်တွေကို လိုက်နာမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ဟာ မြောက်ကိုရီးယားနဲ့ မြန်မာရဲ့ အသွားအလာကို စောင့်ကြည့်သွားမှာပါ" ဟု Crowley က ပြောခဲ့သည်။

Crowley ၏ ပြောကြားချက်များမှာ မြန်မာ စစ်တပ်မှ ထွက်ပြေးလာသူ တစ်ဦး၏ မြန်မာနိုင်ငံသည် နျူကလီယာ လက်နက်များနှင့် တာဝေးပစ် ဒုံးကျည် ထုတ်လုပ်ရေး အတွက် မြောက်ကိုရီးယားနှင့်အတူ အလုပ်လုပ်ကိုင်လျက် ရှိကြောင်း ပြောဆိုမှုကို အခြေခံသော အစီရင်ခံစာအား တုန့်ပြန်ထားခြင်း ဖြစ်သည်။

ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များမှာ မြောက်ကိုရီးယား၏ နျူကလီယာနှင့် ဒုံးကျည် စမ်းသပ်မှုများကြောင့် ထွက်ပေါ်လာခဲ့ရခြင်း ဖြစ်သည်။ အဆိုပါ ဆုံးဖြတ်ချက်အရ ဆင်းရဲ မွဲတေသော်လည်း နျူကလီယာ လက်နက် ပိုင်ဆိုင်သော ကွန်မြူနစ်နိုင်ငံ အပေါ် လက်နက် အားလုံးနှင့် စီးပွားရေးအရ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

အမေရိကန် ပြည်ထောင်စု အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell သည် ပြီးခဲ့သည့် လက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး မြန်မာ အစိုးရအား ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် ဖြစ်သော မြောက်ကိုရီးယားနှင့် လက်နက် ရောင်းဝယ်ရေးကို တားမြစ် ပိတ်ပင်ထားမှုအား လိုက်နာရန်နှင့် လူ့အခွင့်အရေး မှတ်တမ်းများ တိုးတက်မှု ရှိရေး ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။

အမေရိကန် ဆီနိတ်တာ Jim Webb သည် မြန်မာနိုင်ငံမှာ စစ်ရေးအရ မြောက်ကိုရီးယားနှင့် ဆက်သွယ်မှုများ ရှိကြောင်း စွပ်စွဲချက်အရ ကြာသပတေးနေ့က မြန်မာနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။

Webb က ပြောကြားရာတွင် ၎င်းအနေဖြင့် ပိုမို ပွင့်လင်းသော အစိုးရ စနစ် တဖြည်းဖြည်း ဖြစ်ပေါ်လာရေးနှင့် အရှေ့တောင်အာရှတွင် အနာဂတ် မဟာဗျူဟာ ချိန်ခွင်လျှာ ညီမျှရေး အတွက် ဆွေးနွေးမှုများ ဆက်လက် ရှိနေဦးမည်ဟု ယုံကြည်နေသေးကြောင်း ပြောကြားခဲ့သည်။

"ဒါပေမယ့် အပြုသဘော ဆောင်တဲ့ ဆွေးနွေးမှုများဟာ အထက်က ပြောခဲ့တဲ့ အချက် နှစ်ခု ရှင်းလင်းမှသာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်" ဟု Webb က ပြောသည်။

Webb သည် ပြီးခဲ့သည့် သြဂုတ်လက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ဝင်း အတွင်း ရေကူးဝင်ရောက်မှုကြောင့် ဖမ်းဆီးထားသော အမေရိကန် နိုင်ငံသား John Yettaw အား လွတ်မြောက်အောင် ကြိုးပမ်းနိုင်ခဲ့ပြီး၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်လည်းကောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်းကောင်း တွေ့ဆုံခဲ့သည်။

 

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment