Transparency Myanmar

transparency.myanmar@gmail.com

English.news.cn, 7th June 2010

ဆန်းသစ် တီထွင်ခြင်း၊ အနာဂတ် ရှုမျှော်ခြင်းတို့ကြောင့် လူသိများသော ဥရောပ အခြေစိုက် ကမ္ဘာ့စီးပွားရေး ဖိုရမ် WEF သည် စိတ်ဝင်စားစရာ ကောင်းသော အတွေးအခေါ် ဦးစားပေး အကြောင်းအရာကို ယခုနှစ် WEF အရှေ့အာရှဆိုင်ရာ ဖိုရမ်အတွက် ရွေးချယ်ခဲ့ပြီး အာရှတိုက်၏ ဦးဆောင်မှု အစီအစဉ်ကို ပြန်လည် စဉ်းစား သုံးသပ်ခဲ့ကြသည်။

နှစ်ရက်ကြာ ဆွေးနွေးပွဲ အတွင်း ထွက်ပေါ်ခဲ့သော မှတ်ချက်သည် စီးပွားရေး အဖွဲ့အစည်းနှင့် နိုင်ငံပေါင်း ၅၀ ကျော်မှ တက်ရောက်လာသော ကိုယ်စားလှယ်များအကြား များစွာ ဆွဲဆောင်နိုင်ခဲ့သည်။ ကမ္ဘာ့စီးပွားရေး အကျပ်အတည်း၏ အကျိုးဆက် အာရှ၏ လိုအပ်ချက်ကို အလေးပေးလာမှုနှင့် တစ်ကမ္ဘာလုံး ပူးပေါင်း ဆောင်ရွက်ရေး အတွက် ထိရောက်သော ပြင်ပ ဆက်ဆံရေးကို ပြုလုပ်နိုင်စွမ်းရှိမှု စသည်တို့ကြောင့် ကမ္ဘာ့စီးပွားရေး ပါဝါဟန်ချက်တွင် အပြောင်းအရွှေ့ ဖြစ်ပေါ်နေသည်။

အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က "လွန်ခဲ့သော နှစ်နှစ်တာသည် အာရှတိုက်၏ အနေအထားကို သိသိသာသာ ပြောင်းလဲစေခဲ့သော ကာလဖြစ်သည်" ဟု ပြောကြားလိုက်သည်။

အာရှသည် ၎င်း၏ သွင်းကုန်ကဏ္ဍကို ဆက်လက် ဖွင့်ပေးထားခြင်းဖြင့် ကမ္ဘာကြီးကို စီးပွားရေး အကျပ်အတည်းမှ ဆွဲထုတ်ရာတွင် ကူညီနိုင်ခဲ့သည်။ တချိန်ထဲတွင် အာရှသည် အဆက်မပြတ် ကြီးထွားမှုကိုလည်း ထိန်းသိမ်းနိုင်ခဲ့ပြီး ကမ္ဘာစီးပွားရေး ပြန်လည် သန်စွမ်းမှုအတွက် မောင်းနှင်အား တစ်ခု ဖြစ်လာခဲ့ပါသည်ဟု ဆူရင်က ဆိုသည်။

ယခု ဖိုရမ်၏ ပူးတွဲ သဘာပတိ အဖြစ် ဆောင်ရွက်သူ ရုရှား VTB ဘဏ်၏ ဥက္ကဌနှင့် CEO Andrei Kostin က ကမ္ဘာ့စီးပွားရေး ပါဝါအရွေ့ကို မတည်ငွေ စီးဆင်းမှု ရှုဒေါင့်မှ သုံးသပ်၍ မှတ်ချက် ပေးခဲ့သည်။

"ထုံးစံအရတော့ အာရှက မတည် ရင်းနှီးငွေ တင်သွင်းသူ ဖြစ်ခဲ့ပေမဲ့ အခုအချိန်မှာ ရင်းနှီးငွေ တင်ပို့တဲ့သူ ဖြစ်လာပါတယ်" ဟု Kostin က ဖိုရမ်သို့ ပြောကြားခဲ့သည်။ "အာရှနဲ့ ပင်လယ်ကွေ့နိုင်ငံတွေဟာ ဒီနေ့ကမ္ဘာပေါ်က ရင်းနှီးမြှုပ်နှံသူတွေ အတွက် အဓိက မတည်ငွေ ရင်းမြစ်တွေ ဖြစ်နေပါတယ်" ဟု ၎င်းက ဆိုသည်။

ဖိုရမ်တွင် ဆွေးနွေးသည့် ခေါင်းဆောင်မှု အစီအစဉ်ကို အာရှခေါင်းဆောင်များ၊ ပညာရှင်များက စဉ်းစား ဆင်ခြင် ဥာဏ် အပါအဝင် အကောင်းမြင်ဝါဒဖြင့် တုန့်ပြန်ခဲ့ကြသည်။

"အရှေ့အာရှက တာဝန်ယူထားတဲ့ ကမ္ဘာအဆင့် အနေအထားနဲ့ တာဝန်ယူမှုတွေကို အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။ လုံလောက်တဲ့ တန်ဖိုးအဆင့် သတ်မှတ်မှုကိုလည်း ပြန်လုပ်ရမယ်" ဟု ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်တန်ဒေါင်းက ဖိုရမ်တွင် ပြောကြားသည်။ "သစ်လွင်ပြီး ပိုမို ထိရောက်တဲ့ ကမ္ဘာ့ စီမံခန့်ခွဲမှုဆိုင်ရာ ဒီမိုကရေစီ ဖွဲ့စည်းပုံမှာ အရှေ့အာရှက တက်တက်ကြွကြွ ပါဝင်ဖို့ ဆန္ဒရှိနေပါတယ်" ဟု ငုယင်တန်ဒေါင်းက ပြောကြားခဲ့ပြီး "ယခု ဖိုရမ်၏ အဓိက အကြောင်းအရာသည် ဒေသတွင်း အခြေအနေများ အတွက် အလွန်ပင် သင့်မြတ် လျှော်ကန်ပါပေသည်" ဟု ဂုဏ်ပြုလိုက်သည်။

အင်ဒိုနီးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ညှိနှိုင်းရေး ဘုတ်အဖွဲ့ ဥက္ကဌ ဂီတာဝီဂျာဝမ်က "ခေါင်းဆောင်မှု အစီအစဉ်" ဟူသော စကားစုကို "နိုင်ငံတကာရေးရာများ ညှိနှိုင်းဆွေးနွေးရာတွင် သြဇာကြီးမားမှု အဆင့်" ဟူ၍ ရှင်းလင်း ပြန်ဆိုသည်။

အာရှသည် နိုင်ငံတကာရေးရာ ဆွေးနွေးမှုများတွင် ၎င်း၏အဆင့်နှင့် ထိုက်တန်သလောက် များစွာပါဝင်မှု မရှိခဲ့ဟု ဂီတာက ဆိုသည်။ အာရှသည် နိုင်ငံတကာ ဝန်းကျင်တွင် G-20 ကဲ့သို့ပင် ပိုမို ကိုယ်စားပြုခွင့် ရရှိသင့်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ နာမည်ကြီး Nankai University မှ ဒုတိယ အဓိပတိ ပါမောက္ခ တုံဂျာဒုန်ကမူ "အာရှသည် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှုကို ဦးဆောင်နေသော်လည်း ခေါင်းဆောင်မှု ကဏ္ဍအတွက် ယခုအထိ အဆင်သင့် မဖြစ်သေးပါ" ဟု ၎င်းအမြင်ကို ပွင့်လင်းစွာ ပြောကြားခဲ့သည်။

"ကမ္ဘာ့စီးပွားရေး ဖိုရမ် WEF ရဲ့ ဆွေးနွေးပွဲ အကြောင်းအရာဟာ အမြဲတမ်း ရှေ့ကို မျှော်ကြည့်ပြီး နိုင်ငံတကာ လမ်းကြောင်းမှာ နောက်ထပ် ပေါ်လာမယ့် လှိုင်းတွေကို ထိတွေ့ စမ်းသပ်တာပါ။ အာရှဟာ ကြီးကြီးမားမား ဖွံ့ဖြိုးလာပေမယ့် ကမ္ဘာ့ခေါင်းဆောင်ကဏ္ဍကို ရယူလောက်အောင် လုံလောက်တဲ့ ကျွမ်းကျင်မှုတွေ မပြည့်စုံသေးပါဘူး" ဟု တုံဂျာဒုန်က ပြောကြားလိုက်သည်။

သို့သော်လည်း အားသာချက်များ အားလုံးကို လောလောဆယ် ရရှိထားသည့် အာရှအနေဖြင့် ရည်ရွယ်ချက် ကြီးမားသော "ယခု ခေါင်းဆောင်မှု အစီအစဉ်" ကြောင့် ဆန်းသစ် တွေးခေါ်မှု အချို့ ထွက်ပေါ်လာနိုင်သည်ဟု ၎င်းက ဆိုသည်။

အာရှတိုက်၏ ငွေရင်းငွေနှီး အားသာချက်နှင့် ပတ်သက်၍ တုံဂျာဒုန်တွင် ကိုယ်ပိုင် အယူအဆများ ရှိနေသည်။ "အာရှသည် ၎င်း၏ ပို့ကုန်ကဏ္ဍမှ တဆင့် ကြီးမားသော နိုင်ငံခြား အရံငွေများကို စုဆောင်းမိထားသည်။ သို့သော်လည်း စိတ်မကောင်းစရာပင် လုံခြုံ၊ ထိရောက်သော လမ်းကြောင်းများ ချို့တဲ့မှုကြောင့် ရင်းနှီးငွေများကို ဒေသတွင်း ပြန်လည် ရင်းနှီးမြှုပ်နှံမှု မလုပ်နိုင်ပဲ ၎င်းအစား အမေရိကန် ငွေချေးစာချုပ် ဈေးကွက် ကဲ့သို့သော အခြား ဈေးကွက်များသို့ စီးထွက်သွားခြင်း ဖြစ်သည်" ဟု ၎င်းက သုံးသပ်ခဲ့သည်။

တရုတ်နိုင်ငံ နှင့်အတူ အာရှ ဒေသတွင်း ဖွံ့ဖြိုးဆဲ နိုင်ငံ အများစုသည် ရင်းနှီးမြှုပ်နှံမှုနှင့် တိုးတက် ဖွံ့ဖြိုးရေး အတွက် အလွန် ကြီးမားသော ရင်းနှီးငွေ လိုအပ်နေသည်ဟု တုံဂျာဒုန်က ဆိုသည်။ ရင့်ကျက် ပြည့်ဝသော ကုန်သွယ်ရေး၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု စနစ်များကို ဒေသတွင်း တည်ဆောက်ကြရန် ၎င်းက တိုက်တွန်းလိုက်ပြီး သို့မှသာ အာရှတိုက်၏ ပိုက်ဆံဖြင့် အာရှတိုက်၏ ဖွံ့ဖြိုးမှုကို ကောင်းမွန်စွာ ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု တိကျ မှန်ကန်သော မှတ်ချက်ကို ပြောကြားခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment