Transparency Myanmar

transparency.myanmar@gmail.com

AP, By Amy Teibel, 6th June 2010

      ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းသည် ဂါဇာသို့ သွားသည့် အကူအညီ ပေးရေး ပစ္စည်းများ တင်ဆောင်ထားသော ရေယာဉ်တန်းအား အစ္စရေးတို့ ဝင်ရောက် စီးနင်းမှုနှင့် ပတ်သက်၍ နိုင်ငံတကာ ကော်မရှင်ဖွဲ့၍ စုံစမ်း စစ်ဆေးရန် စီစဉ်လျက် ရှိကြောင်း အစ္စရေး အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်က တနင်္ဂနွေနေ့က ပြောကြားလိုက်သည်။

      ဘန်ကီမွန်းသည် ရေကြောင်း ဥပဒေ ကျွမ်းကျင်သူ နယူးဖီလန် ဝန်ကြီးချုပ်ဟောင်း Geoffrey Palmer အား စစ်ဆေးရေးအဖွဲ့ကို ခေါင်းဆောင်စေလိုပြီး၊ အစ္စရေး၊ တူရကီနှင့် အမေရိကန်တို့မှ ကိုယ်စားလှယ်များ ပါဝင်လိမ့်မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိ ပုဂ္ဂိုလ်က ပြောကြားလိုက်သည်။ ၎င်းက အမည် ထုတ်ဖော်ရန် ငြင်းဆိုခဲ့ပြီး၊ ဘန်ကီမွန်းက ၎င်း၏ အစီအစဉ်ကို အသေးစိတ် ထုတ်ပြန် ကြေညာခြင်း မရှိသေးသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

      နိုင်ငံတကာ စုံစမ်း စစ်ဆေးရေး ပြုလုပ်ရန် တွန်းအားပေးခြင်းသည် Hamas များ အုပ်ချုပ်သော ဂါဇာဒေသအား ဒုက္ခရောက်စေရန်၊ အကူအညီပေးရေး ရေယာဉ်တန်းအား မည်သို့ ပိတ်ဆို့ တိုက်ခိုက်သည် ဆိုသည်ကို ရှင်းပြစေရန် အစ္စရေးအား ဖိအားပေးခြင်းပင် ဖြစ်သည်။ ထို့အပြင် အစ္စရေး ပြောသကဲ့သို့ သင်္ဘောပေါ်တွင် ပါသော အစ္စလာမ်မစ် အစွန်းရောက်များက ၎င်း၏တပ်ဖွဲ့များကို တိုက်ခိုက်ရန် ရည်ရွယ်သည်ဟူသော ကိစ္စအားလည်း မီးမောင်း ထိုးပြလိမ့်မည် ဖြစ်သည်။

      လူအများ သေကြေစေမှုကြောင့် အများက စိတ်ဆိုးကြပြီး အမေရိကန် အပါအဝင် နိုင်ငံအတော် များများက စစ်တပ်ဖြင့် ပိတ်ဆို့ထားမှုအား တစိတ်တပိုင်း ဖွင့်ပေးရေးကို ချက်ချင်း တောင်းဆိုခဲ့ကြသည်။ အစ္စရေးကမူ Hamas အစ္စလာမ်မစ် စစ်သွေးကြွများအား ၎င်းတို့၏ လက်နက်များ တိုးချဲ့မလာစေရန် အထီးကျန် ပြုထားရေး အတွက် ပိတ်ဆို့ထားရန် လိုအပ်သည်ဟု ပြောဆိုခဲ့သည်။

      ပြီးခဲ့သည့် စနေနေ့က အစ္စရေးတို့သည် နောက်ထပ် အကူအညီပေး ပစ္စည်းများပါသော သင်္ဘောအား ထိန်းသိမ်းခဲ့ပြီး၊ သင်္ဘောပေါ်တွင် ပါဝင်သော တက်ကြွသူများနှင့် သင်္ဘောသား ၁၉ ဦး စလုံးကို တနင်္ဂနွေနေ့က ပြန်ပို့ခဲ့ပြီး ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် အမျိုးသမီး ဖြစ်သူ Sabine Haddad က ပြောကြားခဲ့သည်။

      အစ္စရေးရှိ ကုလသမဂ္ဂ တာဝန်ရှိသူများကမူ ဘန်ကီမွန်း၏ စုံစမ်း စစ်ဆေးရေး အတွက် စီစဉ်မှုကို မသိရှိရသေးကြောင်း၊ အထွေထွေ အတွင်းရေးမှူးချုပ် အနေဖြင့် ထိုကိစ္စကို ဗုဒ္ဓဟူးနေ့တွင် ကိုင်တွယ်မည်ဟု ပထမပြောကြားခဲ့ဖူးသည်ဟု ဆိုသည်။

      ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး အကြီးအကဲ John Holmes က သြစတြေးလျသို့ အလည်အပတ် ရောက်ရှိစဉ် ပြောကြားရာ၌ ကုလသမဂ္ဂသည် အဆိုပါ အဖြစ်အပျက် များအတွက် လွတ်လပ်သော စုံစမ်း စစ်ဆေးမှုများ မပြုလုပ်နိုင်သလော ဟူသော မေးခွန်းများ အပေါ် အဖြေရှာလျက် ရှိကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အခြေအနေများ မှန်ကန်ခဲ့ပါလျှင် အကူအညီများ ရည်ရွယ်သော နေရာများသို့ ရောက်ရှိရေး အတွက် မိမိတို့ တတ်နိုင်သလောက် ကူညီမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

      ကက်ဘိနက်၏ ဝါရင့်ဝန်ကြီးများသည် တနင်္ဂနွေနေ့ နေ့ခင်းပိုင်းတွင် တွေ့ဆုံ၍ အဆိုပါ သင်္ဘောအား စီးနင်း တိုက်ခိုက်မှု အတွက် စုံစမ်း စစ်ဆေးရန် ဘန်ကီမွန်း၏ အဆိုပြုချက်နှင့် အခြား အဆိုပြုချက်များကို ဆွေးနွေးကြမည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

      အစ္စရေးသည် အဆိုပါ ကိစ္စအတွက် ပြင်ပ စုံစမ်း စစ်ဆေးမှုများကို လက်မခံဘဲ ရှိနေပြီး၊ ၎င်းကိုယ်တိုင် စုံစမ်း စစ်ဆေးနိုင်ကြောင်း ပြောကြားခဲ့သည်။ ၎င်း၏ စစ်သားများကို နိုင်ငံတကာက လာရောက် စစ်ဆေးမှုအား လက်မခံနိုင်ကြောင်း ပြောခဲ့သည်။

      စုံစမ်း စစ်ဆေးရေးတွင် နိုင်ငံတကာ ပါဝင်လာမှုကြောင့် တူရကီနှင့် ဖြစ်ပွားနေသော သံတမန် ရေးရာအရ တင်းမာမှုကို ဖြေလျော့ပေးစေနိုင်လိမ့်မည် ဖြစ်သည်။ တူရကီသည် တစ်ချိန်က အစ္စရေး၏ ရင်းနှီးသော မဟာမိတ် ဖြစ်ခဲ့သော်လည်း ယနေ့ ပြင်းပြင်းထန်ထန် ဝေဖန်သူ တစ်ဦး ဖြစ်သည်။

      မေလ ၃၁ ရက်နေ့က စီးနင်း တိုက်ခိုက်မှုတွင် တူရကီနှင့် တူရကီ အမေရိကန် ၈ ဦး အသတ်ခံရပြီး၊ အလောင်းများကို ကနဦး စစ်ဆေးချက်အရ ၎င်းတို့မှာ အကြိမ် ၃၀ ခန့် အပစ်ခံရကြောင်း တူရကီက စနေနေ့က သတင်းထုတ်ပြန်ခဲ့သည်။ အစ္စရေးကမူ ၎င်းတို့မှာ အစ္စလာမ်မစ် အစွန်းရောက်များ ဖြစ်ပြီး၊ အစ္စရေး စစ်သားများမှာ မိမိကိုယ် မိမိကာကွယ်ရင်း ဖြစ်ရကြောင်း ဆိုသည်။

      အဆိုပါ တူရကီ သင်္ဘောသည် နိုင်ငံတကာ အကူအညီပေးရေး ရေယာဉ်တန်း သင်္ဘော ၆ စီး အနက် တစ်စီးဖြစ်ပြီး၊ ထိုသင်္ဘောတစ်စီးပေါ်တွင်သာ အစ္စရေး စစ်သားများနှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အစ္စရေးစစ်တပ်မှ ဗီဒီယိုနှင့် တူရကီ ရုပ်မြင်သံကြားမှ ပြသမှုများအရ အစ္စရေး စစ်သားများ ရဟတ်ယာဉ်မှ သင်္ဘော ကုန်းပတ်ပေါ်သို့ တက်လာရာ၊ သင်္ဘောပေါ်မှ သံချောင်းများနှင့် ဆီး၍ တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။

      "ကျွန်တော်တို့ လက်ထဲမှာ ရှိတဲ့ သတင်း အချက်အလက်တွေအရ ဒီအုပ်စုတွေဟာ အခြားမြို့ကနေ တက်လာတာပါ။ လက်နက်တွေ ကိုင်ပြီး သင်္ဘောပေါ် ပါလာတာ ဖြစ်ပြီး၊ တခြားသူတွေလို ဘာမှ စစ်ဆေးခံရတာ မဟုတ်ပါဘူး" ဟု အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu က တနင်္ဂနွေနေ့က အပတ်စဉ် ကက်ဘိနက် အစည်းအဝေး အဖွင့်တွင် ပြောကြားခဲ့သည်။

      "ဒီအုပ်စုရဲ့ အဓိက ရည်ရွယ်ချက်က အစ္စရေး စစ်သားတွေနဲ့ ထိပ်တိုက် ရင်ဆိုင်ဖို့ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။

      ယခု တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော သံတမန်ရေးရာ အရ အကျိုးဆက်မှာ အစ္စရေးက ဂါဇာဒေသအား စစ်တပ်ဖြင့် ပိတ်ဆို့ထားခြင်းကို ပြန်လည် စဉ်းစားနေခြင်းပင် ဖြစ်သည်။ ဂါဇာအား အစ္စရေးက Hamas များ ဝင်ရောက် နေရာယူပြီး ကတည်းက ၂၀၀၇  ခုနှစ်ကတည်းက ပိတ်ဆို့ထားခဲ့သည်။ အဆိုပါ ဒေသရှိ ဂါဇာ စစ်သွေးကြွများသည် အစ္စရေးကို ဗုံးများ၊ ဒုံးကျည်များ၊ မော်တာများဖြင့် နှစ်ပေါင်းများစွာ တိုက်ခိုက်လျက် ရှိရာ ၎င်းတို့ထံသို့ လက်နက်များ၊ အခြား စစ်သုံး ပစ္စည်းများ မရောက်ရှိနိုင်အောင် ပိတ်ဆို့ထားရန် လိုအပ်သည်ဟု အစ္စရေးက ငြင်းချက်ထုတ်ခဲ့သည်။ ထို့အပြင် ယခင်ကတည်းက ဆင်းရဲသော ဂါဇာဒေသတွင် Hamas များအား လိုအပ်သော အသုံးအဆောင်များ ဖြတ်တောက်ထားခြင်းဖြင့် အားနည်းသွားစေရန် ရည်ရွယ်၍ ပိတ်ဆို့ထားခြင်း ဖြစ်သည်။

      သို့သော် လက်တွေ့တွင်မူ ပိတ်ဆို့ရခြင်း၏ ရည်ရွယ်ချက်များ သိပ်ထိရောက်မှု မရှိသည်ကို တွေ့ရသည်။ အဘယ်ကြောင့်ဆိုသော် ဂါဇာနှင့်အီဂျစ် အကြားရှိ နယ်စပ် ဥမင်လှိုဏ်များသည် လက်နက်များနှင့် လူသုံးကုန်များ စီးဆင်းရာ လမ်းကြောင်း ဖြစ်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့အပြင် ပိတ်ဆို့ထားသဖြင့် ဂါဇာရှိ ၁.၅ သန်းသော နေထိုင်သူများသည် ဆင်းရဲမွဲတေမှုကြောင့် Hamas များကို စိတ်ဆိုးစေရန် ရည်ရွယ်ခဲ့သော်လည်း အဆိုပါ လူများက အစ္စရေး အပေါ်တွင်သာ ပိုမို စိတ်ဆိုးလာကြသည်။

      အစ္စရေး၏ အရင်းနှီးဆုံး မဟာမိတ် အမေရိကန်ကလည်း သောကြာနေ့က အခြား တိုင်းပြည်များနှင့် ပေါင်း၍ ပိတ်ဆို့မှုကို ယခုပုံစံအတိုင်း ဆက်သွားရန် မသင့်တော်တော့ကြောင့် ပြောကြားခဲ့ပြီး၊ အဆိုပါ ဒေသသို့ လက်နက်များ ရောက်ရှိခြင်း မရှိစေရန် အခြားနည်းလမ်း ရှာဖွေရန် အစ္စရေးသို့ ဖိအား ပိုမိုပေးရန် ပြောကြားခဲ့ကြသည်။

      "ကျွန်တော်တို့ဟာ အစ္စရေးရဲ့ လုံခြုံရေးကို အလုံးစုံ အကာအကွယ်ပေးမယ့် မူဝါဒ တစ်ခု လိုအပ်ပါတယ်။ ဒါပေမယ့် ဂါဇာမှာရှိတဲ့ လူတွေ အတွက် အကူအညီပေးဖို့ လိုအပ်ပါတယ် ဟု အရှေ့အလယ်ပိုင်း ကိုယ်စားလှယ် Tony Blair က အစ္စရေး စစ်တပ် ရေဒီယိုမှ တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

      Tony Blair သည် အရှေ့အလယ်ပိုင်း ကိစ္စကြားဝင် ညှိနှိုင်းပေးသော အမေရိကန်၊ ကုလသမဂ္ဂ၊ ဥရောပ သမဂ္ဂနှင့် ရုရှားတို့၏ ကိုယ်စားလှယ် ဖြစ်သည်။

      အစ္စရေး ကက်ဘိနက် ဝန်ကြီး Isaac Herzog က AP သတင်းဌာနသို့ ပြောကြားရာတွင် အစ္စရေးသည် ဂါဇာဒေသသို့ ကုန်ပစ္စည်းများ စီးဝင်နိုင်ရေး လွယ်ကူစေရန် ၎င်း၏ မဟာမိတ်များနှင့် စကားပြောလျက် ရှိကြောင်း ပြောကြားခဲ့ပြီး၊ အသေးစိတ်ကိုမူ ပြောကြားခဲ့ခြင်း မရှိပေ။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment