Transparency Myanmar

transparency.myanmar@gmail.com

The Dominion Post, By Tom Hunt, 16th June 2010

မြန်မာ စစ်အစိုးရ ရေတပ်မှ Captain တစ်ဦးသည် Auckland လုံခြုံရေး ကွန်ဖရင့်သို့ တက်ရောက်ခဲ့သည်။ အဆိုပါ ရေတပ်မှ အရာရှိကြီး တစ်ဦး လာရောက်ခြင်းသည် မြန်မာနိုင်ငံ၏ အဖြစ်အပျက်များကို စောင့်ကြည့်နေသော အတိုက်အခံ နိုင်ငံရေးသမား နှစ်ဦးကို အံ့သြစေခဲ့သည်။ ၎င်းတို့ နှစ်ဦးသည် အဆိုပါ ကိစ္စကို လုံးဝ သိရှိခြင်း မရှိဘဲ နိုင်ငံခြားရေး ဝန်ကြီး Murray McCully က တရားဝင် သတင်းအက် ဥပဒေ အရ The Dominion Post သို့ ထုတ်ပြန်သော စာများ ထွက်ပေါ်လာမှ သိရှိရခြင်း ဖြစ်သည်။

သို့သော် McCully က ပြောကြားရာတွင် ကွန်ဖရင့်မှာ လူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိကြောင်း ဆိုသည်။

အဆိုပါ ကိစ္စအား ဖော်ပြခဲ့မှုသည် နယူးဇီလန် အပေါ် နိုင်ငံတကာ၏ ထင်မြင်ချက်နှင့် ပတ်သက်၍ အန္တရာယ်များကြောင်း မီးမောင်း ထိုးပြလိုက်သလို ဖြစ်သည်။ အဆိုပါ စာများတွင် အခြား အသေးစိတ်များကို ဖော်ပြခြင်း မရှိပေ။

အဆိုပါ ကွန်ဖရင့်သည် ဒေသတွင်း စွမ်းဆောင်ရည် တိုးတက်ရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးတက်ရေးကို အလေးထား ဆွေးနွေးခဲ့သည်။

Green Party နိုင်ငံခြားရေးရာ ပြောခွင့်ရ ပုဂ္ဂိုလ် Keith Locke က ပြောကြားရာတွင် နယူးဇီလန် အစိုးရသည် လူသားချင်း မစာနာသော ရာဇဝတ်မှုများ ကျူးလွန်ကြောင်း စွပ်စွဲခြင်း ခံရသော မြန်မာ စစ်အစိုးရကို ထိရောက်သော ဆုလာဒ်များ ပေးနေသကဲ့သို့ ဖြစ်သည်ဟု ဆိုသည်။ နယူးဇီလန် အစိုးရသည် အနောက်ကမ္ဘာတွင် မြန်မာနိုင်ငံအား အရေးယူမှု အားအနည်းဆုံး နိုင်ငံ ဖြစ်သည်။

မြန်မာနိုင်ငံကို စစ်တပ်က အုပ်ချုပ်ပြီး အတိုက်အခံများကို နှိပ်ကွပ်နေသော အစိုးရ ဖြစ်သည်။

တိုင်းပြည်တွင် ဒီမိုကရေစီ နည်းကျကျ ရွေးချယ်တင်မြှောက် ခံထားရသော ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာလည်း လွန်ခဲ့သော အနှစ်နှစ်ဆယ် အတွင်း အချိန်အတော် များများ နေအိမ်အကျယ်ချုပ် ချထားခြင်း ခံနေရသည်။

လေဘာ ပါလီမန် အဖွဲ့ဝင် Maryan Street က မြန်မာနိုင်ငံမှ ဤမျှ ရာထူးကြီးကြီး လာရောက်သည်ကို အံ့သြကြောင်း ဆိုသည်။

ယခုလတွင် ပါလီမန်သည် တညီတညွတ်တည်း မဲပေး၍ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံရေးနှင့် ဒီမိုကရေစီ အခွင့်အရေးများ ပြန်လည် ပေးအပ်ရန်နှင့် ရွေးကောက်ပွဲတွင် ပါဝင်ခွင့်ပြုရန် စစ်အစိုးရသို့ တောင်းဆိုခဲ့ကြသည်။

McCully ၏ ရုံးသည် မတ်လ ၂၉ မှ ၃၁ ထိ ကျင်းပသော March Asean Regional Forum International Meeting ၏ ရေကြောင်းဆိုင်ရာ လုံခြုံရေး ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ရေတပ်မှ Captain နေဝင်း တက်ရောက်ကြောင်း အတည်ပြုခဲ့သည်။

မြန်မာနိုင်ငံ နိုင်ငံခြားရေးဌာန အာဆီယံရေးရာ ဌာနမှ ဒါရိုက်တာ ဦးဝေလွင်သန်းနှင့် ပို့ဆောင်ရေးမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဖေတို့လည်း တက်ရောက်ရန် စီစဉ်ပြီးကာမှ အကြောင်းပြချက် မပေးဘဲ မတက်ရောက် ဖြစ်ခဲ့ပေ။

မြန်မာနိုင်ငံမှ ထွက်ပြေးလာသော နိုင်ငံရေး အကျဉ်းသားဟောင်း နိုင်ကိုကိုက ပြောကြားရာတွင် နယူးဇီလန် အစိုးရသည် မြန်မာနိုင်ငံ၏ ပါဝင် တက်ရောက်မှုကို တားဆီးသင့်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ပါဝင် တက်ရောက်မှုသည် မြန်မာ အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ပြုလုပ်နိုင်ရေး အတွက် ထောက်ခံလိုက်သကဲ့သို့ ဖြစ်ကြောင်း ၎င်းက ပြောသည်။

"နယူးဇီလန် အစိုးရဟာ ဒီလို အာဏာရှင် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မှု မလုပ်သင့်ပါဘူး။ ဘာလို့လဲ ဆိုတော့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်က စစ်ရာဇဝတ်မှုနဲ့ လူသားချင်း မစာနာတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်လို့ အရေးယူဖို့ တောင်းဆိုထားတဲ့ အစိုးရ ဖြစ်နေလို့ပါပဲ" ဟု ဆိုသည်။

သတင်း၏ အရေးကြီးသော အပိုင်းများကို McCully က ပြောဆိုရန် ငြင်းဆိုခဲ့သည်။ အဆိုပါ သတင်း ထုတ်ပြန်မှုကြောင့် နယူးဇီလန်၏ လုံခြုံရေး၊ ကာကွယ်ရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးတွင် အရိပ်မည်း ထိုးနိုင်ကြောင်း၊ နယူးဇီလန်နှင့် လျှို့ဝှက်သတင်း ဖလှယ်မည့် နိုင်ငံ အတွက်လည်း အထင်မှားနိုင်ကြောင်း McCully က ပြောသည်။

"မြန်မာနိုင်ငံဟာ ASEAN ဒေသတွင်း ဖိုရမ်ရဲ့ အဖွဲ့ဝင် ဖြစ်တာနဲ့အညီ၊ ဒီလို အစည်းအဝေးကို တက်ရမယ့် အခွင့်အရေး ရှိပါတယ်။ နယူးဇီလန်ကလည်း အိမ်ရှင် ဖြစ်တာနဲ့ ဘယ်အဖွဲ့ဝင်ကို ဖိတ်မယ်၊ မဖိတ်ဘူး ရွေးချယ်ပိုင်ခွင့် မရှိပါဘူး" ဟု McCully ၏ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောခဲ့သည်။

"ဒါ့ကြောင့် နယူးဇီလန် အနေနဲ့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အတွက် စိုးရိမ် ပူပန်ရမှုတွေကို နောက်ထားလို့ ဒေသတွင်း အကျိုးစီးပွားကိုသာ ဦးစားပေး စဉ်းစားဖို့ ဆုံးဖြတ်ခဲ့တာပါ" ဟု ၎င်းက ဆိုသည်။

Captain နေဝင်းအား နယူးဇီလန်သို့ ဝင်ခွင့်ပြုခြင်း အတွက် အခြား လူဝင်မှု ကြီးကြပ်ရေးမှ အခြား ကန့်သတ်မှုများ မရှိခဲ့ပေ။

မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ကိစ္စများကို တိုက်ပွဲဝင်နေသော အဖွဲ့ဖြစ်သည့် Partners Relief and Development New Zealand မှ ဒါရိုက်တာ ဖြစ်သူ Ruth Corlett က ပြောကြားရာတွင် စစ်အစိုးရ အပေါ် နယူးဇီလန်၏ အရေးယူမှုများ မရှိသောကြောင့် မြန်မာ အစိုးရ၏ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေးစံများကို ဗြောင်ကျကျ မလေးစား မလိုက်နာမှုအား သဘောတူသယောင် ဖြစ်ခဲ့ရကြောင်း ဆိုသည်။

"အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ကနေဒါနဲ့ ဥရောပ သမဂ္ဂတို့က စစ်အစိုးရ အပေါ် ကျယ်ကျယ်ပြန့်ပြန့် အရေးယူ ပိတ်ဆို့မှုတွေ လုပ်နေပေမယ့်၊ နယူးဇီလန်ကတော့ အေးအေးထိုင်နေတာ တွေ့ရတာပါပဲ" ဟု သူမက ဆိုသည်။

ပြီးခဲ့သည့် မတ်လက The Dominion Post သည် မြန်မာနိုင်ငံမှ အစိုးရ အရာရှိ သုံးဦးအား နယူးဇီလန်တွင် အင်္ဂလိပ်စာ သင်ကြားရန် Kiwi မှ ထောက်ပံ့ကြေးပေးသည့် ကိစ္စအား ဖော်ထုတ်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment