Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံပိုင် သတင်းဌာန Xinhua သတင်းပေးပို့ချက်အရ တရုတ်ဗဟိုဘဏ်သည် နိုင်ငံငွေကြေး လဲလှယ်မှုနှုန်းထားကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပြီး ဈေးကွက်ပေါက် ဈေးအလိုက် နိုင်ငံတကာ ငွေကြေးနှင့် လဲလှယ်နိုင်အောင် လုပ်ဆောင်သွားမည်ဟု ကြေညာလိုက်ကြောင်း သိရသည်။

အဆိုပါ ကြေညာချက်ကြောင့် တရုတ်ငွေကြေး လဲလှယ်မှုနှုန်း အားနည်းချက်ရှိနေသည့်အပေါ် နိုင်ငံတကာက ပြစ်တင်ပြောဆိုမှုများ လျော့ကျသွားနိုင်သည်။ တရုတ်ငွေကြေး လဲလှယ်မှု နှုန်းထားများ အားနည်းချက်ရှိခြင်းကြောင့် အနောက်နိုင်ငံများနှင့် တရုတ်နိုင်ငံတို့ ကုန်သွယ်ရေး ပြုလုပ်ရာတွင် ကုန်သွယ်ရေး မမျှတမှုများ ဖြစ်ပေါ်စေသည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းက ပြစ်တင်ဝေဖန်လျက် ရှိခဲ့သည်။

တရုတ်နိုင်ငံပြည်တွင်းနှင့် ပြည်ပရှိ ငွေကြေးဈေးကွက်ဖွံ့ဖြိုးမှု ၊ ပြည်တွင်း ငွေပေးချေမှု လက်ကျန်အနေအထား နှင့် လက်ရှိစီးပွားရေး အခြေအနေကို ကြည့်ကာ ဗဟိုဘဏ်က ယင်းသို့ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဗဟိုဘဏ်မှ ပြောခွင့်ရပုဂ္ဂိုလ်၏ ပြောကြားချက်ကို ကိုးကားပြီး Xinhua သတင်းဌာနက ဖော်ပြသည်။

"ရမ်မီဘီ(RMB)ဟုလည်း တရုတ်နိုင်ငံတွင်း ခေါ်ဆိုသော ငွေကြေးလဲလှယ်မှုနှုန်းများ တည်ငြိမ်မှုသည် စီးပွားရေးအကျပ်အတည်းများ လျော့ချရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။

အာရှနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြန်လည်နာလန်ထူမှုကို အကူအညီပေးနိုင်သလို၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးမျှခြေ ပြန်လည်ထိန်းညှိမှုအတွက် တရုတ်နိုင်ငံ၏ ကြိုးပမ်း ဆောင်ရွက်မှုကိုလည်း သရုပ်ပေါ်စေသည်" ဟု ၎င်းကဆိုသည်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ ဒါရိုက်တာ Dominique Strauss-Kahn က တရုတ်နိုင်ငံ၏ လုပ်ဆောင်ချက်နှင့်ပတ်သက်၍ ကြေညာချက် စာတမ်းတစ်စောင် ထုတ်ပြန်ပြီး "ကြိုဆိုထိုက်သော တိုးတက်မှုတစ်ရပ်" ဟု ဖော်ပြသည်။

"ခိုင်မာမှုရှိသော တရုတ်ငွေကြေး လဲလှယ်မှုနှုန်းသည် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ၏ ငွေကြေးဆိုင်ရာ အပြန်အလှန်အကဲဖြတ်မှု လုပ်ငန်းစဉ်နှင့် တစ်ထပ်တည်း ကျမည်ဖြစ်ပြီး ထိုကိစ္စကို ကနေဒါနိုင်ငံ၊ တော်နေးတိုးမြို့တွင် လာမည့်ရက်သတ္တပတ်၌ ကျင်းပမည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ၌ တင်သွင်း ဆွေးနွေးမည်ဖြစ်သည်။ ခိုင်မာသော တရုတ် ငွေကြေး လဲလှယ်မှုနှုန်းရှိအောင် ပြုလုပ်ခြင်းကြောင့် တရုတ်အိမ်ထောင်စု တစ်စုချင်းစီ ဝင်ငွေလည်း မြင့်တက်လာမည်ဖြစ်သလို စက်မှုလုပ်ငန်းများတွင် ပြန်လည် ရင်းနှီးမြှုပ်နှံလာအောင် မက်လုံးပေးရာလည်း ရောက်သည်" ဟု မစ္စတာ Dominique Strauss Kahn က IMF ၏ ကြေညာချက်တွင် ချီးကျူးပြောဆိုသည်။

လာမည့် ရက်သတ္တပတ်အတွင်း ကနေဒါနိုင်ငံတွင် ကျင်းပမည့် အဆိုပါ ထိပ်သီးဆွေးနွေးပွဲတွင် ဂျီ-၂၀ နိုင်ငံမှ ဘဏ္ဍာရေးဝန်ကြီးများ၊ အဓိကကုန်သွယ်ရေး အင်အားကြီးနိုင်ငံများမှ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးများ တွေ့ဆုံပြီး ကုန်သွယ်ရေးကိစ္စများနှင့် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း ပြဿနာများကို ဆွေးနွေးညှိနှိုင်းကြမည်ဖြစ်သည်။

စက်မှုဖွံ့ဖြိုးပြီး နိုင်ငံအချို့ဖြစ်သော အိန္ဒိယ၊ ဘရာဇီး၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက တရုတ်အနေဖြင့် တရုတ်ငွေကြေးကို ဈေးကွက်ပေါက်ဈေးအလိုက် နိုင်ငံတကာငွေကြေးနှင့် လဲလှယ်ခွင့်ပြုပေးရန် အစောပိုင်းကာလက တိုက်တွန်း ပြောဆိုထားသည်။
Xinhua သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment