Transparency Myanmar

transparency.myanmar@gmail.com

ထောင်ပေါင်းများစွာသော မြန်မာပြည်သူများ အကူအညီများ အလွန်အမင်း လိုအပ်နေမှုအတွက် နိုင်ငံတကာမှ အထောက်အပံ့များ ဆက်လက်ရရှိနိုင်ရန် ကုလသမဂ္ဂ အကူအညီပေးရေးဆိုင်ရာ ပုဂ္ဂိုလ်များက ဂျနီဗာမြို့တွင်ကြိုးပမ်းလျက် ရှိသည်။

ဆိုင်ကလုန်းနာဂစ်ဒဏ်သင့်သော မြန်မာဒုက္ခသည်များအတွက် နိုင်ငံတကာက စေတနာရှင်များမှ အကူအညီငွေ သန်းငါးရာပေးမည်ဟု ကတိက ဝတ်ပြုထားသော်လည်း ယနေ့အချိန်အထိ အဆိုပါ ငွေပမာဏအထိ ပေးအပ်နိုင်ခြင်း မရှိသေးကြောင်း ကုလသမဂ္ဂ အရာကြီးများက ပြောသည်။

မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းနာဂစ် တိုက်ခိုက်ခဲ့မှုကြောင့် လူပေါင်း တစ်သိန်းလေးသောင်း (၁၄၀၀၀၀) သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ကာ သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရသည်။ နာဂစ်ကြောင့် သစ်ပင်ပေါင်းများစွာ လဲကျပြီး၊ စာသင်ကျောင်းများ၊ နေအိမ်များလည်း ပြားပြားဝပ်ဘဝသို့ ရောက်ရှိခဲ့သည်။ ထိုမျှမကသေးဘဲ လူသန်းပေါင်းများစွာမှာ အလုပ်အကိုင်နှင့် ဝင်ငွေမဲ့ သွားခဲ့ရသည်။

နာဂစ်တိုက်ခိုက်ပြီး အချိန်ကတည်းက ဖြစ်နိုင်ခြေရှိသော အလုပ်များစွာကို လုပ်ကိုင် ပေးနိုင်ခဲ့သော်လည်း ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များစွာ ကျန်ရှိနေဆဲပင်ဖြစ်သည်။ ကုလသမဂ္ဂ၏ Resident & Humanitarian မှ Coordiantor ဖြစ်သူ Bishow Parajuli က နာဂစ်ဒဏ် သင့်ခဲ့ဒုက္ခသည်ပေါင်း များစွာမှာ အစာရေစာပြတ်လပ်မှု၊ အာဟာရချို့တဲ့မှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ ဆင်းရဲမွဲတေမှု အစရှိသည်တို့ကို ခါးသီးစွာ ခံစားနေကြရကြောင်း ပြောကြားသည်။ အိမ်ထောင်စု တစ်သိန်း(၁၀၀၀၀၀) ခန့်၊ သို့မဟုတ် လူပေါင်း ငါးသိန်းခန့်မှာ လုံခြုံစိတ်ချမှု ပြည့်ဝသော နေထိုင်စရာများ လိုအပ်နေဆဲဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဒုက္ခသည် ငါးသိန်းခန့်မှာ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး နှစ်နှစ်တာ ကာလတွင် ယာယီ အမိုးအကာအောက်၌သာ ဆက်လက်နေထိုင်နေခဲ့ရသည်ဟု Bishow Parajuli ကပြောကြားသည်။

"အဲဒီလူတွေဟာ သူတို့ရဲ့ ပျက်စီးသွားတဲ့ နေအိမ်အဆောက်အအုံက အပိုင်းအစတွေကို ကောက်ယူပြီး ယာယီတဲလေးတွေထိုးပြီး နေနေရတာပါ။ တချို့ကတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ပေးတဲ့ ယာယီရွက်ဖျင်တဲ့တွေနဲ့ နေထိုင်ကြရပါတယ်" ဟု ၎င်းကဆိုသည်။

"ပြောရရင်သူတို့ဟာ ယာယီအမိုးအကာအောက်မှာ ကွန်းခိုနေကြရတာပါ။ တဲဆိုတဲ့ အဆင့်မှာ နေရတာတောင် မဟုတ်ပါဘူး။ တာပလင်စ၊ ဝါး၊ သစ်တိုသစ်စ စတာတွေနဲ့လုပ်ထားတဲ့ အမိုးအကာ အောက်မှာ နေရတာပါ" ဟု ၎င်းကဆက်လက်ပြောဆိုသည်။

မြန်မာပြည်သူ ဒုက္ခသည်များသည် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အရေးကြီးသော နေထိုင်စရာ လိုအပ်ချက်များအတွက် အကူအညီအနည်းငယ်မျှသာ ရရှိခဲ့သည်ဟု လည်းဆိုသည်။ ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် သုံးနှစ်တာ ပြန်လည်နာလန်ထူရေး အစီအစဉ်အတွက် အမေရိကန်ဒေါ်လာ ၆၉၁ သန်း လိုအပ်ကြောင်း ကုလသမဂ္ဂက အဆိုပြုခဲ့သည်။

မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းဒဏ်ခံရသော ဧရာဝတီတိုင်းမှ ပြည်သူများသာ အသက်ရှင် နေထိုင်ရေးအတွက် ရုန်းကန်နေရခြင်းမဟုတ် အခြားသော ဒေသများတွင်လည်း အစာရေစာ မျှတစွာရရှိရေးအတွက် နပန်းလုံးနေရသူများစွာ ရှိနေသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မြန်မာနိုင်ငံသည် စားနပ်ရိက္ခာပိုလျှံပြီး စိုက်ပျိုးရေး ကဏ္ဍတွင် အလားအလာကောင်းများစွာ ရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု မှတ်ချက်ပေးထားသည်။ သို့သော် အဓိကရင်ဆိုင်နေရသော ပြဿနာမှာ ဝေးလံခေါင်သီသော နေရာဒေသများသို့ စားနပ်ရိက္ခာများ ထိထိရောက်ရောက် တင်ပို့နိုင်ရေးပင် ဖြစ်သည်ဟု WFP ကဆိုသည်။

အဆိုပါ အကဲဖြတ်သုံးသပ်ချက်ကို WFP နှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(FAO) တို့က ၂၀၀၉ ခုနှစ်ကုန်ပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

WFP မှ Country Director and Representative ဖြစ်သူ Chris Kaye က သုတေသန ပြုလုပ်ချက်များအရ မြန်မာလူဦးရေ စုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းမှာ ဆင်းရဲမွဲတေမှု အဆင့်သတ်မှတ်ချက် အောက်သို့ ရောက်ရှိနေသည်ကို တွေ့ရကြောင်း ပြောကြားသည်။ သဘောတရားမှာ လူသန်းပေါင်းများစွာသည် အစာရေစာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

AFP သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment