Transparency Myanmar

transparency.myanmar@gmail.com

တောင်-မြောက် ကိုရီးယားနယ်စပ်ဒေသ တစ်လျှောက်တွင် ဂျပန်နှင့်တောင်ကိုရီးယား နိုင်ငံရေး လှုပ်ရှားသူများက ချိုနန်စစ်သင်္ဘော နစ်မြုပ်အောင် တော်ပီတိုဖြင့် ပစ်ခတ်ခဲ့မှုနှင့် ပတ်သက်ပြီး မြောက်ကိုရီးယား အစိုးရအား ပြစ်တင်ရှုတ်ချသည့် ဝါဒဖြန့် လက်ကမ်းစာများ ဖြန့်ကြဲခဲ့ကြကြောင်း သိရသည်။

တောင်ကိုရီးယားတွင် နေထိုင်လျက်ရှိသော မြောက်ကိုရီးယား ပြည်ပြေးများနှင့် မြောက်ကိုရီးယား ဆန့်ကျင်သူ တောင်ကိုရီးယားများက လုံခြုံရေးတပ်ဖွဲများ တင်းကြပ်ထားရာ နယ်စပ်ဒေသဘက်သို့ မိုးပျံလေပူပေါင်းများမှ တစ်ဆင့် ကင်ဂျုံအီဦးဆောင်သော ပြုံယမ်း ကွန်မြူနစ်အစိုးရ ဆန့်ကျင်ရေး ဝါဒဖြန့်စာများ ဇွန်လ ၂၁ ရက်နေ့တွင် ဖြန့်ကြဲခဲ့ကြသည်။

ထို့အတူ အဆိုပါ မိုးပျံလေပူပေါင်းများဖြင့် လက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေကြဲချခဲ့ကြကြောင်း၊ လက်ကမ်းစာစောင်တွင် ကိုရီးယားစစ်ပွဲ စတင်ဖြစ်ပွားစေခဲ့သည့် ကွန်မြူနစ်ခေါင်းဆောင် ကင်အီဆွန်း (လက်ရှိခေါင်းဆောင်ကင်ဂျုံအီလ်၏ဖခင်) အား ပြစ်တင်ဝေဖန်မှုများ၊ ကင်ဂျုံအီလ်ဦးအစိုးရ ဦးဆောင်လုပ်ကိုင်ခဲ့သော ငွေကြေးပြုပြင် ပြောင်းလဲမှု အလွဲအမှားများနှင့် တောင်ကိုရီးယားပိုင် ချိုနန်စစ်သင်္ဘောကို တိုက်ခိုက်ခဲ့ခြင်းကြောင့် လူ ၄၆ ဦး သေဆုံးခဲ့ရမှုအပေါ် ပြစ်တင်ရှုတ်ချမှုများ ရေးသားထားသည်။

မကြာသေးခင်က မြောက်ကိုရီးယားအစိုးရက တောင်ကိုရီးယားဘက်မှ ပြုလုပ်လျက်ရှိသော ဝါဒဖြန့်ယန္တရား (အသံချဲ့စက်များအပါအဝင်) အားလုံးကို အလုံးစုံတိုက်ခိုက်ဖျက် ဆီးသွားမည်ဟု ခြိမ်းခြောက်ခဲ့ပြီးနောက် ယခုလို ဝါဒဖြန့် လက်ကမ်းစာစောင်များ မြောက်ကိုရီးယားဘက်သို့ ဖြန့်ဝေခဲ့ကြခြင်းဖြစ်သည်။

ဝါဒဖြန့်မှုများ လုပ်ကိုင်သောအုပ်စုသည် မူလက လက်ကမ်းစာစောင် ခြောက်သန်းခန့်ကို မိုးပျံလေပူပေါင်း ၁၀၀ ခန့်ဖြင့် ဖြန့်ဝေရန် စီစဉ်ခဲ့ကြသော်လည်း နယ်စပ်ဒေသတွင် လေတိုက်ခိုက်မှု အနေအထား စိတ်တိုင်းကျ မဖြစ်ခဲ့သောကြောင့် လက်ကမ်းစာစောင် ၅၄၀၀၀၀ ခန့်သာ ဖြန့်ဝေနိုင်ခဲ့ကြောင်း စီစဉ်သူများကပြောဆိုသည်။ အဆိုပါ လေပူပေါင်းများ မြောက်ကိုရီးယားဘက်သို့ အမှန်တကယ် ကျရောက်ခြင်းရှိ၊ မရှိဟူသော သတင်းကို အတိအကျမသိရှိရသေးပေ။ ယခု ဇွန်လကုန်ပိုင်းတွင် နောက်ထပ် လေပူပေါင်းများ စေလွှတ်ပြီး ဝါဒဖြန့်ချိရန် စီစဉ်ထားသည်ဟု သိရသည်။

"လက်ကမ်းစာစောင်တွေပေါ်မှာ အမှန်တရားတွေ ထုတ်ဖော်ရေးသားပြီး ကင်ဂျုံအီလ် အစိုးရကို ကျွန်တော်တို့ အပြစ်ပေးချင်တယ်" ဟု National Action Campaign မှ ဥက္ကဌ ဖြစ်ပြီး ဝါဒဖြန့်အုပ်စုများနှင့် ပူးပေါင်းပါဝင်ခဲ့သူ ကပြောသည်။

ဝါဒဖြန့်အုပ်စုများထဲတွင် မြောက်ကိုရီးယား၏ ပြန်ပေးဆွဲမှုခံရသော ဂျပန်လူမျိုးများ ကယ်ဆယ်ရေးဆိုင်ရာ အမျိုးသားအဖွဲ့ (NARJK) မှ အဖွဲ့ဝင်များလည်း ပါဝင်သည်။ အဆိုပါ အဖွဲ့သည် ၁၉၇၀-၈၀ ပြည့်နှစ်များအတွင်း မြောက်ကိုရီးယား အေးဂျင့်များ အဓမ္မခေါ်ဆောင်မှုကို ခံခဲ့ရသော ဂျပန်လူမျိုးများ၏ မိသားစုဝင်များကို ထောက်ပံ့ပေးနေသည့် အဖွဲ့လည်းဖြစ်သည်။

မြောက်ကိုရီးယား အေးဂျင့်များ၏ အဓမ္မခေါ်ဆောင်ခြင်း ခံခဲ့ရသော ဂျပန်လူမျိုးများ ဆက်သွယ်နိုင်မည့် လိပ်စာနှင့် သတင်းအချက်အလက်များ ဝါဒဖြန့် လက်ကမ်းစာစောင် များတွင် ထည့်သွင်းဖော်ပြခဲ့ကြကြောင်း သိရသည်။

တရုတ်နှင့် ဂျပန်နိုင်ငံတို့တွင် ပြန်ပေးဆွဲခံရသော ဂျပန်လူမျိုးများအတွက် လှုပ်ရှား ဆောင်ရွက်နေသည့် အဖွဲ့အစည်းများရှိပြီး ယင်းအဖွဲ့အစည်းများနှင့် ပတ်သက်သော သတင်း အချက်အလက်များကိုလည်း ထည့်သွင်းထားကြောင်း ဝါဒဖြန့်အုပ်စုများထံမှ စုံစမ်းသိရှိရသည်။

"မြောက်ကိုရီးယားအစိုးရက ကမ္ဘာတစ်လွှားက လူတွေပြန်ပေးဆွဲထားတယ် ဆိုတဲ့ကိစ္စကို မြောက်ကိုရီးယား ပြည်သူတွေ မသိကြပါဘူး" ဟု NARJK အုပ်စုမှ ဥက္ကဌဖြစ်သူ Tsutomu Nishioka က ပြောဆိုသည်။

မြောက်ကိုရီးယားသည် ဂျပန်နိုင်ငံသား ၁၃ ဦးကို ပြန်ပေးဆွဲထားကြောင်း ဝန်ခံပြောဆိုထားပြီး ထိုအထဲမှ ငါးဦးကို ဂျပန်နိုင်ငံသို့ ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်သည်။ ကျန်ရှိသော ရှစ်ဦးမှာ သေဆုံးသွားပြီ ဖြစ်သည်ဟု ဆိုသည်။ မြောက်ကိုရီးယား နိုင်ငံထဲတွင် သေဆုံးသွားသော အဆိုပါ ဂျပန်ရှစ်ဦး၏ သေဆုံးမှု သက်သေအထောက်အထား ကို ဂျပန်နိုင်ငံက တောင်းဆိုထားပြီး အခြားသော သံသယဖြစ်ဖွယ် ပြန်ပေးဆွဲမှုများကို အမှုဖွင့် စစ်ဆေးရန်ပြင်ဆင်လျက်ရှိသည်။

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့သည် ၂၀၀၄ ခုနှစ်တွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ဝါဒဖြန့်ချိ ထိုးစစ်ဆင်မှုများကို ရပ်ဆိုင်းခဲ့ကြသည်။ ၂၀၀၀ ပြည့်နှစ်အတွင်း ကျင်းပခဲ့သော ကိုရီးယား ထိပ်သီးဆွေးနွေးပွဲ အလွန်ကာလ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာမှုကြောင့် ရပ်ဆိုင်းခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ပြီးခဲ့သည့် မတ်လအတွင်း ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုသည် မြောက်ကိုရီးယား တော်ပီတို ဒုံးကျည်ဖြင့်
တိုက်ခိုက်ခံရမှုကြောင့် ဖြစ်သည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် တောင်ကိုရီးယားဘက်က ဝါဒဖြန့် ထိုးနှက်တိုက်ခိုက်မှုများကို ပြန်လည်စတင်ခဲ့သည်။

ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုနှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့်
မြောက်ကိုရီးယားကို ထိထိရောက်ရောက် အရေးယူပေးပါရန် တောင်ကိုရီးယားက အဆိုပြု တောင်းဆိုထားသည်။ ယင်းဖြစ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားက နယ်စပ်ဒေသ တစ်လျှောက်တွင် အသံချဲ့စက် ၁၁ လုံး တပ်ဆင်ကာ ဝါဒဖြန့်လှုံ့ဆော်မှုများကို စတင်ခဲ့သည်။

သို့သော်ယခုအချိန်တွင် လက်ကမ်းစာစောင်များ လေပူပေါင်းဖြင့် ဖြန့်ဝေနေချိန်ဖြစ်၍ အသံချဲ့စက်ဖြင့် ဝါဒဖြန့်မှုကို ရပ်ဆိုင်းထားသည်ဟု ဆိုသည်။ တောင်ကိုရီးယား ဦးဆောင်သော နိုင်ငံပေါင်းစုံပါ စုံစမ်းစစ်ဆေးရေးအဖွဲ့က ချိုနန်စစ်သင်္ဘော နစ်မြုပ်မှုတွင် မြောက်ကိုရီးယားသည်
အဓိက တာဝန်ရှိသူဖြစ်သည်ဟု နိဂုံးချုပ် သုံးသပ်တင်ပြခဲ့သည်။

သို့သော်မြောက်ကိုရီးယားက အဆိုပါကိစ္စ မိမိတို့တွင် တာဝန်မရှိဟု ငြင်းပယ်ပြီး တောင်ကိုရီးယားကို စစ်ရေးဖြင့် တုံ့ပြန်မည်ဟု ခြိမ်းခြောက်ပြောဆိုသည်။

AP သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment