Inchincloser, 29th July 2010
မြန်မာနိုင်ငံသည် ရေနံနှင့် သဘာဝဓါတ်ငွေ့ ကြွယ်ဝပြီး၊ တရုတ်နှင့် အိန္ဒိယကြားတွင် မဟာဗျူဟာ ကျကျ တည်ရှိနေခြင်းကြောင့် နိုင်ငံများ ကြားတွင် ပြိုင်ဆိုင်မှုများ၊ ပူးပေါင်း ဆောင်ရွက်မှုများကို ဖြစ်စေသည်။ တရားဝင် သတင်း အချက်အလက်များ ရရှိရန် ခက်ခဲသော်လည်း၊ တရုတ်၊ တောင်ကိုးရီးယား၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့သည် မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု တိုက်ရိုက် (FDI) ပြုသောနိုင်ငံများ ဖြစ်မည်ဟု ခန့်မှန်းနိုင်သည်။ သို့သော် ပြီးခဲ့သည့် ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်တွင် ကမ္ဘာ့ စီးပွားရေးကပ်နှင့် အမေရိကန်နှင့် အီးယူတို့၏ အရေးယူမှု ပိုမို တင်းကြပ်မှုကြောင့် မြန်မာနိုင်ငံတွင် FDI ၇၀ % ကျဆင်းခဲ့ရသည်။
မြန်မာနိုင်ငံ အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဋ္ဌာန၏ ကိန်းဂဏန်းများ အရ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် ၂၀၀၈-၂၀၀၉ တွင် အမေရိကန် ဒေါ်လာ (၉၈၅) သန်း ရှိခဲ့ရာမှ ၂၀၀၉-၂၀၁၀ တွင် ဒေါ်လာ (၃၁၅) သန်းသာ ရှိပြီး ၆၈ % ထိုးကျခဲ့သည်။ ထိုကဲ့သို့ ထိုးဆင်းသွားခြင်းမှာ ၂၀၀၈နှင့် ၂၀၀၉ တွင် တရုတ်က သတ္တု တူးဖော်ရေး ကဏ္ဍတွင် ဒေါ်လာ (၈၆၀) သန်း ရင်းနှီး မြှုပ်နှံခဲ့ပြီး၊ ယမန်နှစ်ကမူ ရင်းနှီး မြှုပ်နှံမှု မရှိ၍ ဖြစ်သည်။ တရုတ်၏ ရင်းနှီး မြှုပ်နှံမှုများ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု၏ ၈၇ % ရှိသည်။
တိုင်းပြည်တွင်း ရင်းနှီး မြှုပ်နှံမှုများ ဝင်ရောက် လာရေးနှင့် အိမ်နီးချင်းများနှင့် မဟာဗျူဟာ ကျသော ဆက်ဆံရေးများ တည်ဆောက်နိုင်ရန် မကြာသေးမီက ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် နယူးဒေလီတွင် အိန္ဒိယ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ အိန္ဒိယနှင့် တရုတ်တို့သည် မြန်မာနိုင်ငံတွင် ဒေါ်လာ သန်းချီ၍ ရင်းနှီး မြှုပ်နှံမှု ပြုနေခြင်းမှာ အကြောင်းအချက် နှစ်ခု ရှိသည်။
မြန်မာနိုင်ငံတွင် ရှည်လျားသော ပင်လယ် ကမ်းရိုးတန်းကြီး ရှိသည့် အလျောက် ကမ္ဘာပေါ်တွင် မဟာဗျူဟာ အကျဆုံး ရေကြောင်းလမ်းများတွင် တစ်ခု အပါအဝင် ဖြစ်သော မလက္ကာ ရေလက်ကြား အနီးတွင် ရေတပ်များ ချထားရန် အထူး သင့်လျော်လှသည်။ မလက္ကာ ရေလက်ကြားသည် မလေးရှားနှင့် အင်ဒိုနီးရှား အကြားရှိ ကျဉ်းမြောင်းသော သင်္ဘော သွားလာနိုင်သည့် ရေလမ်းဖြစ်ပြီး ပါရှန် ပင်လယ်ကွေ့နှင့် တရုတ် အကြား အတိုဆုံး ပင်လယ် လမ်းကြောင်းဖြစ်သည်။ ၎င်းမှာ အာရှတိုက်တွင် အဓိက စစ်ဆေးမှုဂိတ် ဖြစ်သည်။ တရုတ်နိုင်ငံ၏ ၈၀% သော ရေနံ တင်သွင်းမှုများကို ရေနံတင် သင်္ဘောများဖြင့် မလက္ကာ ရေလက်ကြားကို ဖြတ်ကြရသည်။ ထို့ကြောင့် မလက္ကာ ရေလက်ကြားသည် တရုတ်နှင့် အိန္ဒိယ အတွက် အဓိက အရေးပါသော နေရာ ဖြစ်နေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံကလည်း တရုတ်၏ ပုလဲကုံး သီအိုရီ (string of pearls theory) အရ မဟာဗျူဟာ ကျသော နေရာတွင် ရှိနေသည်။ အဆိုပါ သီအိုရီတွင် မလက္ကာ ရေလက်ကြားအား အမေရိကန်က ထိန်းချုပ်ထားမှုအား တန်ပြန် ပြုလုပ်နိုင်ရေး အတွက် ရေးဆွဲထားသည်။
မြန်မာနိုင်ငံ တည်နေရာသည် တရုတ်နှင့် အိန္ဒိယအတွက် စစ်ရေး အရ အရေးကြီးသော နေရာတွင် ရှိနေသည်။ ၁၉၉၂ ခုနှစ်က မြန်မာနိုင်ငံသည် တရုတ်နှင့် သဘောတူညီမှု တစ်ခု ရရှိခဲ့ရာ၊ မြန်မာ့ ရေတပ်အား ခေတ်မီအောင် တပ်ဆင်ပေးပါက ဂရိတ်ကိုကိုးကျွန်းကို တရုတ်ရေတပ်အား အသုံးပြုခွင့် ပေးမည်ဟု ဖြစ်သည်။ ကိုကိုးကျွန်းကို အိန္ဒိယ၏ အင်ဒမန်နှင့် နီကိုဘာကျွန်းများမှ ၁၈ ကီလိုမီတာ အကွာတွင် တည်ရှိသည်။ ထိုကတည်းက တရုတ် ပညာရှင်များသည် ဂရိတ် ကိုကိုးကျွန်းပေါ်တွင် အီလက်ထရွန်းနစ် ထောက်လှမ်းရေး စခန်း တစ်ခု တည်ဆောက်ခြင်း၊ ဘင်္ဂလား ပင်လယ်အော်ရှိ စစ်တွေ၊ ကျောက်ဖြူနှင့် မြိတ်တို့တွင် စစ်တပ်သုံး ဆိပ်ကမ်း အဆောက်အဦးများ တိုးတက် ပြုလုပ်ပေးခြင်းနှင့် ဟိုင်းကြီးကျွန်းတွင် အဓိက ရေတပ်စခန်း ဋ္ဌာနချုပ် တစ်ခု တည်ဆောက်ပေးခြင်းများ ပြုလုပ်ပေးခဲ့သည်။
ထို့အပြင် တရုတ်သည် ရန်ကုန်နှင့် စစ်တွေ ဆက်သွယ်သော ကားလမ်း တည်ဆောက်မှုအတွက် ငွေထောက်ပံ့ခဲ့သည်။ တရုတ်နိုင်ငံ တောင်ပိုင်းမှ အိန္ဒိယ သမုဒ္ဒရာသို့ ထွက်နိုင်သော အတိုဆုံးလမ်း ရရှိရေး အတွက် ထောက်ပံ့နေခြင်း ဖြစ်သည်။ တရုတ်သည် အဝေးပြေးလမ်း တည်ဆောက်ခြင်း၊ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးများ တည်ဆောက်ပေးခြင်းဖြင့် တဆင့်ခံ ကုန်သွယ်ရေးကို ပိုမို လွယ်ကူစေပြီး၊ ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ပေါ်စေသည်။ မြန်မာ ဆိပ်ကမ်းများနှင့် ရေတပ် တည်ဆောက်ရေးများတွင် ပါဝင်ခြင်းဖြင့် တရုတ်သည် ဘင်္ဂလား ပင်လယ်အော်တွင် မဟာဗျူဟာ ကျသော လွှမ်းမိုးမှု ရရှိနိုင်သည်။ ထိုသို့ဖြင့် ၎င်း၏ ပုလဲကုံး သီအိုရီကို ပိုမို ခိုင်မာ အားကောင်းစေမည် ဖြစ်သည်။
အိန္ဒိယ နိုင်ငံကလည်း မြန်မာနိုင်ငံအား ဆွဲဆောင်ရန် ကြိုးစားလျက် ရှိသော်လည်း၊ ဤဆင်းရဲသော မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံလောက် ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်နိုင်ခဲ့ပေ။ နယူးဒေလီသည် ရန်ကုန်နှင့် ကူးသန်း ရောင်းဝယ်ရေး အဆက်အဆံ အတွက် လက်မှတ် ရေးထိုးခဲ့ရာ စစ်တွေ ဆိပ်ကမ်းမှ ကလကတ္တား အထိ ဆက်သွယ်မှု လမ်းကြောင်း အတွက် ဒေါ်လာသန်း (၁၀၀) အသုံးပြုမည် ဖြစ်သည်။ သန်းရွှေ၏ မကြာသေးမီက အိန္ဒိယ ခရီးစဉ်တွင် EXIM ဘဏ်သည် ရထားလမ်း စီမံကိန်းများအတွက် မြန်မာနိုင်ငံသို့ ဒေါ်လာသန်း (၆၀) ပေးရန် သဘောတူခဲ့သည်။ တရုတ်နှင့် ပါကစ္စတန် တို့မှ စစ်ရေးအရ ဖိအားပေးမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သဖြင့် အိန္ဒိယသည် မြန်မာ အစိုးရအား ဆွဲဆောင်သည့် အနေဖြင့် စစ်ရေး လေ့ကျင့်ပေးမှု အစီအစဉ်များ၊ လက်နက်များနှင့် စစ်ရေး ဆိုင်ရာ အမာထည် ပစ္စည်းများ (military hardware) ရောင်းချပေးမှုများ ပံ့ပိုးခဲ့သည်။
ယခု လောလောဆယ် သဘာဝ ဓါတ်ငွေ့သည် မြန်မာနိုင်ငံ၏ အရေးကြီးဆုံးသော ဝင်ငွေရလမ်း ဖြစ်သည့် အပြင် မြန်မာနိုင်ငံ၏ FDI ၏ သုံးပုံတစ်ပုံသည် ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍ ဖြစ်သည်။ ၁၉၈၈ ခုနှစ်မှ စ၍ မြန်မာနိုင်ငံ၏ စုစုပေါင်း FDI သည် ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍတွင် အမေရိကန် ဒေါ်လာ ၂.၅ ဘီလျံ ရှိရာ၊ စုစုပေါင်း FDI ၏ ၃၃ % ရှိသည်။ အိန္ဒိယနှင့် တရုတ်တို့၏ မြန်မာနိုင်ငံနှင့် နီးစပ်အောင် ကြိုးစားမှုများသည် ၎င်းတို့၏ စွမ်းအင်ကဏ္ဍ လုံခြုံရေး အတွက် တိုးတက်မှုများ ရှိသည်။ ၎င်းတို့အတွက် စွမ်းအင် ဖြည့်တင်းရေး အရင်းအမြစ် အသစ် ရရှိပြီး၊ ဈေးကြီးသော LNG ( Liquid natural gas) သယ်ယူ ပို့ဆောင်ရသော ဒုက္ခကို ရှောင်ရှားပြီး ဖြစ်စေသည်။
၂၀၀၄ ခုနှစ်တွင် တောင်ကိုးရီးယား အစိုးရပိုင် ဒေဝူး ၇၀ %၊ အိန္ဒိယ၏ ONGC ၂၀ %၊ GAIL ၁၀ % ပါဝင်သော အဖွဲ့မှ ရခိုင်ကမ်းရိုးတန်း အနီးတွင်ရှိ ရွှေသဘာဝဓါတ်ငွေ့ လုပ်ကွက်မှ သဘာဝ ဓါတ်ငွေ့ အမြောက်အမြား တွေ့ရှိခဲ့သည်။ အဆိုပါ သဘာဝ ဓါတ်ငွေ့များကို တရုတ်နိုင်ငံသို့ ရောင်းချမည် ဖြစ်ရာ၊ အဆိုပါ ဓါတ်ငွေ့သည် အိန္ဒိယနှင့် တရုတ်ကြား ဆက်ဆံရေးတွင် အငြင်းပွားစရာ ကိစ္စ တစ်ခု ဖြစ်လာသည်။ တရုတ်-အိန္ဒိယ စွမ်းအင် ကော်ပိုရေးရှင်းများ ကြားတွင် အတားအဆီး တစ်ခု ဖြစ်လာသည်။
အဆိုပါ ဓါတ်ငွေ့အား ပထမဦးစွာ မြန်မာ အစိုးရက အိန္ဒိယသို့ ပိုက်လိုင်းဖြင့် ဝယ်ယူနိုင်ရေး အခွင့်အရေး ပေးခဲ့သော်လည်း၊ အိန္ဒိယ အနေဖြင့် ဘင်္ဂလားဒေ့ရှ်နှင့် ဆက်ဆံရေး မပြေလည်သဖြင့် အဆိုပါ ကိစ္စ ပျက်ပြားသွားခဲ့ရသည်။ တရုတ်က အခြေအနေကို အခွင့်ကောင်းယူနိုင်ခဲ့သည်။ တရုတ်က မြန်မာနိုင်ငံကို ဖြတ်ပြီး ဘီလျံ ဒေါ်လာချီ၍ ရင်းနှီး မြှုပ်နှံမည့် ရေနံနှင့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း တည်ဆောက်ရန် အဆိုပြုပြီး အိန္ဒိယ ကို အလွယ်တကူ အနိုင်ယူခဲ့သည်။ မြန်မာနိုင်ငံ၏ ရေနက် ဆိပ်ကမ်း ကျောက်ဖြူမှ တရုတ်ပြည် ယူနန်ပြည်နယ် ကူမင်း အထိ ကီလိုမီတာ ၂၃၀၀ ကျော် ပိုက်လိုင်း သွယ်မည်ဖြစ်ပြီး၊ ကူမင်းတွင် ရေနံချက် စက်ရုံ တည်ဆောက်ရန် တရုတ်က စီစဉ်ထားသည်။
ပို၍ ကျယ်ကျယ်ပြန့်ပြန့် ပြောရလျှင် မြန်မာတရုတ် ရေနံပိုက်လိုင်းသည် အာဖရိက ဆူဒန်နှင့် အခြား ဒေသများနှင့် အီရန်၊ ဆော်ဒီအာရေဗီးယား တို့ကဲ့သို့ အရှေ့အလယ်ပိုင်းမှ တရုတ်တို့ ဝယ်ယူထားသော ရေနံနှင့် သဘာဝဓါတ်ငွေ့များအတွက် သယ်ယူရာ လမ်းကြောင်းဖြစ်လာပြီး၊ ပြဿနာ ဖြစ်နိုင်သော မလက္ကာ ရေလက်ကြား အပေါ် မှီခိုရမှုများကို ထိန်းချုပ်လိုက်ပါက မြန်မာနိုင်ငံသည် တရုတ်ပြည်မကြီးနှင့် ဘင်္ဂလားဒေ့ရှ်နှင့် အခြားနိုင်ငံများ ကြားတွင် တံတားသဖွယ် ဖြစ်လာမည် ဖြစ်သည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named
http://transparencymyanmar2010.blogspot.com/ upon their request.