Transparency Myanmar

transparency.myanmar@gmail.com

The Nation, 30th June 2010

(ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ ဥက္ကဋ္ဌ ရှမ်းပြည်တောင်ပိုင်း တပ်မတော် စစ်ဦးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် ရေးသားသော ဆောင်းပါး)

မြန်မာ စစ်ဖက်အစိုးရ အပေါ် တိုင်းရင်းသား တော်လှန်ရေး အုပ်စုများ၏ နှစ်ပေါင်း ၅၀ကျော်ကြာ လက်နက်ကိုင် တော်လှန်မှုမှာ အောင်မြင်မှု မရရှိခဲ့ပါ။ ယခုကဲ့သို့ ကျဆုံးရခြင်း၏ အကြောင်းရင်းများကို စိစစ်ရာတွင် မိမိတို့၏ အားနည်းချက်များကို ထုတ်ဖော် သုံးသပ်ရန် လိုအပ်သည်။

ပထမအချက်မှာ မိမိတို့၏ နိုင်ငံ ချစ်စိတ်သည် တစ်ဦးချင်း၏ အနေအထားနှင့် နေရာပေါ်တွင် အဓိက မှီခိုနေခြင်းပင် ဖြစ်သည်။ ထို့ကြောင့်ပင် မိမိတို့ ပန်းတိုင်ကို ရောက်ရှိစေမည့် ခိုင်မာသော စည်းလုံး ညီညွတ်မှုကို မရရှိခဲ့ကြပါ။

ဒုတိယ အချက်မှာ နိုင်ငံရေး အပိုင်း ဖြစ်ပြီး အချို့က ဖက်ဒရယ်ပြည်ထောင်စု၊ အချို့က လုံးဝ လွတ်လပ်ရေး စသဖြင့် ကွဲပြား ခြားနားသော မူဝါဒ ရည်မှန်းချက် အမျိုးမျိုးကို ချမှတ်ခဲ့ကြခြင်း ဖြစ်သည်။ ယင်းကဲ့သို့ နိုင်ငံရေး အယူအဆများ ကွဲပြားမှုကြောင့်ပင် မိမိတို့ တစ်ပွဲပြီး တစ်ပွဲ စစ်တိုက်နေကြခြင်း ဖြစ်သည်။ နိုင်ငံရေး ဗဟုသုတချို့တဲ့သူများနှင့် ပညာမတတ်သူများက စစ်ပွဲများကို မီးထိုးပေးနေကြခြင်း ဖြစ်ပြီး အများစုမှာ အလွယ်တကူ ကြိုးကိုင် ခြယ်လှယ် ခံနေရသည့် သဘော သက်ရောက်နေသည်။

အခြားတဖက်တွင်လည်း ပညာတတ် ပညာရှင်များမှာ ခက်ခဲသော ရုန်းကန်မှုကို ရင်ဆိုင်ရန် မလိုလားကြဘဲ ၎င်းတို့နေအိမ် အမိုးအောက်မှနေ၍ သင်ခန်းစာ ဥပဒေသများ ပေးခြင်းလောက်ကိုသာ ပြုလုပ်နေကြပါသည်။ ဘဝကို စွန့်လွှတ်၍ အပြင်သို့ထွက်ကာ ပြည်သူတို့အတွက် အလုပ်လုပ်သူ ပညာတတ်များမှာ အနည်းငယ်သာ ရှိသည်။

ထို့အပြင် တော်လှန်ရေးနှင့် ပတ်သက်နေသော လူအများစုမှာ မိတ်ဆွေနှင့် ရန်သူကို မည်သို့ ခွဲခြားရမည်ကိုပင် မသိကြပါ။ သဘောမတူမှု၊ ကန့်ကွက်မှုတို့နှင့် ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့သည် အဖွဲ့ငယ်လေးများ ကွဲထွက်သွားကာ ရန်သူထံ အညံ့ခံသွားကြသည်။ ထိုအခါ ၎င်းတို့သည် တော်လှန်ရေး အုပ်စုများ၏ အားနည်းချက်များကို ရန်သူထံ ဖောက်သည်ချသည့် သတင်းပေးများ ဖြစ်လာကြသည်။ တကယ့်ရန်သူ အစစ်ကို ၎င်းတို့ မေ့သွားကြခြင်း ဖြစ်သည်။

သဘောထား ကွဲလွဲမှုနှင့် အငြင်းပွားမှုသည် ပြည်တွင်းရေးရာ၏ သဘာဝ ဖြစ်စဉ်တစ်ခုသာ ဖြစ်သည်။ သို့ရာတွင် ဘယ်နှစ်ကြိမ်ပင် သဘောကွဲလွဲပါစေ၊ အငြင်းပွားမှု မည်မျှပင်ကြီးပါစေ၊ မိမိတို့အနေဖြင့် အုပ်စု ကွဲမသွားသင့်ပါ။ ထိုအခါမျိုးတွင် မျက်နှာချင်းဆိုင်ကာ၊ စေ့စပ်ညှိနှိုင်းကာ၊ အလျှော့ပေး လိုက်လျောကာ ရန်သူကို အနိုင်ယူနိုင်မည့် နည်းလမ်းကို ရှာဖွေသင့်သည်။ ဆိုလိုသည်မှာ ပိုမို၍ သတိထားကြရန်နှင့် စည်းလုံးခြင်း၏ အားကို ထိန်းသိမ်းကြရန် ဖြစ်ပါသည်။

အတိတ်ကာလ တစ်လျှောက် မိမိတို့သည် စိတ်ရင်း ဆန္ဒမပါဘဲ အပေါ်ယံ စကားလုံးများဖြင့် မဟာမိတ် ဖွဲ့ခဲ့ကြသည်။ ဤသည်မှာ လူအများ၏ အကျိုးစီးပွားကို ကျော်၍ လူတစ်ဦးခြင်း၊ အဖွဲ့အစည်း တစ်ခုခြင်း၏ အကျိုးစီးပွားကို ဦးစားပေးခဲ့ကြခြင်းပင် ဖြစ်ပါသည်။ အဖွဲ့တစ်ခုကို ရန်သူက တိုက်ခိုက်လာသည့် အချိန်တွင် ၎င်း၏ မဟာမိတ်များက ကူညီရန် ပျက်ကွက်ခဲ့ကြခြင်းမှာ ၎င်းတို့ တိုက်ရိုက် တိုက်ခိုက်ခံရခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ သို့ရာတွင် အကယ်၍သာ ပထမအုပ်စုကို ရန်သူက အနိုင်ရသွားပါက ၎င်း၏ မဟာမိတ်များမှာ ဒုတိယ ပစ်မှတ်ဖြစ်လာလိမ့်မည်။ သို့ဖြစ်ရာ မဟာမိတ်တို့၏ ကဏ္ဍဆိုသည်မှာ တစ်ဦးကို တစ်ဦး ကူညီကာ ရန်သူကို နှိမ်နှင်းရန် ဖြစ်သည်ဟူသော အချက်ကို မီးမောင်းထိုးပြနေသည်။

တတိယ အချက်မှာ အမျိုးသား အကျိုးစီးပွားကို မဆောင်ကြဉ်းနိုင်မှီ တစ်ဦးခြင်း အတ္တကို ရှေ့တန်းတင်နေခြင်းကြောင့် စည်းလုံးညီညွတ်သော အုပ်စု မဖွဲ့နိုင်ခဲ့ခြင်းပင် ဖြစ်သည်။ စုဝေးလိုက်ပြီဆိုလျှင် အမြဲတမ်း သဘောထား ကွဲလွဲခဲ့ကြသည်။ နယ်မြေပိုင်နက် ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး အုပ်စုများ အကြား မကြာခဏ တိုက်ခိုက်ခဲ့ကြသော်လည်း ပြည်သူတို့ကို ကာကွယ်ရန် (သို့) တိုင်းပြည် ပြန်လည် ထူထောင်ရန် ပျက်ကွက်ခဲ့ကြသည်။

မိမိတို့သည် စည်းလုံးမှုကို အားနည်းစေသည့် ကိုယ်ကျိုးစီးပွားနှင့် အငြင်းပွားမှုများကြောင့် ဝါးအစည်းပြေကာ ရန်သူကို အနိုင်မယူနိုင်ခဲ့ခြင်း ဖြစ်သည်။ လက်နက်ကိုင် တော်လှန်ရေး  အုပ်စုများ၏ ပျက်စီးမှု အတွက် တာဝန်ရှိသူမှာ ပြည်ပမှ ရန်သူ သာမကပဲ အတွင်းရန်သူကြောင့်လည်း ပါဝင်သည်။ တန်ဖိုးကြီးကြီး ပေးဆပ် ရရှိခဲ့သော သင်ခန်းစာမှာ အလွန်ရှင်းလင်းပါသည်။ မိမိတို့သည် ပြန်လည်ပေါင်းစည်းရေးကို ရည်ရွယ်လုပ်ဆောင်ရမည် ဖြစ်ကာ မှန်ကန်သော မူဝါဒများဖြင့် ခိုင်မာသော စည်းလုံးမှုကို တည်ဆောက်ကြရလိမ့်မည် ဖြစ်သည်။

သို့မဟုတ်ပါက အောင်မြင်မှုသို့ ချီတက်ရာ လမ်းကြောင်းပေါ်တွင် အတားအဆီး၊ အခက်အခဲများစွာ ကြုံတွေ့ရပါလိမ့်မည်။

စတုတ္ထအချက်မှာ အကယ်၍သာ မိမိတို့၏ တော်လှန်ရေးကို ဗီယက်နမ် ခေါင်းဆောင်ကြီး ဟိုချီမင်းနှင့် နှိုင်းယှဉ်မည် ဆိုပါက မိမိတို့၏ ကြိုးပမ်းမှုများမှာ သူ့အတွက် ပြိုင်ဘက် မဖြစ်နိုင်ခြင်းပင် ဖြစ်သည်။ မိမိတို့တွင် လုပ်ရည်ကိုင်ရည်ရှိသော နိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင်များ အပါအဝင် ပညာတတ် ပြည်သူများ လိုအပ်နေပါသည်။ မိမိတို့ ပြည်သူများတွင်လည်း ဖွံ့ဖြိုးနိုင်သည့် စွမ်းရည်ပြည့်ဝရန် လိုအပ်နေသည်။

ရှမ်းနိုင်ငံရေး ပါတီများမှာလည်း အားမကိုးရပါ၊ နိုင်ငံရေးသမား အများစုမှာ ရန်သူ၏ ခြိမ်းခြောက်မှုများကြောင့် အိမ်မှပင် မထွက်ရဲကြပါ။ မြန်မာအစိုးရ၏ ဖိအားပေးခြိမ်းခြောက်မှုများက ၎င်းတို့အား လက်နက်ကိုင် အဖွဲ့များ ကဲ့သို့ အလားတူ မူဝါဒများ ထုတ်ပြန်ခြင်းကို တားဆီးထားပါသည်။

အကယ်၍သာ မိမိတို့သည် ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်ဆိုင်ရာ နိုင်ငံရေး အယူအဆကိုလက်ခံကာ မြန်မာအစိုးရကို ဆန့်ကျင်ရန် စည်းလုံးညီညွတ်မည် ဆိုပါက နိုင်ငံရေး မဟာဗျူဟာများ ချမှတ်ရန် ခက်ခဲတော့မည် မဟုတ်ပါ။ သို့သော်လည်း ဖက်ဒရယ် ပြည်ထောင်စု၏ အစိတ်အပိုင်းဖြစ်လိုသော တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများက လုံးဝလွတ်လပ်ရေး အတွက် တိုက်ပွဲဝင်နေသူများနှင့် သဘောတူနိုင်ကြမည် မဟုတ်ပါ။ နောက်ဆုံးရလဒ်မှာ ညီညွတ်မှု တည်ဆောက်ရာတွင် နှောင့်နှေး ကြန့်ကြာနေခြင်းပင် ဖြစ်သည်။ အကယ်၍သာ ရှေးယခင်က ကဲ့သို့ ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသား လူမျိုးစုများ ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ရေး " မူ '' ကို ဝ၊ ပလောင်၊ ပအို့နှင့် လားဟူ တိုင်းရင်းသား အုပ်စုများက လက်ခံနိုင်ကြမည် ဆိုလျှင် ရှမ်းဖက်ဒရယ် ပြည်နယ်သစ်မှာ အလှမ်းမဝေးတော့ပါ၊ မိမိတို့သည် အခက်အခဲများကို ကျော်လွှားကာ ပွင့်လင်းသော ဆွေးနွေးပွဲများ ကျင်းပ၍ တိုင်းရင်းသား အုပ်စုများ၏ အခွင့်အရေးများကို အာမခံနိုင်ပါလိမ့်မည်။

ပဉ္စမအချက်အနေဖြင့် လက်နက်ကိုင် အုပ်စုများသည် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး စတင် သဘောတူခဲ့ချိန်တွင် နိုင်ငံရေး နယ်ပယ် ဆုံးရှုံးသွားခဲ့ကြခြင်းပင် ဖြစ်သည်။ မြန်မာအစိုးရသည် ယခုအချိန်တွင် ၎င်းတို့၏ စေ့စပ်ဆွေးနွေးရာ၌ အပေါ်စီး ရရှိသွားပြီ ဖြစ်သည်။

အပစ်ရပ် အုပ်စုများက ၎င်းတို့အနေဖြင့် အစိုးရနှင့် နိုင်ငံရေး အကြောင်းအရာကို ဆွေးနွေးပြောဆိုနိုင်လိမ့်မည်ဟု မှားယွင်းစွာ ယုံကြည်ခဲ့ကြပါသည်။ တချိန်ထဲတွင် လူသူ စုဆောင်းခြင်း၊ ရန်ပုံငွေရှာဖွေခြင်း၊ လက်နက် သိုလှောင်ခြင်း တို့ကို လုပ်နိုင်လိမ့်မည်ဟု ယူဆခဲ့ကြသည်။ လုံးဝမှားယွင်းသည်။ အပစ်ရပ် အဖွဲ့များ၏ နိုင်ငံရေးနှင့် စစ်ရေး ရည်မှန်းချက်များ မအောင်မြင်စေရန် မြန်မာအစိုးရက တားဆီးကာာ အလွန်လှပသော ဂိမ်းကိုလိမ္မာ ပါးနပ်စွာ ကစားသွားခဲ့သည်။

မြန်မာအစိုးရက အကြောင်းရင်း နှစ်ချက် အတွက် အပစ်ရပ် ဆွေးနွေးပွဲများကို ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

(၁)     နိုင်ငံရေး လှုပ်ရှားမှု အတွင်းသို့ ဒေါ်အောင်ဆန်းစုကြည် ပိုမိုတက်ကြွ ပါဝင် ပတ်သက်လာပြီးနောက် မြန်မာနိုင်ငံတွက် ပြည်တွင်းနိုင်ငံရေး အကျပ်အတည်း ပိုမိုပြင်းထန်လာသည်။ အစိုးရအနေဖြင့် ၎င်း၏ပြည်တွင်းရေး ပြဿနာကို ပထမဦးစွာ ဖြေရှင်းရန် လိုအပ်ခဲ့သည်။

(၂)     ၁၉၈၉ ခုနှစ်တွင် သခင် ဗသိန်းတင် ခေါင်းဆောင်သော ဗမာပြည် ကွန်မြူနစ် ပါတီ လက်အောက်မှ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများစွာ ပုန်ကန် ခွဲထွက်ခဲ့ကြသည်။ ထိုအခြေအနေတွင် တစ်ခုထဲသော အတိုက်အခံ တပ်ဖွဲ့ အဖြစ် တိုင်းရင်းသား အုပ်စုများ ပူးပေါင်း ဖွဲ့စည်းမည်ကို အစိုးရက ကြောက်ရွံ့သောကြောင့် အပြန်အလှန် လိုက်လျောမှုများ ပြုလုပ်ကာ အပစ်အခတ်ရပ်စဲရေးကို ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD ပါတီနှင့် တိုင်းရင်းသား အုပ်စုများ မဟာမိတ်ဖွဲ့ ပူးပေါင်းသွားနိုင်ခြင်းကို တားဆီးရန် အစိုးရက အသည်းအသန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

မြန်မာအစိုးရ ကျင့်သုံးလေ့ရှိသော နည်းဗျူဟာ၏ သွင်ပြင်လက္ခဏာကို " သူအားနည်းနေတဲ့ အချိန်မှာ မင်းကို ဒူးထောက်ပြီး အသနားခံလိမ့်မယ်၊ ဒါပေမဲ့ သူအားကောင်းလာပြီဆိုရင် မင်းရဲ့ တောင်းဆိုမှုကို လျစ်လျူရှုပြီး မင်းရဲ့ တောင်းပန်နေတဲ့ လက်တွေကို ဖြတ်ပစ်လိမ့်မယ်'' ဟု ပုံဖော်ပြောကြားနိုင်သည်။

လွန်ခဲ့သည့် အနှစ်၂၀ အပစ်အခတ်ရပ်စဲရေး မူဝါဒ စတင်ခဲ့ချိန်မှစ၍ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရေး ဟူသော အတွေးအခေါ် ရုပ်လုံးပေါ်လာခြင်း မရှိတော့ပါ၊ အခြားသော တော်လှန်ရေး အုပ်စုများက ၎င်းတို့၏ နိုင်ငံရေး ယုံကြည်ချက်ကို မစွန့်ပဲ အကျပ်အတည်း၌ ရုန်းကန်နေချိန်တွင် အချို့ အပစ်ရပ် အဖွဲ့များက အစိုးရထံမှ စီးပွားရေး အထူးအခွင့်အလမ်းများကို လက်ခံကာ ၎င်းတို့၏ ယုံကြည်ချက်ကို စွန့်လွှတ်ခဲ့ကြသည်။ ၎င်းတို့၏ နိုင်ငံရေး ရည်ရွယ်ချက်များ လမ်းချော်သွားမှုကြောင့် ယခုအခါ မြန်မာအစိုးရ၏ တစ်ရစ်ပြီး တစ်ရစ် ဝက်အူ တင်းလာခြင်းကို ထိရောက်မှုမရှိသော တစ်ရက်ခြင်း ရေလိုက်ငါးလိုက် နည်းလမ်းဖြင့် ရင်ဆိုင်တုန့်ပြန်ရသည့် အခြေအနေဖြင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းရန်ပင် ၎င်းတို့လက်မှ အလှမ်းဝေးနေပြီ ဖြစ်သည်။

ထို့အပြင် အကယ်၍သာ အပစ်ရပ် အုပ်စုများ အနေဖြင့် ယခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ရန် သဘောတူခြင်း သို့မဟုတ် နယ်ခြားစောင့်တပ် ပြည်သူ့ စစ် အဖြစ် အသွင်ပြောင်းရန် သဘောတူခြင်း တို့ကို ပြုလုပ်ခဲ့ပါက ၎င်းတို့၏ မူလ နိုင်ငံရေး ရည်ရွယ်ချက်များ ရှင်းရှင်းလင်းလင်းပင် ကျဆုံး သွားတော့မည် ဖြစ်သည်။ ၂၀၀၈ အခြေခံ ဥပဒေကို အပစ်ရပ် အဖွဲ့ အားလုံးက လက်ခံခြင်း မရှိသော်လည်း ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ၎င်းတို့၏ နိုင်ငံရေး ရည်မှန်းချက်များကို အလိုအလျှောက် စွန့်လွှတ်ပြီး ဖြစ်သွားပါလိမ့်မည်။

နိဂုံးချုပ် အားဖြင့်ဆိုရသော် ယခုအချိန်အထိ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများသည် တပ်မတော်နှင့် ရင်ဆိုင် တိုက်ခိုက်ရာတွင် ပျောက်ကျားနည်းဗျူဟာကိုသာ အသုံးပြုနေကြဆဲ ဖြစ်ပါသည်။ မြန်မာစစ်တပ်နှင့် ယှဉ်ပြိုင်နိုင်သည့် စစ်မဟာဗျူဟာ မြောက် ထိုးစစ်ကြီးများကို ဆင်နွှဲနိုင်ခြင်း မရှိသောကြောင့် တပ်ရင်းများနှင့် တပ်မဟာများသည် ၎င်းတို့၏ ဋ္ဌာနချုပ်များမှ အမိန့်များကို နာခံရန် ပျက်ကွက်နေပါသည်။ တိုင်းရင်းသား စစ်တပ်များ၏ အားနည်း၍ ထိရောက်မှု မရှိသော အမိန့်ပေး စနစ်နှင့် ပြောင်းပြန်ခြားနားပင် မြန်မာ့တပ်မတော် တပ်ရင်းများသည် ကိစ္စတိုင်းတွင် အထက် အမိန့်ကို နာခံကြသည်။ တပ်မတော်သည် ၎င်း၏ တပ်ဖွဲ့များကို ထိန်းချုပ်ရာတွင် ပိုမို သန်စွမ်းကောင်းမွန်းသည် ဆိုသော အချက်ကို မိမိတို့ ရင်ဆိုင်နေရသည်။ မြန်မာအစိုးရသည် နိုင်ငံရေး၊ လူ့အခွင့်အရေးနှင့် ဆိုင်သော ဂုဏ်သိက္ခာရစရာ မရှိအောင် စုတ်ပြတ်သွားသည့်တိုင်အောင် ၎င်းတို့၏ ဆယ်စုနှစ်များစွာကြာ အာဏာချုပ်ကိုင်မှုများ ခိုင်မာအားကောင်းနေဆဲ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment