Mizzima News, 2nd July 2010
အိန္ဒိယ အစိုးရသည် လွန်ခဲ့သော နှစ်နှစ်က နာဂစ် ဆိုက်ကလုန်းဒဏ် ခံရသော ဒေသများတွင် အသုံးပြုရန် ပါဝါ ထရန်စဖော်မာများ လှူဒါန်းခဲ့ကြောင်း ရန်ကုန်ရှိ အိန္ဒိယသံရုံး၏ အဆိုအရ သိရှိရသည်။
အိန္ဒိယသည် အမေရိကန် ဒေါ်လာ ၁.၉ သန်း တန်ဖိုးရှိ ထရန်စဖော်မာ ၁၆ လုံး လှူဒါန်းရန် ကတိပြုထားပြီး၊ ဇွန်လဆန်းက ၁၄ လုံး ပေးပို့ခဲ့ပြီး၊ ကျန်ရှိသော ၂ လုံးကို ဗုဒ္ဓဟူးနေ့က ပေးပို့ခဲ့သည်။
ထရန်စဖော်မာများသည် ဗို့အားမြင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်မှုတွင် လိုအပ်ပြီး၊ ခရီးဝေးမှ ဓာတ်အား ပို့လွှတ်မှုကို စီးပွားရေးအရ တွက်ခြေကိုက် လက်တွေ့ကျအောင် ပြုလုပ်ပေးနိုင်သည်။ ဓာတ်အားစက်ရုံမှ ပို့လွှတ်သော ဗို့အားမြင့် လျှပ်စစ်ဓာတ်အားများကို အိမ်များတွင် အသုံးပြုနိုင်သည့် ဗို့အားအဖြစ် ပြောင်းလဲပေးသည်။
"နာဂစ် ဆိုက်ကလုန်းက ကျွန်တော်တို့ အိမ်နီးချင်း မြန်မာနိုင်ငံကို ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကလည်း ကျွန်တော်တို့ ချက်ချင်း ကူညီနိုင်သမျှ ကူညီခဲ့ပါတယ်။ ကျွန်တော်တို့ ကတိအတိုင်း ထရန်စဖော်မာတွေ လှူပြီးပါပြီ" ဟု သံရုံးပြောခွင့်ရ ပုဂ္ဂိုလ်က မဇ္ဈိမသို့ ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
ထရန်စဖော်မာများသည် ၃၁၅ ကီလိုဗို့မှ ၃၀ မဂ္ဂါဗို့အထိ ရှိပြီး မြို့နယ် ၁၆ ခုတွင် တပ်ဆင်ရန် ဖြစ်ကြောင်း မြန်မာ့ လျှပ်စစ်ဓာတ်အား လုပ်ငန်း (EPC) မှ အင်ဂျင်နီယာချုပ်က မြန်မာအပတ်စဉ် ဂျာနယ် တစ်စောင်သို့ ပြောကြားခဲ့သည်။
နာဂစ် ဆိုင်ကလုန်းကြောင့် ဓာတ်တိုင်များနှင့် လျှပ်စစ် ကေဘယ်များကို မြေလှန်လိုက်သလို ဖြစ်ပြီး၊ EPC ၏ အဆိုအရ ရန်ကုန် တစ်ခုတည်းတွင် ပျက်စီးမှု ခန့်မှန်းတန်ဖိုး အမေရိကန် ဒေါ်လာ ၄ သန်းခန့် ရှိမည်ဟု သိရှိရသည်။
အိန္ဒိယသည် မုန်တိုင်း ပြီးပြီးချင်း ကယ်ဆယ်ရေး ပစ္စည်းများ ပေးပို့သော ပထမဆုံး နိုင်ငံများတွင် ပါဝင်ပြီး၊ ကယ်ဆယ်ရေး ပစ္စည်းတန် ၁၀၀ စုစုပေါင်း ရှိသော အိန္ဒိယရေတပ် သင်္ဘောနှစ်ဦးနှင့် လေယာဉ်နှစ်စီး ပို့လွှတ်ခဲ့သည်။
နာဂစ်တိုက်အပြီး ၅ ရက်အကြာတွင် အိန္ဒိယနိုင်ငံသည် ဆေးဝါးများ၊ စောင်များ၊ ယာယီမိုးကာတဲများနှင့် အစားအသောက် စုစုပေါင်း ၃၂ တန် ပေးပို့ခဲ့ပြီး၊ မေလ ၁၈ ရက်နေ့တွင် ဆရာဝန် ၅၀ နှင့် ဆေးဝါး ၆ တန်ခန့်ကို မြစ်ဝကျွန်းပေါ် အပြင်းထန်ဆုံး ထိခိုက်သော ဒေသသို့ ပို့လွှတ်ခဲ့သည်ဟု သံရုံး ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။
ပျက်စီးသွားသော ဒေသများတွင် အဆောက်အဦးများ၊ ကျန်းမာရေး စောင့်ရှောက်မှု စနစ်များ၊ ပညာရေးနှင့် အခြား လိုအပ်ချက်များ အတွက် ၂၀၀၉ မှ ၂၀၁၁ အတွင်း ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၆၉၁ သန်း လိုအပ်နေသော်လည်း ယခုထိ အမေရိကန် ဒေါ်လာသန်း ၁၈၀ သာ ရရှိသေးကြောင်း၊ သတင်းများအရ သိရှိရသည်။
နာဂစ်ကြောင့် လူပေါင်း ၁၄၀၀၀၀ ခန့် သေဆုံးခဲ့ပြီး၊ လူပေါင်း ၂.၄ သန်းအား အိုးမဲ့အိမ်မဲ့ ဖြစ်စေကာ စုစုပေါင်း ပျက်စီးမှု ခန့်မှန်းတန်ဖိုး အမေရိကန် ဒေါ်လာ ၄ ဘီလီယံ ရှိသည်။ Reuters Alert Net ၏ အဆိုအရ ကယ်ဆယ်ရေး လုပ်သားများက နှစ်နှစ်အတါင်း လူပေါင်း ၈ သိန်းခန့်မှာ ယာယီတဲများနှင့်သာ နေထိုင်ရဆဲ ဖြစ်ကြောင်း ပြောခဲ့သည်ဟု သိရှိရသည်။
"ဝါးတိုင်နဲ့ တာပေါ်လင် မိုးထားတဲ့ ယာယီတဲဟာ အခုလို မုတ်သုံရာသီမှာ အကာအကွယ် နည်းနည်းပဲ ပေးနိုင်ပါတယ်" ဟု သတင်း အေဂျင်စီက ပြောသည်။
အဆိုပါ ဒေသမှ လူများအတွက် အခြေခံ လိုအပ်ချက်များကို ထပ်လောင်း ဖြည့်စွက် ပြောကြားရာတွင် "ထောင်ပေါင်းများစွာသော လူတွေဟာ သောက်ရေ မလုံလောက်မှု၊ အထူးသဖြင့် ခြောက်သွေ့ရာသီမှာ ကြုံကြရပါတယ်။ ရေကန်တွေ ရေတွင်းတွေကလည်း ရေကြီးတုန်းက ပင်လယ်ရေတွေ ဝင်လို့ ပျက်ကုန်ပါတယ်" ဟုဆိုသည်။
--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.