Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ့ တပ်မတော်(လေ) မှ စီနီယာ အရာရှိကြီး တစ်ဦး၏ သမီးဖြစ်သူအား သြစတြေးလျ အစိုးရက ပြည်နှင်ဒဏ်ပေးမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ သြစတြေးလျ နိုင်ငံ၊ ကင်ဘာရာမြို့တွင် နေထိုင်သူ မဇင်မွန်အေး (Western Sydney တက္ကသိုလ်မှ စာရင်းကိုင် ကျောင်းသူ) သည် သြစတြေးလျတွင် ဆက်လက် နေထိုင်ရန်အတွက် အသနားခံ လျှောက်ထားခဲ့သော်လည်း အစိုးရက ပယ်ချခဲ့ကြောင်း၊ သို့အတွက်ကြောင့် မဇင်မွန်အေး အနေဖြင့် မြန်မာနိုင်ငံသို့ ရက်အနည်းငယ်အတွင်း ပြန်ရဖွယ် ရှိကြောင်း The Australian သတင်းစာက ရေးသားသည်။

မြန်မာစစ်တပ် တပ်မတော်(လေ)၊ မင်္ဂလာဒုံ လေတပ် အခြေစိုက်စခန်း တပ်ရင်းမှူး ဗိုလ်မှူးချုပ်ဇင်ယော်၏ သမီးဖြစ်သူ မဇင်မွန်အေးအား သြစတြေးလျတွင် နေထိုင်ခွင့် ပေးခြင်းသည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု မူဝါဒကို ချိုးဖောက်ရာ ရောက်သည်ဟု ဆိုသည်။ သြစတြေးလျသည် မြန်မာစစ်အစိုးရနှင့် နီးစပ်သော သူများအဖြစ် ယူဆရသူများအပေါ် ပိတ်ဆို့ အရေးယူသည့် နိုင်ငံတစ်ခု ဖြစ်သည်။

 သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး Stephen Smith သည် လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်တွင် မြန်မာ စစ်အစိုးရနှင့် နီးစပ်သူများအပေါ် ပိတ်ဆို့ အရေးယူမှုကို စတင် လုပ်ကိုင်ခဲ့ရာ မဇင်မွန်အေးသည် ပထမဆုံး ပစ်မှတ် ဖြစ်ခဲ့သည်။ မဇင်မွန်အေးသည် ထိုအချိန်မှ စ၍ သြစတြေးလျ အစိုးရထံသို့ အသနားခံစာပေါင်း များစွာ ပေးပို့ လျှောက်ထားခဲ့သည်။ မိမိနှင့် မိမိဖခင် ဖြစ်သူအကြား ငွေရေးကြေးရေး ချိတ်ဆက်မှု မရှိပါကြောင်း၊ ဖခင်ဖြစ်သူနှင့် အနေဝေးကွာ နေသည်မှာလည်း အချိန် ကြာမြင့်နေပြီ ဖြစ်ကြောင်း သြစတြေးလျ အစိုးရထံသို့ လျှောက်ထား ပြောဆိုခဲ့ကြောင်း သတင်းစာက ဆိုသည်။

Burma Campaign Australia (BCA) မှ ပြောရေးဆိုခွင့် ရှိသူ Zetty Brake က အဆိုပါ အသနားခံစာကို မဇင်မွန်အေး ကိုယ်တိုင် လျှောက်ထားခဲ့သည် သို့မဟုတ် သူမ၏ ရှေ့နေဖြစ်သူက လျှောက်ထားခဲ့သည် ဟူသော အချက်ကို အတိအကျ မသိရှိရသေးကြောင်း ပြောဆိုသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ပိတ်ဆို့ အရေးယူရမယ့် သူတွေရဲ့ စာရင်းက ရှင်းရှင်းလင်းလင်း ဖြစ်နေတယ်။ အားလုံးကို ရောထွေးပြီး ချမှတ်ထားတာ မဟုတ်ဘူး။ ပိတ်ဆို့ အရေးယူရမယ့် ပုဂ္ဂိုလ်၊ ရာထူး၊ အဆင့် စတာတွေနဲ့ အတိအကျ ဖော်ပြထားတာပါ။ ပြည်သူတွေကို ဖိနှိပ် ချုပ်ခြယ်လွန်းတဲ့ စစ်အစိုးရနဲ့ ပူးပေါင်းပြီး အကျိုးအမြတ် ထွက်နေတဲ့ သူတွေ ပိတ်ဆို့အရေးယူမှာ ဖြစ်ပါတယ်။ အခု မဇင်မွန်အေးရဲ့ အမှုက လုံးဝကို မျှမျှတတ ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဟာ ပိတ်ဆို့ အရေးယူဖို့ အဓိက ပစ်မှတ်ထားခံထားရတဲ့ သူတွေ စာရင်းထဲမှာ ပါနေလို့ပါ" ဟု မစ္စ Zetty Brake က ပြောပြသည်။

သြစတြေးလျ နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူသည့် နိုင်ငံများတွင် ပါဝင်သော်လည်း မြန်မာအပေါ် ကုန်သွယ်ရေး ပိတ်ဆို့ အရေးယူမှုများကို လုံလုံလောက်လောက် ပြုလုပ်ခြင်း မရှိသောကြောင့် များစွာ ပြစ်တင် ဝေဖန်ခံထားရသည်။ ယခုနှစ် ဧပြီလအတွင်း သြစတြေးလျ-မြန်မာ နှစ်နိုင်ငံ အကြား အပြန်အလှန် ကုန်သွယ်မှုမှာ ၂၀၀၉ ခုနှစ် အစောပိုင်း ကာလကထက် သုံးဆမျှ မြင့်တက်လာကြောင်း BCA က ဆိုသည်။ သြစတြေးလျ ကုမ္ပဏီ ဖြစ်သော Twinza Oil မှာ မြန်မာနိုင်ငံတွင် ယနေ့အချိန် အထိ လုပ်ကိုင်လျက် ရှိသောကြောင့် ယင်းသို့ မြင့်တက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ၂၀၀၆ခုနှစ်၊ နိုဝင်ဘာလတွင် Dandford Equities Corporation က မြန်မာနိုင်ငံတွင်း စွမ်းအင်တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် ကန်ထရိုက်စာချုပ် ချုပ်ဆိုခဲ့သည်။ BCA ၏အဆိုအရ ယင်းသဘော တူညီမှုကြောင့် မြန်မာ စစ်အစိုးရ အနေဖြင့် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၅ ဘီလီယံခန့် အသားတင် အမြတ်အစွန်း ရရှိခဲ့သည်။

သို့သော် နိုင်ငံရေး ဆော်သြသူများ အနေဖြင့် အောက်တိုဘာလ အစောပိုင်း ကာလတွင် အောင်မြင်မှု ရရှိခဲ့သည်။ ယင်းမှာ သြစတြေးလျ အထည်ချုပ် လုပ်ငန်း တစ်ခု ဖြစ်သော Speciality Fashion Group(SFG) ကမြန်မာနိုင်ငံမှ ထွက်ကုန်များကို ဝယ်ယူမှု ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ခြင်းပင် ဖြစ်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် သြစတြေးလျ အစိုးရ အနေနဲ့ မြန်မာ စစ်အစိုးရအပေါ်မှာ ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ ကျန်နေပါသေးတယ်။ အထူးသဖြင့် မြန်မာ အခြေခံ ပြည်သူလူထုကို ထိခိုက်စေနိုင်တယ့် ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းတွေ အပေါ် ပစ်မှတ်ထားဖို့ ဖြစ်ပါတယ်" ဟု Zetty Brake က ဆိုသည်။

DVB သတင်းကို ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment