Transparency Myanmar

transparency.myanmar@gmail.com

မြောက်ကိုရီးယားမှ နျူကလီယာ နည်းပညာနှင့် အတတ်ပညာများ မြန်မာနိုင်ငံသို့ ပေးပို့ လိုက်သည့် အနေအထားတွင် ရှိသည် ဟူသော သတင်းများ ထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ၏ ပိတ်ဆို့ ဒဏ်ခတ်မှုများဖြင့် မကြာမီ ရင်ဆိုင်လာရနိုင်ကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ Bertil Lintner က Asia Times Online တွင် ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့သည်။

အမှန်တွင် မြောက်ကိုရီးယားမှ နျူကလီယာ နည်းပညာများနှင့် လက်နက်များ မြန်မာနိုင်ငံသို့ ရောင်းချနေသည် ဟူသော ဖြစ်ရပ်နှင့် ပတ်သက်၍ မြန်မာစစ်ဗိုလ်များ အကြား မကျေမနပ် ဖြစ်အောင် မီးထိုးပေးမှုများ ရှိနှင့်နေပြီး ဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာကလည်း အထီးကျန်ဖြစ်နေသော မြောက်ကိုရီးယားနှင့် မြန်မာစစ်အစိုးရတို့ အနီးကပ် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နေခြင်းအပေါ် လုံးလုံးလျားလျား သဘော မတွေ့ပေ။

မြန်မာ နျူကလီယာ အစီအစဉ်နှင့် ပတ်သက်၍ သိထားသမျှ အားလုံးကို ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သို့ ဖော်သည်ချခဲ့သူ ပြည်ပြေး ဗိုလ်မှူး စိုင်းသိန်းဝင်း ကဲ့သို့သော အခြား တပ်မတော် အရာရှိများလည်း အခွင့်အရေး ရပါက ပြည်ပသို့ ထွက်ပြေးကာ သူတို့ သိထားသမျှ လျှို့ဝှက်ကိစ္စ အားလုံးကို ဖွင့်ပြရန် ကြံစည်ကောင်း ကြံစည် နေနိုင်သည်။

မြန်မာနိုင်ငံတွင် ပြည်သူ့ ကျန်းမာရေးနှင့် ပညာရေး အစရှိသော အခန်းကဏ္ဍများအတွက် ရန်ပုံငွေပေါင်း မြောက်မြားစွာ အလွန်အမင်း လိုအပ်နေသည့်တိုင် စစ်အစိုးရက ယင်းသို့ နျူကလီယာ နည်းပညာ၊ ဒုံးကျည် ထုတ်လုပ်မှု အစရှိသည်တို့တွင် ငွေကြေး မြောက်မြားစွာ အကုန်အကျ ခံနေသည့် ကိစ္စမှာ ဖြုန်းတီးမှုတစ်ခုသာ ဖြစ်ပါလိမ့်မည်။

လာမည့် အောက်တိုဘာလတွင် ကျင်းပကောင်း ကျင်းပနိုင်သည် ဟူသော ရွေးကောက်ပွဲက မြန်မာနိုင်ငံအတွက် မည်သို့သော မျှော်လင့်ချက်များကို ပေးနိုင်ပါမည်နည်း။

Asia Times Online တွင် Bertil Litner က စစ်အစိုးရ နံပါတ်- ၁ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အတ္ထုပတ္တိကို ရီဗျူးလုပ်ရာ၌ ယခုလို ဆိုသည်။

"မမြင် မသိနိုင်သော မျိုးဆက်သစ် လူငယ်များနှင့် တပ်မတော်အတွင်းမှ လစ်ဘရယ် သဘောထား ရှိသည်ဟု ယူဆရသော မျိုးဆက်သစ်များက မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်အောင် တွန်းပို့သွားလိမ့်မည်" ဟု မျိုးဆက်သစ် ပညာရှင်များက ယနေ့အချိန် အထိ ယုံကြည်လျက်ပင် ရှိသည်။ မြန်မာပညာရှင် မျိုးဆက်သစ်များက ဖြစ်နိုင်ခြေ ရှိသည်များကို မည်သို့ပင် ပြောဆိုနေသော်ငြား မြန်မာစစ်အစိုးရနှင့် ပတ်သက်၍ နိုင်ငံခြား ပညာရှင်များ၏ သုံးသပ်မှုများသည် ယနေ့အချိန်အထိ လွဲမှားမှု မရှိသေးပေ။ မြန်မာ စစ်အစိုးရ ခေါင်းဆောင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်း ရေးသားခဲ့သည့် Benedict Rogers ၏ 'သန်းရွှေ သို့မဟုတ် မြန်မာ စစ်အာဏာရှင် တစ်ဦး၏ မျက်နှာဖုံးကို ဆွဲချွတ်ကြည့်ခြင်း' ဟူသော စာအုပ်တွင် စာရေးသူက မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်မှူးကြီး ရာသက်ပန် အငြိမ်းစား ယူသွားသည့်တိုင် စစ်တပ်အနေဖြင့် နိုင်ငံရေး အာဏာကို စွန့်လွှတ်လိုသည့် ဆန္ဒမျိုး လုံးဝမရှိပေ ဟု ရေးသားသည်။

အမေရိကန် သတင်းစာ ဆရာတစ်ဦးနှင့် စင်ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းတို့ ပြုလုပ်သော အင်တာဗျူးတွင် မစ္စတာလီရှန်လွန်းက မြန်မာ စစ်ဗိုလ်ချုပ်ကြီးများသည် အာဏာကို အလွယ်တကူဖြင့် စွန့်လွှတ်မည် မဟုတ်ဟု ဟောကိန်း ထုတ်သည်။

"တကယ်လို့ သူတို့ (လက်ရှိ အုပ်ချုပ်နေသည့် စစ်ခေါင်းဆောင်ကြီးများ) မရှိတော့ရင်တောင်မှ မြန်မာနိုင်ငံနဲ့ အစိုးရမှာ အပြောင်းအလဲ ဖြစ်သွားတယ်လို့ ပြောလို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ စိုးရိမ်ပူပန်စရာတွေ ရှိနေလို့ပါပဲ။ သူတို့အနေနဲ့ ငါအာဏာ မရှိတော့ရင် ဘယ်ကို သွားရမှာလဲ။ ဘယ်ထောင်မှာ အဖမ်းခံရမှာလဲ။ ငါ့ရဲ့ သားသမီးတွေ၊ ငါ့ပိုင်ဆိုင်တဲ့ ကျောက်မျက် ရတနာတွေနဲ့ ဒေါ်လာတွေ ဘယ်လိုဖြစ်မလဲ စတာတွေ အတွက် ပူပန်ကြမှာပဲ" ဟု ပြောသည်။

ယခုအတိုင်းဆိုလျှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမှန်တကယ် စိုးရိမ် ပူပန်နေသည့် ကိစ္စမှာ သစ္စာခံမည့် အောက်လက် ငယ်သား တပ်မတော် အရာရှိများ ရရှိရေးပင် ဖြစ်နိုင်ခြေ ရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံရေး အပြောင်းအလဲတွင် ထိပ်ပိုင်းနေရာသို့ တက်ရောက်လာမည့် သူများ၊ ပါလီမန် သို့မဟုတ် စစ်တပ်တွင် ထိပ်ပိုင်းအဆင့်သို့ ရောက်လာမည့်သူများ မိမိအပေါ် သစ္စာရှိမည့် ကိစ္စကို ဗိုလ်ချုပ်မှူးကြီး စိုးရိမ်နေခြင်း ဖြစ်နိုင်သည်။ သို့အတွက်ကြောင့် သူ့အနေဖြင့် ရွေးကောက်ပွဲ နောက်ပိုင်း ထွက်ပေါ်လာမည့် အစိုးရ အဖွဲ့သစ်နှင့် တပ်မတော်တွင် မိမိကို သစ္စာရှိသော စစ်ဗိုလ်များ မလွဲမသွေ နေရာရရှိရန် လုပ်ကိုင်ရမည် ဖြစ်သည်။ သို့မှသာ သူ၏ မိသားစုနှင့် အနာဂတ် လုံခြုံ စိတ်ချရမည် ဖြစ်သည်။

"မြန်မာနိုင်ငံတွင် ယခုနှစ်၊ ရှေ့နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပသည် ဖြစ်စေ၊ မကျင်းပသည် ဖြစ်စေ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အစီအစဉ် ဆွဲထားသည်များကို ကြည့်လျှင် တပ်မတော်သည် အနာဂတ် ကာလ၌ အာဏာ ဆက်လက် တည်မြဲရန် အရှိန်မြှင့်ထားနှင့်ပြီး ဖြစ်သည် ဟူသော အချက်ကို တွေ့မြင်ရပေလိမ့်မည်" ဟု Bertil Lintner က အဆုံးသတ် ရေးသားသည်။

Foreign Policy မှ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment