Transparency Myanmar

transparency.myanmar@gmail.com

The Korea Times, By U Win Tin, 2nd July 2010

ပြီးခဲ့သော ဇွန်လ ၁၉ ရက်နေ့က ပြည်တွင်းပြည်ပ မြန်မာ ဒီမိုကရေစီ ထောက်ခံ လှုပ်ရှားသူများသည် မိမိတို့၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို တပြိုင်နက် ကျင်းပခဲ့ကြသည်။

၁၉၉၀ ရွေးကောက်ပွဲများကို အနိုင်ရရှိရေး အတွက် NLD ကို သူမ ခေါင်းဆောင်ခဲ့သည့် နောက်ပိုင်း ဒီမိုကရေစီ လုပ်ငန်းစဉ်များ ရက်စက်စွာ နှိမ်နင်းခံရမှုကို အသေအချာ စဉ်းစား သုံးသပ်ရန် အခွင့်အလမ်းကို အများစုက ရယူခဲ့ကြသည်။

ယခုအခါ တပ်မတော် ခေါင်းဆောင်များ စီစဉ် ပါဝင် လုပ်ဆောင်နေသည့် အတုအယောင် ရွေးကောက်ပွဲ အယောင်ပြ ကစားပွဲတွင် ပူးပေါင်း ပါဝင်သည်ထက် ပါတီဖျက်သိမ်းရန်ကိုသာ မြန်မာနိုင်ငံ၏ အဓိက နိုင်ငံရေး အတိုက်အခံ ပါတီက ဆုံးဖြတ်ခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်သည် အာဏာရှင်များ၏ နည်းဗျူဟာများကို ထဲထဲဝင်ဝင် နားလည် သဘောပေါက်မှု အပေါ်တွင် အခြေခံထားခြင်း ဖြစ်သည်။

မိမိတို့၏ ထောက်ခံသူ အချို့က မိမိတို့၏ ဆုံးဖြတ်ချက်ကို နားလည် သဘောပေါက်ခြင်း မရှိကြပါ။ မည်သို့ပင်ဖြစ်စေ မိမိတို့သည် ဒီမိုကရေစီ ဝါဒီများ အနေဖြင့် မိမိတို့နှင့် သဘောထား ဆန့်ကျင်သူ အားလုံး၏ အခွင့်အရေးကို လေးစားခဲ့သလို မိမိတို့အား ဝေဖန်သူများသည် ဤကိစ္စအပေါ် ကောင်းစွာ သုံးသပ် ကောက်ချက်ချ နိုင်လိမ့်မည်ဟုလည်း မျှော်လင့်ခဲ့သည်။ သို့သော် အများစုမှာ ဤသို့ မဟုတ်ကြောင်း ထင်ရှားလာသည်။

စီစဉ်ထားသော ၂၀၁၀ ရွေးကောက်ပွဲများကို စိတ်ဖြာ လေ့လာနေသူ အားလုံး အတွက် လမ်းခွဲစေသည့် ပထမအချက်မှာ ရွေးကောက်ပွဲ အခြေပြုထားသည့် အခြေခံဥပဒေပင် ဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေက ဒီမိုကရေစီ လုပ်ငန်းစဉ်၏ လွတ်လပ်စွာ လှုပ်ရှားခွင့်ကို တားဆီးရန် ကြိုးစားထားရာ ဆွေးမြေ့နေသော သစ်သားကို အရောင်တင်ကာ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးမှု ရွှေမှုန်ကြဲထားသည့် ရုပ်ပျက်ဆင်းပျက် ကြိုးပမ်းမှု တစ်ခု ဟူသော အရာထက် ပို၍ ရှုမြင်ရန် မဖြစ်နိုင်တော့ပါ။

ချောမွေ့၍ အမြင်တင့်တယ်သော်လည်း အတွင်းတွင် ဘာမှ မကျန်တော့သည့် မြန်မာကျွန်း ပန်းပုရုပ်လေးကို မြင်ကြည့်လိုက်ပါ။ အထင်ရှားဆုံးအချက်မှာ လွှတ်တော်တိုင်းတွင် တပ်မတော်သား ကိုယ်စားလှယ် ၂၅ % ကို အခြေခံဥပဒေက အခိုင်အမာ နေရာပေးထားခြင်းပင် ဖြစ်သည်။ ထို့အပြင် တပ်မတော်သည် ရုပ်ဖျက်ထားသော စစ်တပ် နိုင်ငံရေးပါတီကို ရွေးကောက်ပွဲ ဝင်စေခြင်းဖြင့် အဓိက ဝေစုကို အပို ရရှိအောင် ကြိုးစားနေသည်။

သို့ဖြစ်၍ အများဆုံး မျှော်လင့်နိုင်သည်မှာ တပ်မတော်က ပြည်သူကို ပေးသော လေးပုံသုံးပုံ ဒီမိုကရေစီ (သို့) ထို့ထက် ပို၍ နည်းသော ဝေစုသာ ဖြစ်သည်။ ယခုနှစ် ကျင်းပမည့် ရွေးကောက်ပွဲများ အခြေပြုထားသည့် အခြေခံ ဥပဒေသည် ဒီမိုကရေစီ အပေါ် သဲကြီးမဲကြီး တိုက်ခိုက်စော်ကားမှုကို ပြုလုပ်နေသည်။ သာဓကအားဖြင့် ယခု ရွေးကောက်ပွဲတွင် အစိုးရကို ရွေးချယ်လိမ့်မည် မဟုတ်ပါ။ လွှတ်တော်အတွင်း နေရာဖြည့်ရန် အတွက် လူများကို ရွေးချယ်ခြင်းသာ ဖြစ်ပြီး ထို့နောက်တွင်မှ အစိုးရ အကြီးအကဲကို ရွေးချယ်ရန် ထိုသူများကို တာဝန်ပေးလိမ့်မည်။

အထက်ပါ လုပ်ငန်းစဉ်ကို မည်သို့ အသေးစိတ် ဆောင်ရွက်မည် ဆိုသည်ကို အခြေခံဥပဒတွင် ရှင်းလင်းစွာ မဖော်ပြထားပဲ အများဆုံး မျှော်မှန်းနိုင်သော သမ္မတ ရွေးချယ်ရေးအဖွဲ့ (တပ်မတော် ပါဝင်သော လွှတ်တော်) က သမ္မတသစ်ကို ဆုံးဖြတ်ရွေးချယ်မည်ဟုသာ ပါရှိသည်။

အကယ်၍ ဝန်ကြီးဌာနနှင့် အစိုးရ ရာထူးများကို အမိန့်အာဏာဖြင့် ခန့်အပ်မည့် သမ္မတသစ်ကို ရွေးချယ် အမည်တင်သွင်းရာတွင် လိုအပ်သော လွှတ်တော် ကိုယ်စားလှယ် အရေအတွက်ထက် ၂၅ % သော တပ်မတော် ကိုယ်စားလှယ်များက သိသိသာသာ နည်းနေမည် ဆိုလျှင် လွှတ်တော် ကိုယ်စားလှယ် နေရာ အများစုကို လိုအပ်လာလိမ့်မည်ဟု ယူဆနိုင်ဖွယ် ရှိသည်။

ဤသည်မှာ အမှန်စင်စစ် ကိုင်းဖျား ကိုင်းနား အကြွင်းအကျန် လွှတ်တော်ကို အစပျိုးမှု တစ်ရပ်သာ ဖြစ်သည်။

ယခုကဲ့သို့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်၏ အလွန် အရေးကြီးသော အစိတ်အပိုင်းတွင် ဒီမိုကရေစီ မပြည့်ဝမှု ထင်ရှားနေခြင်းကို ကာကွယ် တားဆီးနိုင်မည် မဟုတ်ပါ။ ဤအချက်သည် ရွေးကောက်ပွဲ လုပ်ငန်းစဉ် တစ်ခုလုံး၏ လက္ခဏာ သဘောကို ဆောင်နေပြီး ဒီမိုကရေစီများနှင့် တသီးပုဂ္ဂလ အမတ်များကို ပါဝင် ယှဉ်ပြိုင်စေခြင်းဖြင့် အဝေဖန် မခံရအောင် ပြုလုပ်နေခြင်း ဖြစ်သည်။

အခြား အခြေခံ ဥပဒေဆိုင်ရာ ကိစ္စများလည်း များစွာ ရှိသေသည်။ ၎င်းတို့အနက် မှတ်ပုံတင်ရန်နှင့် မဲဆွယ် စည်းရုံးရန် ခက်ခဲမှုနှင့် အသုံးစရိတ် မလွယ်ကူမှုများ ပါဝင်သည်။ ဥပမာအားဖြင့် ကိုယ်စားလှယ်လောင်း တစ်ယောက် ဝင်ပြိုင်ရန် လိုအပ်သော ဒေါ်လာ ၅၀၀ (၅သိန်းကျပ်) မှာ မဲဆန္ဒနယ် ၄၉၈ နယ် အတွက် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စရိတ်ကို ခန့်မှန်းကြည့်ပါက ကုန်ကျမည့် သိန်းထောင်ပေါင်း များစွာသော ပိုက်ဆံများးသည် ကမ္ဘာ့ အဆင်းရဲဆုံး နိုင်ငံတစ်ခုအတွက် မမျှော်မှန်းနိုင်သော ငွေကြေးပင် ဖြစ်သည်။

ထို့အပြင် ပါတီကို တရားဝင် အသိအမှတ် ပြုခံရရေး အတွက် စစ်ဆေးခံရာတွင် ပါတီဝင် အားလုံး၏ အမည်ကို တင်ပြရန် လိုအပ်ခြင်းသည် အစိုးရ ဆန့်ကျင်သူများ မည်သည့်နေရာတွင် ရှိသည်ကို ရှာဖွေခြင်းဟု ရှင်းရှင်းလင်းလင်း အဓိပ္ပာယ် ထွက်နေပြီး ရွေးကောက်ပွဲ အပြီးတွင် ဖြိုခွဲ သုတ်သင်ခြင်း ပြုလုပ်လိမ့်မည်ဟု အချို့က ဝေဖန် ကန့်ကွက်လျက် ရှိသည်။

နောက်ဆုံးအားဖြင့် ထင်ရှားသော တိုင်းရင်းသား အုပ်စုများကို နိုင်ငံရေး လုပ်ငန်းစဉ်တွင် မပါဝင်နိုင်အောင် တားမြစ်နေခြင်း ဖြစ်သည်။ ဤအချက်သည် မြန်မာနိုင်ငံလုံး မဲဆန္ဒနယ် အများစုမှ မဲဆန္ဒရှင်များ အနေဖြင့် ဒီမိုကရေစီ အခွင့်အရေးများ ပိတ်ပင်ခံရခြင်းပင် ဖြစ်သည်။

လွတ်လပ်မှုနှင့် ညီမျှမှု၏ အမြင့်ဆုံး စည်းကမ်းများကို သိရှိထားသည့် ဒီမိုကရေစီ ပါတီတစ်ခု အနေဖြင့် NLD သည် မိမိတို့၏ ရပိုင်ခွင့်များကို ပိတ်ပင်ခံရသည် သာမကပဲ အခြား နိုင်ငံရေး အင်အားစုများကိုလည်း နိုင်ငံရေး လုပ်ငန်းစဉ်တွင် မပါဝင်နိုင်အောင် တားဆီးထားသည့် စနစ်အတွင်းသို့ ပါဝင်ရန် မဖြစ်နိုင်ပါ။ ယင်းကဲ့သို့ အာဏာရှင်တို့အား ဒူးထောက်သည့် လုပ်ရပ်မျိုးကို မိမိကိုယ်မိမိ လေးစားသည့် ဒီမိုကရေစီဝါဒီ တစ်ဦးတလေကမှ သဘောတူနိုင်မည် မထင်ပါ။

အဆုံးစွန် ဆိုရသော် NLD သည် နိုင်ငံရေးပါတီ တစ်ခုဖြစ်သည်နှင့်အညီ လူမှုရေး လှုပ်ရှားမှုပါတီ တစ်ခုလည်း ဖြစ်နေသည်။ ယိုယွင်းနေသည့် အာဏာရှင် အစိုးရ၏ ပါတီတစ်ခု ဖြစ်လာစေရန် စစ်ဖက် အုပ်ချုပ်သူများ၏ သိမ်းသွင်း စည်းရုံးမှုများ ရှိနေသည့် ကြားမှ ပါတီ၏ နိုင်ငံရေး၊ လူမှုရေးကဏ္ဍကို ထိန်းသိမ်းသွားရေးသည် မိမိတို့၏ ရည်မှန်းချက်ပင် ဖြစ်သည်။

မိမိတို့ ပါတီ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ပါဝင်ရေးသည် ၂၀၀၉ ဧပြီလတွင် NLD က ထုတ်ပြန်ခဲ့သော ရွှေဂုံတိုင် ကြေညာစာတမ်းပါ "နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပွင့်လင်းစွာ ဆွေးနွေးရန်၊ ၁၉၉၀ ရွေးကောက်ပွဲ ရလာဒ်ကို အသိအမှတ်ပြုရန်နှင့် ၂၀၀၈ အခြေခံဥပဒေကို သုံးသပ် ပြင်ဆင်ရန်" စသော အချက်များပေါ်တွင်သာ မူတည်နေသည်။

အထက်ပါ အခြေအနေများသည်သာ မြန်မာနိုင်ငံကို တိုးတက်စေမည့် ဒီမိုကရေစီ၏ အခန်းကဏ္ဍကို ရှာဖွေပေးနိုင်လိမ့်မည်။

 

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment