Transparency Myanmar

transparency.myanmar@gmail.com

ယခုအခါ တရားဝင် ပါတီအဖြစ်မှ ပျက်ပြယ်သွားပြီ ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ ခမောက်ပုံ အမှတ်တံဆိပ်ကို တရားဝင် ကန့်ကွက်မည် ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ NDF သည် NLD အဖွဲ့ဝင်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံရေးပါတီသစ် တစ်ခုဖြစ်ပြီး NLD ၏ အမှတ်တံဆိပ် ဖြစ်သော ခမောက်ပုံကို အသုံးပြုခဲ့သည်။

မြန်မာ လယ်သမားများ ရိုးရာဓလေ့အဖြစ် ဆောင်းကြသော ခမောက်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ NLD  ပါတီက မဲဆွယ် စည်းရုံးမှုများ ပြုလုပ်ရာတွင် ပါတီ အမှတ် သင်္ကေတ အဖြစ် အသုံးပြုခဲ့ပြီး နောက်ပိုင်း မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုများ ပြုလုပ်သည့် ကာလတစ်လျှောက် လူသိများသည့် နိုင်ငံရေး အမှတ်တံဆိပ် တစ်ခုသဖွယ် ဖြစ်ခဲ့သည်။

သို့သော် အဆိုပါ ခမောက်တံဆိပ် အမှတ်အသားကို ရွေးကောက်ပွဲ သပိတ်မှောက်မည့် NLD ၏ မူဝါဒကို လက်မခံသောကြောင့် NLD နှင့် လမ်းခွဲခဲ့သော NDF ပါတီက ပါတီ အမှတ်တံဆိပ်အဖြစ် အသုံးပြုခဲ့သည်။

NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက NDF သည် NLD နှင့် ပတ်သက်မှု မရှိကြောင်း၊ သို့အတွက်ကြောင့် NLD ၏ အမှတ်တံဆိပ် မဟုတ်သော အခြား အမှတ်တံဆိပ် တစ်ခုကို အသုံးပြုသင့်ကြောင်း ပြောဆိုသည်။ ခမောက်တံဆိပ် အသုံးပြုမှုကို လက်သင့်မခံကြောင်း ရေးသားထားသည့် တရားဝင် စာတစ်စောင်ကို NLD ပါတီက NDF သို့ ပေးပို့ခဲ့သည်။

"NDF က ကျွန်တော်တို့ရဲ့ NLD တံဆိပ်နဲ့ ဆင်တူယိုးမှား ဖြစ်မယ့်ပုံစံ လုပ်တာပါ။ ခမောက် အမှတ်တံဆိပ်ရဲ့ အပေါ်မှာ ကြယ်လေးနှစ်ပွင့် ထည့်ပြီး သူတို့တံဆိပ် ဖြစ်အောင် လုပ်ထားတာ တွေ့ရတယ်" ဟု ပြောသည်။ NLD သည် နိုင်ငံရေးပါတီအဖြစ် တရားဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ အဖွဲ့အစည်း တစ်ခုအဖြစ် ဆက်လက် တည်ရှိနေသေးသည်ဖြစ်ရာ အဆိုပါ ခမောက် အမှတ်တံဆိပ်ကို အတုအပ မပြုလုပ်သင့်ကြောင်း ဆက်လက် ပြောဆိုသည်။

"ဒီနေ့ ကျွန်တော်တို့ တရားဝင် ကန့်ကွက်စာ တစ်စောင်ကို ရွေးကောက်ပွဲ ကော်မရှင်ဆီ ပေးပို့ဖို့ ပြင်ဆင်နေပါတယ်။ အတုအပ ပြုလုပ်တယ်ဆိုတာ ကျင့်ဝတ်နဲ့ညီတဲ့ ကိစ္စ မဟုတ်ပါဘူး" ဟု ဦးတင်ဦးက ပြောသည်။

ယခုအခါ NLD ပါတီဝင်များနှင့် NDF ပါတီဝင်များ၏ ဆက်ဆံရေးမှာ ခပ်တန်းတန်း ဖြစ်လျက် ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ နေရာကို တာဝန်ယူခဲ့ဖူးသူ ဦးခင်မောင်ဆွေမှာ  NDF ပါတီ၏ ပူးတွဲ တည်ထောင်သူ ဖြစ်သည်။ ၎င်းသည် ရွေးကောက်ပွဲ သပိတ်မှောက်ရေး ဟူသော NLD ၏ ဆုံးဖြတ်ချက်သည် အဓိပ္ပာယ်မရှိဟု ပြောဆိုခဲ့သည်။

ယခု NDF ပါတီမှ ဒုတိယ ခေါင်းဆောင် ဦးသိန်းညွန့်က ဝါးခမောက်ဟူသည် မြန်မာ့ရိုးရာ အထိမ်းအမှတ် တစ်ခုဖြစ်ရာ မြန်မာပြည်သူ အများစုနှင့် သက်ဆိုင်ကြောင်း ပြောဆိုသည်။ NDF ပါတီသစ်၏ အမှတ်တံဆိပ်မှာ ရွှေဝါရောင် ဝါးခမောက် အထက်တွင် ကြယ်နှစ်ပွင့်ပါရှိပြီး နောက်ခံ အရောင်မှာ အနီရောင်ဖြစ်ကာ အောက်ဘက်တွင် ပါတီနာမည်ကို ရေးထိုးထားသည်။

"NLD က အဲဒီ အမှတ်တံဆိပ်ကို မှတ်ပုံတင်ထားခဲ့လို့လား။ တကယ်လို့ သူတို့ မှတ်ပုံ တင်ထားတယ် ဆိုရင် ကျွန်တော်တို့ အသုံးပြုခွင့် ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့ မှတ်ပုံ မတင်ထားဘူး ဆိုရင်တော့ သူတို့အနေနဲ့ အခုလို ကန့်ကွက်တာမျိုး လုပ်လို့မရပါဘူး" ဟု ဦးသိန်းညွန့်က ဆက်လက် ပြောဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment