Transparency Myanmar

transparency.myanmar@gmail.com

မြန်မာနိုင်ငံ အရှေ့ပိုင်း၊ ကရင်ပြည်နယ်ရှိ Tha Fah Der ကျေးရွာမှ စာသင်ကျောင်း တစ်ကျောင်း၊ ဘုရားရှိခိုးကျောင်း တစ်ခု အပါအဝင် နေအိမ် ၅၀ အား မြန်မာစစ်တပ်မှ စစ်သားများ ဇူလိုင်လ ၂၃ ရက်နေ့တွင် မီးရှို့ ဖျက်ဆီးခဲ့ကြကြောင်း စုံစမ်း သိရှိရသည်။

စစ်တပ်က ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အဆိုပါ Tha Dah Der ကျေးရွာတွင် နေထိုင်သူ ၆၀၀ ကျော်မှ တိုက်ခိုက် ဖျက်ဆီးခြင်း မခံရသေးသော အနီးနား ရွာများတွင် နေထိုင်သူ ၃၀၀ ခန့်နှင့် ပူးပေါင်းကာ အိုးအိမ်များ စွန့်ပစ်ပြီး တောတွင်း နေရာသို့ တိမ်းရှောင် ထွက်ပြေး ခဲ့ကြရသည်ဟု ဆိုသည်။

ရွာမီးရှို့ ဖျက်ဆီးခံရမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိသေးဟု ဆိုသည်။ မြန်မာ စစ်တပ်က Tha Dah Der ကျေးရွာကို ပြာကျသည်အထိ မီးရှို့ဖျက်ဆီးမှုများ မပြုလုပ်မီ မော်တာကြီးများဖြင့် ပစ်ခတ်ခဲ့သည်။ ရွာသူရွာသားများမှာ ကိုယ်ပိုင်ပစ္စည်းများ အားလုံး ချန်ရစ်ကာ အစားအစာနှင့် သောက်ရေ အပါအဝင် တစ်နိုင်တစ်ပိုင် သယ်ယူနိုင်သော ပစ္စည်းများ ထုပ်ပိုးကာ တောတွင်းသို့ ထွက်ပြေးခဲ့ကြသည်။

ယခု အချိန် ကာလသည် မြန်မာ အရှေ့ပိုင်း ဒေသတွင် မိုးရာသီ ဖြစ်ရာ ဒုက္ခသည် ရွာသားများ အနေဖြင့် တောတွင်း၌ ပုန်းခိုနေထိုင်ရာ၌ အစာရေစာ ရှားပါးမှု၊ ဆေးဝါး အလုံအလောက် မရရှိမှု၊ လုံခြုံရေး ကင်းမဲ့မှု အစရှိသော လိုအပ်ချက်တို့ဖြင့် မလွဲမသွေ တွေ့ကြုံရမည် ဖြစ်သလို ရောဂါဘယများ သယ်ဆောင်သော အင်းဆက်ပိုးမွှားများ အန္တရာယ်နှင့်လည်း ရင်ဆိုင်ကြရမည် ဖြစ်သည်။

သတင်း ပေးပို့ချက်များအရ အရပ်ဘက် ရွာသားများမှာ ယခုအခါ ထိုင်း-မြန်မာနယ်စပ် ဒေသသို့ ထွက်ပြေးလျက် ရှိကြပြီး အချို့မှာ နယ်စပ်ကို ဖြတ်ကျော်ကာ ထိုင်းနိုင်ငံတွင်း ဒုက္ခသည်အဖြစ် နေထိုင် ခိုလှုံခွင့် ရရှိရန် ကြိုးပမ်းလျက် ရှိကြသည်။

မြန်မာ စစ်တပ်နှင့် စစ်အစိုးရ လိုလားသော ကရင် ဒီမိုကရက်တစ် ဗုဒ္ဓဘာသာတပ်မှ တပ်ဖွဲ့များသည် ယခုနှစ် ကုန်ပိုင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲ မတိုင်မီ မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသရှိ ကရင်တိုင်းရင်းသား ပြည်သူများ အပေါ် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်နိုင်သည်။

Christian Solidarity Worldwide ၏ အရှေ့အာရှ ဒေသဆိုင်ရာ အဖွဲ့ခေါင်းဆောင် Benedict Rogers က "ကရင် တိုင်းရင်းသား ပြည်သူတွေအပေါ် မြန်မာစစ်တပ်က ကာလကြာရှည် ဖိနှိပ် တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်တွေထဲမှာ အခုကိစ္စက နောက်ဆုံး ဖြစ်ရပ်ပါ။ မြန်မာ စစ်တပ်ရဲ့ လုပ်ရပ်ဟာ လူသားမဆန်တဲ့ လုပ်ရပ်၊ လူသားမဆန်တဲ့ ရာဇဝတ်မှုတွေလို့ ပြောလို့ ရပါတယ်။ မြန်မာ စစ်တပ်ဟာ မုဒိမ်းကျင့်မှုကို လက်နက်တစ်ခု သဖွယ် စနစ်တကျ အသုံးချခဲ့ပြီး အဓမ္မ အလုပ် စေခိုင်းခြင်း၊ အရပ်သားတွေအပေါ် တိုက်ခိုက်ခြင်း စတာတွေ လုပ်ခဲ့တယ်။ ၁၉၉၆ ခုနှစ်က စပြီး အရှေ့ပိုင်း ဒေသမှာ မြန်မာစစ်တပ်က ဖျက်ဆီးခဲ့တဲ့ ရွာပေါင်း ၃၅၀၀ ကျော် ရှိသွားပါပြီ" ဟု ပြောသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူး သံတမန်က အဆိုပါ မြန်မာ စစ်တပ်၏ လုပ်ရပ်များသည် လူ့ကျင့်ဝတ် ချိုးဖောက်သော ရာဇဝတ်မှုများ ဖြစ်သည်ဟု နိဂုံးချုပ် သုံးသပ်ထားကြောင်း၊ ကုလသမဂ္ဂ အနေဖြင့် အဆိုပါ ရာဇဝတ်မှုများကို စုံစမ်း စစ်ဆေး ဖော်ထုတ်နိုင်ရေးအတွက် ကော်မရှင်တစ်ရပ် ထူထောင်ရန်လည်း ၎င်းက တိုက်တွန်းထားကြောင်း မစ္စတာ Benedict Rogers က ဆိုသည်။

"သြစတြေးလျ၊ ချက် သမ္မတနိုင်ငံ၊ ကနေဒါ၊ ဆလိုဗက်ကီးယား နဲ့ ဗြိတိန်နိုင်ငံတွေ ကလည်း မြန်မာနိုင်ငံက လူသားချင်း စာနာ ထောက်ထားမှု မရှိတဲ့ လုပ်ရပ်တွေအတွက် ကော်မရှင်တစ်ရပ် ဖွဲ့စည်းမယ့် ကိစ္စကို ထောက်ခံကြပါတယ်။ အဲဒါကြောင့် အခု အချိန်မှာ အဲဒီ နိုင်ငံတွေ အနေနဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးမှု ကော်မရှင် ထူထောင်နိုင်ဖို့ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှု ညွန့်ပေါင်း ဖွဲ့စည်းနိုင်ဖို့ တက်တက်ကြွကြွ လုပ်ကိုင်သင့်ပါတယ်" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။ Benedict Rogers သည် "Than Shwe: Unmasking Burma's Tyrant" စာအုပ်ကို ရေးသားခဲ့သူ ဖြစ်သည်။

The Star သတင်းစာမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment