Transparency Myanmar

transparency.myanmar@gmail.com

နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ဖြစ်ပြီး နိုဝင်ဘာ ၇ ရက်နေ့တွင် ကျင်းပမည့် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် လွတ်လပ် မျှတမှု မရှိပါက တစ်ကမ္ဘာလုံးက တရားမဝင်သော ရွေးကောက်ပွဲ တစ်ခုအဖြစ် ရှုမြင် သတ်မှတ်ကြမည်သာ ဖြစ်ကြောင်း ဥရောပသမဂ္ဂ (အီးယူ) က သြဂုတ်လ ၁၄ ရက်နေ့တွင် ထုတ်ဖော် ပြောဆိုလိုက်သည်။

ကာလ ကြာရှည်စွာ စောင့်စားနေခဲ့ရသော ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း မြန်မာ စစ်အစိုးရက သြဂုတ်လ ၁၃ ရက် (သောကြာနေ့) တွင် ထုတ်ပြန် ကြေညာခဲ့သည်။ ဝေဖန် ဆန်းစစ်သူများက အဆိုပါ ရွေးကောက်ပွဲသည် နိုင်ငံရေးတွင် စစ်တပ်သြဇာအာဏာ လွှမ်းမိုးမှုကြီးထွားရန် ဦးတည်ထားခြင်း ဖြစ်သည်ဟု ဆိုကြသည်။

"တကယ်လို့ မြန်မာ ပြည်သူတွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အမြင်မှာ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိတယ်ဆိုတာမျိုး ဖြစ်စေချင်ရင် မြန်မာ အာဏာပိုင်တွေ အနေနဲ့ နိုင်ငံရေးပါတီတွေ မဲဆွယ်တာတို့၊ မဲပေးတာတို့ကို မဖြစ်မနေ လွတ်လွတ်လပ်လပ်နဲ့ လုပ်ခွင့်ပေးရမှာ ဖြစ်ပါတယ်" ဟု ပြင်သစ်၊ ဂျာမနီနှင့် အီတလီ အပါအဝင် မြန်မာနိုင်ငံ အခြေစိုက် အီးယူနိုင်ငံ မစ်ရှစ်များ ကိုယ်စား ဗြိတိန်သံရုံးက ကြေညာချက် ထုတ်ပြန်သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း အလားတူ ကြေညာချက် တစ်ရပ်ကို သြဂုတ်လ ၁၃ ရက်နေ့ (စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက် ကြေညာသည့်နေ့) တွင်ပင် ထုတ်ပြန် ကြေညာခဲ့သည်။ မြန်မာ အာဏာပိုင်များ အနေဖြင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်နိုင်ရေးအတွက် ၎င်းတို့ကို အမြန်ဆုံး လွှတ်ပေးရန် အီးယူကဲ့သို့ပင် မစ္စတာဘန်ကီမွန်းက တိုက်တွန်းသည်။

မြန်မာနိုင်ငံကို စစ်တပ်က အုပ်ချုပ်လာခဲ့သည်မှာ ယခုဆိုလျှင် နှစ်ပေါင်း ၅၀ နီးပါးမျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ် ဒီမိုကရေစီ ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ် အတိုင်းအတာဖြင့် အနိုင်ရရှိခဲ့သည့်တိုင် စစ်တပ်က အာဏာ လွှဲပြောင်းပေးခဲ့ခြင်း မရှိပေ။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်သည် နှစ်ပေါင်း ၁၅ နီးပါးမျှ နေအိမ် အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယခု လာမည့် ရွေးကောက်ပွဲအတွက် ထုတ်ပြန်သော စစ်အစိုးရ၏ ဥပဒေများသည် ဒီမိုကရေစီ မဆန်ဘဲ တရားမျှတမှု မရှိသောကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်ထားသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မရရှိအောင် အဆိုပါ ဥပဒေများက ကန့်သတ် ပိတ်ပင်ထားသည်။

NLD နှင့် အခြား နိုင်ငံရေး ပါတီအချို့က ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးမှုများ ပြုလုပ်ရန်နှင့် အမတ်လောင်းများ ခေါ်ယူစုဆောင်းရန် အချိန် အလုံအလောက် မပေးထားကြောင်း ပြောကြားသည်။ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ကြမည့် အမတ်လောင်းများ စာရင်းကို ယခုလ နောက်ဆုံးထား၍ တင်ပြရမည် ဖြစ်ပြီး မဲဆွယ် စည်းရုံးမှုများကို အစိုးရက မဲဆွယ် ကာလအဖြစ် တရားဝင်ကြေညာချက် ထုတ်ပြန်မှသာ ပြုလုပ်နိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံသို့ မေလအတွင်းက လာရောက်ခဲ့သော အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကတ်ဒ်ကမ်းဘဲလ်က ရွေးကောက်ပွဲအတွက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပေးရေးနှင့် စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်ရေးတို့အပေါ် စစ်အစိုးရက ဆန္ဒမရှိခြင်းကြောင့် အဆိုပါ ရွေးကောက်ပွဲများသည် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် တရားဝင် အသိအမှတ် ခံရမှု လျော့နည်းနေမည်သာ ဖြစ်ကြောင်း ပြောဆိုထားသည်။

AP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment