Reuters, 13th August 2010
မြန်မာနိုင်ငံတွင် အနှစ် ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲများကို နိုဝင်ဘာ ၇ ရက်တွင် ကျင်းပရန် စီစဉ်နေသည်။ ၎င်းရွေးကောက်ပွဲများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများကို အမေရိကန် ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများက ထုတ်ဖော် ပြောဆိုထားကြသလို ဒီမိုကရေစီ လှုပ်ရှားသူများကလည်း စစ်အစိုးရ အာဏာ ခြေကုတ်မြဲရန် လှည့်စားမှု တစ်ခုအဖြစ် ပြစ်တင် ဝေဖန်လျက် ရှိသည်။
လူဦးရေ ၄၈ သန်းရှိ အထီးကျန် အရှေ့တောင်အာရှ မြန်မာနိုင်ငံမှ ရွေးကောက်ပွဲများနှင့် ပတ်သက်၍ အောက်တွင် အမေးနှင့်အဖြေ ပုံစံဖြင့် တင်ပြထားသည်။
ဘာကြောင့် မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပသလဲ
နှစ်ပေါင်း ၁၂၀ ကျော် ကိုလိုနီ အုပ်ချုပ်ရေး ကာလအပြီး ဗြိတိန်ထံမှ လွတ်လပ်ရေး ရချိန်တွင် ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့သူ ဖြစ်ခဲ့ဖူးသော သယံဇာတ ကြွယ်ဝသည့် နိုင်ငံသည် အရေးယူ ပိတ်ဆို့မှုများကြောင့် နစ်နာလျက် ရှိသည်။
တရုတ် အပါအဝင် အခြား အာရှနိုင်ငံများနှင့် ကုန်သွယ်ရေး တိုးတက်လာသော်လည်း နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ လူ့အခွင့်အရေး ညှဉ်းပန်းမှုများ ရပ်ဆိုင်းရန် အစိုးရက ငြင်းဆန်နေခြင်းကြောင့် အနောက်နိုင်ငံများစွာ၏ ပစ်ပယ်ထားမှုကို ခံခဲ့ရသလို၊ ဒေသတွင်း မဟာမိတ်များအားလည်း မသက်မသာ အနေခက်စေခဲ့သည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့စီးပွားရေး နယ်ပယ်သို့ဝင်၍ ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် ဆန္ဒရှိနေသည်ဟု လေ့လာသူများက ဆိုသည်။ ၎င်းကိစ္စအောင်မြင်ရန်အတွက် အနည်းဆုံးနာမည်ခံမျှ အာဏာ စွန့်လွှတ်ရမည် ဆိုသည်ကို စစ်ဗိုလ်ချုပ်များက သိရှိထားသော်လည်း တပ်မတော်သည် သာလျှင် နိုင်ငံကို အုပ်ချုပ်နိုင်သော အဖွဲ့အစည်းဖြစ်သည်ဟု ယုံကြည်ထားကြပုံရပြီး နောက်ဆုံး ဆုံးဖြတ်ခွင့် အာဏာ သူတို့ထံ အမြဲတမ်း ရှိနေစေရန် သေချာအောင် ပြုလုပ်လိုကြခြင်း ဖြစ်သည်။
ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ဘာတွေ သိထားသလဲ
ရွေးကောက်ပွဲကို မည်သို့ကျင်းပမည်၊ မည်သူပါဝင်နိုင်သည် စသည်တို့ကို သတ်မှတ်သော ရွေးကောက်ပွဲ ဥပဒေကို စစ်ဗိုလ်ချုပ်များက ကြေညာခဲ့ပြီး ဖြစ်သည်။ လူသိများ ထင်ရှား၍ နာမည်ကောင်း ရှိသည်ဟု ဆိုသူများ ပါဝင်သော ရွေးကောက်ပွဲ ကော်မရှင်ကို ခန့်အပ်တာဝန်ပေးကာ ပါတီမှတ်ပုံတင်ခြင်း လုပ်ငန်းကို ကြီးကြပ်လျက် ရှိသည်။
ထိပ်ပိုင်း စစ်ဗိုလ်ချုပ်ကြီးများသည် အရပ်ဖက် အုပ်ချုပ်ရေး မျက်နှာစာကို အကာအကွယ် ယူကာ ၎င်းတို့ တရားဝင် ရပ်တည်နိုင်ရန်အတွက် ရွေးကောက်ပွဲများကို အသုံးပြု (အသုံးချ) လိုကြခြင်း ဖြစ်သည်ဟု သံတမန် မြောက်မြားစွာက ယုံကြည်နေသည်။
ဘယ်သူက အာဏာကို အမှန်တကယ် ချုပ်ကိုင်မလဲ
အငြင်းပွားဖွယ် ၂၀၀၈ ဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သော အခြေခံဥပဒေက နိုင်ငံကို ရွေးချယ် တင်မြှောက်ခံ အရပ်ဖက်အစိုးရဖြင့် အုပ်ချုပ်မည်ဟု ပြဋ္ဌာန်းထားသော်လည်း လွှတ်တော်နေရာ ၄၄၀ ၏ လေးပုံတစ်ပုံကို သီးသန့် ရယူထားသည့် တပ်မတော်က တရားရေး၊ ကာကွယ်ရေး၊ ပြည်ထဲရေး စသော အရေးကြီး ဝန်ကြီးဋ္ဌာနများကို ၎င်း၏ လက်အောက်တွင် ထိန်းချုပ်ထားမည် ဖြစ်သည်။
တပ်မတော် အကြီးအကဲသည် အာဏာအရှိဆုံး ရာထူးအဖြစ် ရွေးချယ်ခံ သမ္မတ၏ အထက်တွင် ဆက်ရှိနေမည် ဖြစ်ပြီး ဝန်ကြီးများကို ခန့်အပ်ပိုင်ခွင့်နှင့် အရေးပေါ်အခြေအနေတွင် နိုင်ငံတော် အာဏာကို ရယူထိန်းချုပ်ခွင့် ရှိသည်။
အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၎င်း၏ အတွင်းစည်းဝိုင်း ဗိုလ်ချုပ်မှူးကြီးများကို နိုင်ငံရေး မြင်ကွင်းတွင် တွေ့ရမည် မဟုတ်ဟု ပြောကြားထားသော်လည်း ကိုယ်တိုင်ဖြစ်စေ ကိုယ်စားပြုသူများဖြင့် ဖြစ်စေ နောက်ကွယ်မှ ကြိုးဆွဲလိမ့်မည်ဟု အကဲခတ် လေ့လာသူများက မျှော်လင့်ထားကြသည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့်အတူ သဘောထား တင်းမာသူ တစ်ဦးဖြစ်သည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးတို့သည် အနားယူရန် အလားအလာ ရှိနေပြီး ၎င်းတို့ကို အကာအကွယ် ပေးလိမ့်မည်ဟု ယူဆသော တပ်မတော်တွင်းမှ သစ္စာရှိ သြဇာခံများကို အာဏာ လွှဲပေးဖွယ် ရှိသည်။
လက်ရှိအစိုးရ နံပါတ်(၃) ဗိုလ်ချုပ်ကြီး သူရရွှေမန်း နေရာရလိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းထားကြသည်။
အစိုးရအဖွဲ့ ရာထူးများကို စစ်အစိုးရ၏ ရောင်းရင်းများ (သို့) စစ်အစိုးရ၏ နိုင်ငံရေး ကိုယ်စားလှယ်များအား ချီးမြှင့်လိမ့်မည်ဟု မျှော်လင့်ရသည်။ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တွင် ဗိုလ်ချုပ်ဟောင်းများနှင့် ၎င်းတို့၏ ရောင်းရင်းများ နေရာယူ လွှမ်းမိုးလိမ့်မည်။
ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည် ဘေးရောက်သွားသလဲ
လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၏ သမီး၊ လူသိများ ထင်ရှားသော ဒေါ်အောင်ဆန်းစုကြည်မှာ စစ်အစိုးရအပေါ် အကြီးမားဆုံး ခြိမ်းခြောက်သူ အဖြစ် ကာလကြာမြင့်စွာ ရပ်တည်ခဲ့သည်။ သူမ၏ NLD ပါတီ ၁၉၉၀ ရွေးကောက်ပွဲတွင် အောင်ပွဲခံခဲ့သည့် ရလဒ်ကို စစ်ဖက် အုပ်ချုပ်သူများက လျစ်လျူရှုခဲ့သလို လတ်တလောတွင်လည်း ပါတီကို ဖျက်သိမ်းခဲ့သည်။
အထိန်းသိမ်းခံ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ လုပ်ငန်းစဉ်သည် တရားမျှတမှုမရှိဟု ပြောကြားခဲ့ပြီးနောက် NLD က ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ရန် ဆုံးဖြတ်ခဲ့သည်။ အကျိုးဆက် ရလဒ်မှာ ပါတီ၏ လုပ်ငန်းရပ်ဆိုင်းသွားသည်။ ဤဖြစ်ရပ်သည် စစ်ဖက်အစိုးရ၏ လက်ခုပ်ထဲ ရောက်သွားခြင်း ဖြစ်နိုင်သလို ဒီမိုကရေစီ လှုပ်ရှားမှုကို အားနည်းသွားစေသည်ဟု လေ့လာသူ အချို့က ယုံကြည်ထားကြသည်။
သူမအား ထိန်းသိမ်းထားခြင်းနှင့် သူမ၏ ပါတီသပိတ်မှောက်ခြင်းတို့ကို ထည့်သွင်း မစဉ်းစားလျှင်ပင် ကွယ်လွန်သွားသော ခင်ပွန်းမှာ နိုင်ငံခြားသား ဖြစ်နေခြင်း၊ သားနှစ်ယောက်မှာ ဗြိတိန်နိုင်ငံသား ဖြစ်နေခြင်း၊ အကျဉ်းကျခံနေရသော မှုခင်းမှတ်တမ်း ရှိနေခြင်းစသော အခြေအနေများပေါ်တွင် ရည်ရွယ် ထုတ်ပြန်သော ရွေးကောက်ပွဲ ဥပဒေများကြောင့် သူမ ပါဝင် ယှဉ်ပြိုင်နိုင်လိမ့်မည် မဟုတ်ပါ။
ဘယ်သူတွေ ပါဝင်ယှဉ်ပြိုင်ခွင့်ရမလဲ
မည်သူ ပါဝင်နိုင်သည်၊ မပါဝင်နိုင်သည်ကို ကြေညာခြင်း မရှိသေးပါ။ အနည်းဆုံး ပါတီ ၄၀ ခန့်မှာမူ ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ထားကြပြီ ဖြစ်သည်။
မှန်းဆထားကြသည့် အတိုင်းပင် စစ်ဖက်အစိုးရက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကို ကိုယ်ပိုင်ပါတီအဖြစ် ဖွဲ့စည်းခဲ့ပြီး ရွေးကောက်ပွဲဥပဒေနှင့် ကိုက်ညီရန် လတ်တလော ယူနီဖောင်းချွတ်ကာ စစ်တပ်မှ အနားယူထားကြသည့် လက်ရှိဝန်ကြီးများက ဦးဆောင်ကြမည် ဖြစ်သည်။ အဆိုပါ ပါတီသည် ရန်ပုံငွေ တောင့်တင်းပြီး အရပ်ဖက်ဝန်ထမ်း လောက၊ စီးပွားရေး အသိုင်းအဝိုင်းတို့နှင့် ခိုင်မာသော ဆက်သွယ်မှု ရှိသည်ဟု ယုံကြည်ရသည်။
အခြားပါတီ ၆ ခုခန့်မှာလည်း စစ်ဖက်အစိုးရ အတွက် ကိုယ်စားပြုလိမ့်မည်ဟု ယုံကြည်ရသည်။ မည်သို့ပင်ဖြစ်စေ NLD မှ ခွဲထွက်လာခဲ့သော၊ ဒေါ်အောင်ဆန်းစုကြည်က ကန့်ကွက်ခဲ့သော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) က အစိုးရ ကိုယ်စားလှယ်များကို စိန်ခေါ်ရန် ယှဉ်ပြိုင်မည် ဖြစ်သည်။ အခြားသော ဒီမိုကရေစီ လိုလားသော ပါတီများနှင့်လည်း အတူ လက်တွဲ လုပ်ဆောင်ရန် စီစဉ်နေသည်ဟု ဆိုသည်။
သို့သော်လည်း NDF မှာ ပြဿနာပေါင်းစုံနှင့် ရင်ဆိုင်နေရသည်။ ပါတီဝင် အများစုမှာ ထောင်တွင်း၌ ပြစ်ဒဏ် ခံနေရပြီး ရွေးကောက်ပွဲ မဝင်နိုင်အောင် တားဆီးခြင်း ခံရဖွယ် ရှိနေသည်။
ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီများ အနက် သုံးပုံနှစ်ပုံမှာ မြန်မာနိုင်ငံ၏ များလှစွာသော တိုင်းရင်းသား လူမျိုးများ၏ ပါတီများ ဖြစ်၍ လက်ရှိနိုင်ငံရေး အကျပ်အတည်းကို စိန်ခေါ်လိုခြင်းထက် ကျဉ်းမြောင်းသော အစီအစဉ်သာရှိသည်ဟု ယုံကြည်ရသည်။
အနောက်နိုင်ငံများက ဆက်လက် အရေးယူပိတ်ဆို့မှာလား
စစ်ဖက်အစိုးရက နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရန် ငြင်းဆန်ခြင်းနှင့် တင်းကြပ် ချုပ်ချယ်သော ရွေးကောက်ပွဲ ဥပဒေတို့ကြောင့် အနောက်နိုင်ငံများက ပိတ်ဆို့မှုများကို ရုတ်သိမ်းလိုခြင်း မရှိကြပါ။ ဒီမိုကရေစီ ထောက်ခံသူ အများစုကမူ အရေးယူ ပိတ်ဆို့မှုများသည် ဆန့်ကျင်ဘက် ရလဒ်သာ ရရှိခဲ့ပြီး ပြည်သူများ ဆင်းရဲတွင်းနက်ကာ စစ်အစိုးရက ပို၍ ခေါင်းမာလာခဲ့သည်ဟု ပြောဆိုကြသည်။
ဒီမိုကရေစီသို့ အသွင်ကူးပြောင်းခြင်း မရှိဘဲ၊ ရွေးကောက်ပွဲက ဆောင်ကြဉ်းပေးမည့် အပြောင်းအလဲကြောင့် ပိတ်ဆို့မှုများ ဖယ်ရှားရန် သင့်/ မသင့်နှင့် ပတ်သက်၍ ငြင်းခုံမှုများ ကြီးမားလာဖွယ် ရှိသည်။ ကုန်သွယ်ရေးကို အခြေခံသည့် အာဆီယံနိုင်ငံများ၏ ညှိနှိုင်းမှုများသည် စစ်အစိုးရ၏ အာဏာ ဆုပ်ကိုင်မှုကို လျော့ရဲအောင် မပြုလုပ်နိုင်ခဲ့ပါ။
--Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.