Transparency Myanmar

transparency.myanmar@gmail.com

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်ဟောင်းများ ဖွဲ့စည်း ထူထောင်လိုက်သည့် အတိုက်အခံ ပါတီ တစ်ခု ဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) က နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲ မတိုင်မီ မန္တလေးမြို့တွင် ပါတီရုံးခွဲသစ် ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ရဲများ၊ ထောက်လှမ်းရေး အဖွဲ့ဝင်များ စောင့်ကြည့်ခြင်း ခံရသော အဆိုပါ ရုံးခန်းသစ် ဖွင့်လှစ်ပွဲသို့ လူပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း၊ NDF ပါတီဝင်များက ဖဲကြိုးဖြတ် မိုးပျံ ပူဖေါင်းများ လွှတ်တင်ကာ ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ယခုလို ရုံးခွဲ ဖွင့်လှစ်ခြင်းသည် ရွေးကောက်ပွဲ မတိုင်မီ အထက် မြန်မာနိုင်ငံ၏ အဓိက ကျသော မြို့တွင် ထောက်ခံမဲ ရရှိရန် ကြိုးပမ်းမှု တစ်ရပ်လည်း ဖြစ်သည်။

"တရားမျှတသည် ဖြစ်စေ၊ မမျှသည်ဖြစ်စေ လာမယ့် ရွေးကောက်ပွဲမှာ ကျွန်တော်တို့ ဝင်ရောက် ယှဉ်ပြိုင်မှာပါ၊ ပြည်သူတွေ အနေနဲ့ အရင်တုန်းကလိုပဲ NLD ကို မဲပေးရတော့မယ်လို့ မျှော်လင့်ကောင်း မျှော်လင့်ခဲ့ကြမှာပါ။ ဒါပေမဲ့ စိတ်မကောင်းစရာ ပါပဲ၊ NLD က ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မှု ပြုမှာ မဟုတ်တဲ့ အတွက် အခုပွဲမှာ NLD ဆက်လက် မပါဝင်နိုင်တော့ပါဘူး" ဟု NDF ဥက္ကဌ ဒေါက်တာ သန်းငြိမ်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဆယ်စုနှစ် ၂ ခုအတွင်း ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်သည့် ရွေးကောက်ပွဲ အတွက် ပြည်သူများက မဲပေးရန် အသင့် ဖြစ်နေချိန်တွင် အကယ်၍ မိမိတို့ အနေဖြင့် ရွေးကောက်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မှု မပြုလုပ်ပါက တာဝန် ပျက်ကွက်လိမ့်မည်ဟု NDF ပါတီအဖွဲ့ဝင်များက ခံစားခဲ့ရကြောင်း ဒေါက်တာသန်းငြိမ်းက ပြောဆိုသည်။

"ကျွန်တော်တို့ဟာ နောက်ဆုတ်မှာ မဟုတ်သလို ရှောင်ပြေးမယ့် သူတွေလည်း မဟုတ်ပါဘူး။ အခက်အခဲတွေကြောင့် တပ်ဆုတ်မယ့် သူတွေလည်း မဟုတ်ပါဘူး" ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

NDF ပါတီ၏ ရွေးကောက်ပွဲ ဝင်မည့် ဆုံးဖြတ်ချက်သည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အခြားသော NLD ပါတီဝင်များနှင့် သဘောထားချင်း တိုက်ဆိုင်မှု မရှိပေ။ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ ဥပဒေများသည် တရားမျှတမှု မရှိသောကြောင့် သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲကို အတိုက်အခံ နိုင်ငံရေးသမား အများစုနှင့် အနောက်နိုင်ငံများက အတုအယောင်မျှသာ ဖြစ်ပြီး စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရန် အဓိက ဦးတည်ထားခြင်းသာ ဖြစ်သည်ဟု ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ကြသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment