Transparency Myanmar

transparency.myanmar@gmail.com

UPI News, 3rd November 2010

မြန်မာ နိုင်ငံတွင် တနင်္ဂနွေနေ့၌ ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲကို တရားဝင် ယှဉ်ပြိုင်ပွဲ တစ်ခုအဖြစ် ဗြိတိသျှ အစိုးရက အသိအမှတ် ပြုမည် မဟုတ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားသည်။း

မြန်မာ နိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲကို တနင်္ဂနွေနေ့တွင် ကျင်းပရန် စီစဉ် ပြင်ဆင်လျက် ရှိနေပြီး လက်ရှိ အုပ်ချုပ်သူ စစ်အစိုးရက အစိုးရအဖွဲ့ အတွင်းသို့ အရပ်သားများ ပါဝင်နိုင်ရန် တံခါးဖွင့် ထားသည်ဟု ပြောကြားထားသည်။

စစ်ဖက် ခေါင်းဆောင်များ အနေဖြင့် လွှတ်တော် တွင်းနေရာ ၂၅ % ရရှိရန် အာမခံချက် ရထားပြီး ဖြစ်သလို အစိုးရကလည်း အတိုက်အခံ ပါတီများစွာနှင့် တရားမျှတမှု ကင်းမဲ့သော ရွေးကောက်ပွဲကို ဖော်ထုတ် ကန့်ကွက်မည့် နာမည်ကြီး ဝေဖန် ဆန်းစစ်သူများ ကိုလည်း တားဆီး ပိတ်ပင်ထားသည်။

ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး Jeremy Browne က Channel News Asia နှင့် ပြုလုပ်သော အင်တာဗျူးတွင် လန်ဒန် အနေဖြင့် အဆိုပါ ရွေးကောက်ပွဲကို များစွာ ယုံကြည်မှု မရှိကြောင်း ပြောကြားလိုက်သည်။

"ရွေးကောက်ပွဲတွေကို တရားဝင်တယ်လို့ ကျွန်တော်တို့ အသိအမှတ် မပြုပါဘူး၊ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ကျော် ရှိနေပါတယ်။ ရွေးကောက်ပွဲ ဝင်ချင်တဲ့ အတိုက်အခံ နိုင်ငံရေးသမားတွေ ဟာလည်း ဝင်ရောက် မယှဉ်ပြိုင် နိုင်ကြပါဘူး။ မြန်မာ ပြည်သူ ပြည်သားတွေရဲ့ သဘောထားကိုလည်း၊ ထင်ဟပ်နိုင်ခြင်း မရှိပါဘူး၊ ဒီလို အကြောင်းရင်းတွေ ရှိနေတဲ့ အတွက် ဒီရွေးကောက်ပွဲတွေကို တရားဝင် လုပ်ငန်းစဉ် တစ်ခုလို့ ကျွန်တော်တို့ မယူဆပါဘူး" ဟု ၎င်းက ရှင်းလင်း ပြောကြားသည်။

တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ ၃၇ ခု ပါဝင် ယှဉ်ပြိုင်ကြမည် ဖြစ်သော်လည်း ကိုယ်စားလှယ်ပေါင်း ၁၀၀၀ ကျော် ပါဝင် ယှဉ်ပြိုင်ရန် ပြင်ဆင်ထားသည့် လက်ရှိ စစ်ဖက် အုပ်ချုပ်သူများသာ အနိုင်ရလိမ့်မည်ဟု မျှော်လင့်ရသည်။

တိုင်းပြည်တွင်းမှ  အတိုက်အခံ အုပ်စုများကမူ ရွေးကောက်ပွဲကို သပိတ် မှောက်ကြရန် တိုက်တွန်း တောင်းဆိုနေကြသည်။ သို့သော်လည်း ရွေးကောက်ပွဲကို သပိတ် မှောက်ကြရန် ပြည်သူ လူထုကို နှိုးဆော်သူများ အနေဖြင့် ငွေဒဏ် (သို့) ထောင်ဒဏ် ၁ နှစ် (သို့) ပြစ်ဒဏ် ၂ ရပ်စလုံး ကျခံရမည်ဟု အာဏာပိုင်များက ပြောကြားကြောင်း အတိုက်အခံ DVB သတင်းစာက ဖော်ပြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Economist, 3rd November 2010

မြန်မာ နိုင်ငံတွင် ယခင်က အတိုက်အခံ နိုင်ငံရေးဟု ဆိုလိုက်သည်နှင့် ဒေါ်အောင်ဆန်း စုကြည်နှင့် သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဆိုလိုသည်ကို လူတိုင်း သိကြသည်။ ထို့နောက် ၁၉၉၀ ရွေးကောက်ပွဲတွင် NLD သည် ကြီးမားစွာ အနိုင်ရ ခဲ့သော်လည်း အစိုးရက လက်မခံခဲ့ပေ။

ယခု အနှစ် နှစ်ဆယ် ကြာသောအခါ ယခုအပတ် အကုန်တွင် ပါတီစုံ ရွေးကောက်ပွဲများ ကျင်းပရန် စီစဉ်လျက် ရှိသည်။ စစ်အစိုးရ ခေါင်းဆောင်များသည် ယူနီဖောင်းချွတ်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အောက်မှ အရွေးခံရန် ရှိသည်။ ပါတီ၏ အမှတ်အသား ဖြစ်သော အဖြူရောင် နောက်ခံတွင်အစိမ်းရောင် ခြသေ့င်္မှာ တိုင်းပြည်နေရာ အနှံ့ချယ်မှုန်းထားသည်ကို တွေ့ရပါသည်။ မြန်မာ နိုင်ငံတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ထူးထူးခြားခြား ထင်မြင်ချက်များ မရှိပါ။ သို့သော် USDP သည် နေရာ အားလုံးတွင် ပါဝင် ယှဉ်ပြိုင်သဖြင့် အနိုင်ရရန် သေချာနေပေသည်။ အချို့ ပါတီငယ်များသည် နေရာ အနည်းငယ် တွင်သာ ပါဝင် ယှဉ်ပြိုင်နိုင်ကြသည်။ တိုင်းရင်းသား လူမျိုး အများစုသည်လည်း ၎င်းတို့ လူမျိုး ပါတီများ အပေါ် ဆန္ဒမဲ ပေးနိုင်ကြသည်။

အတိုက်အခံ အတွက်မူ ယခင်ပုံစံ အတိုင်း မဟုတ်တော့ပေ။ NLD သည် ဥပဒေများ တရားမျှတမှု မရှိသဖြင့် ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ နိုင်ငံရေး သမိုင်း စာမျက်နှာမှ နုတ်ထွက်သွားခဲ့သည်။ ထိုအချက်ကြောင့် အခြား ပါတီများအတွက် အန္တရာယ် မရှိတော့ပေ။ ထိုအထဲတွင် သပိတ်မှောက်မှုကို သဘောမတူသော NLD အဖွဲ့ဝင်ဟောင်းများ ခေါင်းဆောင်သော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) သည် အကြီးဆုံး ဖြစ်သည်။ ၎င်းသည် ပါလီမန်တွင် လုံလောက်သော အတိုက်အခံ အင်အား ရလိမ့်မည်ဟု မျှော်လင့်နေသည်။ အခြားပါတီများမှာ ရည်မှန်းချက် ကြီးကြီးမားမား မရှိကြပေ။ အချို့ နေရာများတွင် တစ်သီးပုဂ္ဂလ အမတ်များ ဝင်ရောက် ယှဉ်ပြိုင်ကြသည်။ အားလုံးက ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားသော အချက်မှာ ပိုကောင်း လာလေမလားဟု ထိုင်စောင့် နေသည်နှင့် စာလျှင် အားနည်းချက်များ အမှားများ ရှိသော ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခြင်းက ပိုကောင်းသည်ဟု ခံယူထားကြခြင်း ဖြစ်သည်။ "ကျွန်တော်တို့ အလေ့အကျင့် သိပ်မရှိသေးပါဘူး။ ကျွန်တော်တို့ နိုင်ငံရေး သမား ဖြစ်ချင်တယ်" ဟု တစ်ဦးက ကျွန်ုပ်အား ပြောပြသည်။

ထိုအချက်မှာ ကျိုးကြောင်း ဆီလျော်သည်။ သို့သော် NLD သစ္စာခံများနှင့် မြန်မာနိုင်ငံ ပြင်ပမှ တစ်သံတည်း ထွက်သော အမြင်တွင်၊ သစ္စာ မရှိသူများ အဖြစ် မြင်ကြသည်။ NDF သည် ရွေးကောက်ပွဲအတွက် စတင် ပြင်ဆင်ချိန်က NLD ၏ ခိုင်မာသော ထောက်ခံသူများနှင့် တက်ကြွသူများကို စည်းရုံးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။ သို့သော် NLD တာဝန်ရှိ ပုဂ္ဂိုလ်များက ၎င်း၏ ထောက်ခံသူများအား NDF နှင့် မပူးပေါင်းရန် ပြောခဲ့ပြီး၊ ယုတ်စွအဆုံး အိမ်တံခါးပင် ဖွင့်မပေးရန် ပြောခဲ့သည်။ ယခုနှစ် အစောပိုင်းက အမေရိကန် သံတမန်အား NLD ခေါင်းဆောင်များက ပါတီမှ ခွဲထွက်သွားသူများ အပေါ် ပွင့်ပွင့်လင်းလင်း အမုန်းတရားအား ထုတ်ပြခဲ့ရာ သံရုံး
ဝန်ထမ်းမှာ စိတ်မကောင်း ဖြစ်ခဲ့ရသည်။

ပြည်ပရောက် နိုင်ငံရေး သမားများသည် NDF နှင့် မြန်မာနိုင်ငံ၏ ထင်ရှားသော အရပ်ဖက် အဖွဲ့အစည်း ထောက်ပံ့သူများကြား အဆက်အသွယ်ကို အာရုံပြု ပြောဆိုခဲ့ကြသည်။ စွပ်စွဲချက်မှာ စစ်အစိုးရ၏ စီးပွားရေး သမားများက အဆိုပါ အဖွဲ့အစည်းများမှ တဆင့် NDF အား ငွေကြေး ထောက်ပံ့ပြီး မရိုးသားသည့် ရွေးကောက်ပွဲအား တရားဝင်အောင် ပြုလုပ်သည်ဟု ဆိုသည်။ (NDF ခေါင်းဆောင်များက ထိုစွပ်စွဲချက်များကို ဂရုမစိုက်ခဲ့ပါ။ သို့သော် ကိုယ်စားလှယ်များ အတွက် စီးပွားရေး သမားများထံမှ အကူအညီ ယူရကြောင်း ပြောသည်။) မကြာသေးမီက NDF ဦးဆောင်၍ ခြောက်ပါတီ မဟာမိတ် ဖွဲ့စည်းရေး ကြိုးပမ်းမှုမှာ ထိုစွပ်စွဲချက်ကြောင့် ရှေ့မဆက်နိုင် ဖြစ်ခဲ့ရသည်။

ထိုကဲ့သို့သော အကွဲအပြဲများသည် အတိုက်အခံ ကြုံတွေ့နေရသော ကြီးမားသော လုပ်ငန်းစဉ် အတွက် ကြီးမားသော စိတ်ပျက်ဖွယ် နှောင့်နှေးမှုများပင် ဖြစ်သည်။ အဆိုပါ ကိစ္စများသည် အာဏာရှင်စနစ်၏ ဖိနှိပ်မှုအောက်တွင် ဆယ်စုနှစ်များစွာ နေခဲ့ရပြီးနောက် မြန်မာ နိုင်ငံရေး၏ ဘာမဟုတ်သော ကိစ္စဖြင့် ကိုယ့်ကိုယ်ကို ပျက်စီးရာ ပျက်စီးကြောင်း ပြုလုပ်သော သဘာဝကို မီးမောင်း ထိုးပြလိုက်ခြင်းပင် ဖြစ်သည်။ အစိုးရ နောက်ခံပြု အင်အားစုများကို ယှဉ်ပြိုင်ရန် ကိစ္စမှာ စိတ်ကူးရန် ခဲယဉ်းသော ကိစ္စဖြစ်သည်။ သို့သော် NDF နှင့် အခြား ပါတီများသည် ကြိုးစားကြည့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုလုပ်ရပ်မှာ ရက်စက် ကြမ်းကြုတ်ပြီး၊ အပြောင်းအလဲ မြန်သော အစိုးရအား အလျော့ ပေးသည်ဟု ယူဆပြီး ၎င်းတို့အား မုန်းတီးသူများက ထိုလုပ်ရပ်ကို ပြည်သူများ မယုံကြည်စေရန် ကြိုးပမ်း လုပ်ဆောင်လာကြသည်။ ၎င်းတို့ အောင်မြင် သွားနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည်မှာလည်း ကမ္ဘာက လွှတ်ပေးရန် အကြိမ်ကြိမ် ပြောနေသည့် ကြားမှ အကျဉ်းကျ ခံနေရဆဲ ဖြစ်သည်။ ထိုအချက်သည်ပင် အများက ရွေးကောက်ပွဲအပေါ် မကောင်းမြင်ရခြင်း တစ်ချက် ဖြစ်နေပေသည်။ သူမ၏ နောက်ဆုံး နေအိမ် အကျယ်ချုပ် သက်တမ်းသည် နိုဝင်ဘာ (၁၃) ရက်တွင် ကုန်ဆုံးမည် ဖြစ်သည်။ အစိုးရက သူမအား လွှတ်ပေးလိမ့်မည်ဟု ယူဆရသည်။ အတိုက်အခံမှာလည်း ထိုသို့သော စုစည်းသော အာဏာ ရှိဖို့ လိုအပ်လှသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Reuters, 1st November 2010

နိုင်ငံ အုပ်ချုပ်ရေး အာဏာ သိသာစွာ လွှဲပြောင်းမှု ရှိမည် မဟုတ်သော ရွေးကောက်ပွဲ အတုဟု ဝေဖန် ဆန်းစစ်သူများက သတ်မှတ်ထားကြသော နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲများကို စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ပြုလုပ်တော့မည် ဖြစ်သည်။

အကယ်၍ ပေါ်ပေါက်လာမည့် စနစ်သစ်သည် ပြည်သူလူထုကို သော်လည်းကောင်း၊ အာဏာ ငတ်မွတ်နေသော စစ်ဗိုလ်ချုပ်များကို သော်လည်းကောင်း ကျေနပ် နှစ်သိမ့်မှု မပေးနိုင်ပါက ဖြစ်ပွားလာ နိုင်သော စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး မတည်ငြိမ်မှု များအပေါ် စိုးရိမ် ပူပန်ခြင်းနှင့်အတူ မရေရာသော အနာဂတ် ကာလ တစ်ခုဆီသို့ ပြည်သူ သန်း ၅၀ နှင့် သယံဇာတ ကြွယ်ဝသော တိုင်းပြည်တို့ ဦးတည်နေခြင်း ဖြစ်သည်။

ဖြစ်နိုင်ချေ ရှိသော ရွေးကောက်ပွဲ အလွန် ပုံရိပ်များကို အောက်တွင် တင်ပြ ဆွေးနွေးထားသည်။

-      ရွေးကောက်ပွဲသည် အပေါ်ယံ ရုပ်ပြောင်းခြင်းမျှသာ ဖြစ်၍ စစ်တပ်က အာဏာ ဆက်ယူမည်

စစ်တပ်က အာဏာကို အမှန်တကယ် စွန့်လွှတ်မည်ဟု ယုံကြည်သူ အနည်းငယ်သာ ရှိသည်။ အခြေခံ ဥပဒေသစ်အရ တပ်မတော် သားများအတွက် လွှတ်တော် ကိုယ်စားလှယ် နေရာ ၂၅ % သီးသန့် ဖယ်ထားသည့် အပြင် လတ်တလော အငြိမ်းစား ဗိုလ်ချုပ်များ အပါအ၀င် တပ်မတော် ကြိုးကိုင် ကိုယ်စားလှယ်များက ကိုယ်စားလှယ် နေရာ အမြောက် အမြား အနိုင်ရရန် များစွာ သေချာနေသည်။

သမ္မတက တာဝန် ထမ်းဆောင်ဆဲ ဗိုလ်ချုပ် ၃ ဦးကို ပြည်ထဲရေး၊ ကာကွယ်ရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးများအဖြစ် တာဝန်ပေးကာ ကျန်ဝန်ကြီး ရာထူးများကို တပ်မတော်ကြိုးကိုင် ကိုယ်စားလှယ်များက ရရှိကြလိမ့်မည်ဟု မျှော်လင့် ရပေရာ မူဝါဒနှင့် ဘတ်ဂျက် ဆုံးဖြတ်မှုများကို တပ်မတော်က ဆက်လက် ထိန်းချုပ်မည့် သဘောပင် ဖြစ်သည်။ အသုံးစရိတ် ဘီလ်စာရင်း များမှာမူ လွှတ်တော်မှ တဆင့် အတည်ပြုရမည် ဖြစ်သော်လည်း တပ်မတော်က မဖြစ်မနေ ထိန်းချုပ်လိမ့်မည် ဖြစ်သည်။

ဤသည်မှာ ဖြစ်နိုင်ခြေ အများဆုံး ဇာတ်ကွက်ဖြစ်ပြီး တပ်မတော် သည်သာလျှင် တိုင်းပြည်ကို အုပ်ချုပ်နိုင်စွမ်း ရှိသည့် တစ်ခုတည်းသော အင်အားစု ဖြစ်သည်ဟု စစ်အစိုးရက ရိုးသားစွာ ယုံကြည်နေ သည်ဟု လေ့လာသူများက ပြောကြားသည်။ ထို့အပြင် စစ်ဗိုလ်ချုပ်များက ယင်းတို့၏ ကိုယ်ပိုင် အကျိုး စီးပွားများကိုလည်း ကာကွယ်ရန်၊ မြှင့်တင်ရန် ဆန္ဒ ရှိကြလိမ့်မည်ဟု ဆိုသည်။

-      ဒီမိုကရေစီ စနစ် ကျဆုံးကာ စစ်တပ်က အာဏာ ပြန်ယူမည်

၁၉၉၀ ခုနှစ်က နောက်ဆုံး ရွေးကောက်ပွဲများ ကျင်းပခဲ့စဉ်က ရလဒ်ကို စစ်ဗိုလ်ချုပ်များက မလိုလားသောကြောင့် အာဏာ လွှဲပြောင်းပေးရန် ငြင်းဆန်ခဲ့ကြသည်။ ယင်းဖြစ်ရပ်မှ စစ်အစိုးရက သင်ခန်းစာ ယူခဲ့သည့် လက္ခဏာ ရှိပြီး အခြေခံဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေကို ဂရုတစိုက် ရေးဆွဲကာ အာဏာကို ယင်းတို့ လက်ထဲ ပြန်လွှဲရန် အသေအချာ စီစဉ်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ စနစ်သစ်ကို ပြည်သူအများစုက ပယ်ချခြင်းကြောင့် လူထု အုံကြွမှု ဖြစ်ပေါ်စေနိုင်သော်လည်း လက်ရှိ အာဏာရ ဗိုလ်ချုပ်ကြီးများကို ဖယ်ရှားကာ တကယ့် ဒီမိုကရေစီသို့ ပြောင်းလဲမည့် တပ်မတော် အုပ်စုကွဲ၏ အာဏာ သိမ်းခြင်းမှာမူ ဖြစ်နိုင်ချေ နည်းသည်။

ပြည်တွင်း လုံခြုံရေးနှင့် အမျိုးသား စည်းလုံး ညီညွတ်မှုကို ခြိမ်းခြောက်မှုနှင့် ရင်ဆိုင် ရချိန်တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို  အာဏာ သိမ်းခွင့် ပြုထားသည့် အရေးပေါ် အခြေအနေ ကြေညာခွင့်နှင့် ပတ်သက်ပြီး တပ်မတော်က ရေးဆွဲသော ၂၀၀၈ အခြေခံ ဥပဒေတွင် အသေးစိတ် ဖော်ပြထားသော အခန်း ပါဝင်သည်။ ဤအချက်ကြောင့် အကယ်၍ တပ်မတော်၏ အာဏာ ခြိမ်းခြောက်ခံရခြင်း၊ သြဇာ ကျဆင်းလာခြင်း တို့ ဖြစ်ပေါ်လာပါက အာဏာ ပြန်သိမ်းရန် အတွက် အကြောင်းပြရန် ပဋိပက္ခများ ကိုယ်တိုင် ဖန်တီးခြင်းကိုပင် ဖြစ်ပေါ်စေနိုင်သည်။

-      တကယ့် အရပ်ဖက် အုပ်ချုပ်ရေးသို့ အဆင့်ဆင့် ပြောင်းလဲခြင်း

ရေရှည်တွင်မူ မြန်မာနိုင်ငံ၌ တပ်မတော်၏ ထိန်းချုပ်မှုနှင့် သြဇာ ကင်းရှင်းသော တကယ့်အစစ် အမှန် အရပ်ဖက် အစိုးရထံ တဖြည်းဖြည်း အာဏာ လွှဲပြောင်းမှု ဖြစ်ပေါ်လာနိုင်သည်။ ဤကိစ္စမှာ အဆင့်ဆင့် ပြောင်းလဲရမည့် လုပ်ငန်းစဉ် ဖြစ်ဖွယ် ရှိပြီး တပ်မတော်၏ ရည်ရွယ်ချက် မဖြစ်နိုင်ပါ။

အနာဂတ် ရွေးကောက်ပွဲများ၊ အခြေခံ ဥပဒေ ပြင်ဆင်မှုများ၊ အာဏာ တည်ဆောက်ပုံ အပြောင်း အလဲများက တပ်မတော်အတွင်း သဘောထား မတူသော အုပ်စုကွဲများကို ထွက်ပေါ် စေနိုင်သည်။ ဥပမာအားဖြင့် အချို့သူများက အတွေ့အကြုံ ရှိသော ပညာရှိသော ပညာရှင်များ (စီးပွားရေး၊ ကျန်းမာရေး ကဏ္ဍများကို ကိုင်တွယ်နိုင်စွမ်း ရှိသည်ဟု ယူဆရသော) ကို နေရာပေးရန် လိုလားခြင်း များကို ဆိုလိုသည်။

နိုင်ငံတကာ ဖိအားပေးမှု၊ ပြုပြင် ပြောင်းလဲရန် ဆန္ဒ (သို့) ပုဂ္ဂလိက စီးပွားရေး (သို့) နိုင်ငံရေး စိတ်ဝင်စားမှုများကြောင့် တပ်မတော် အတွင်း (သို့) ယင်း၏ ကိုယ်စားလှယ်များအတွင်း အုပ်စုကွဲများ အလိုအလျောက် ပေါ်ထွက်လာသည်ကို တွေ့မြင်ရနိုင်သည်။

အဆိုပါ ဖြစ်ရပ်မျိုးမှာ ပထမပိုင်း အစိုးရ အနည်းငယ် အတွင်း ဖြစ်နိုင်ချေ မရှိသော်လည်း အိုမင်း ရင့်ရော်လာသည့် စစ်အစိုးရ ထိပ်ဆုံး တာဝန်ရှိ ပုဂ္ဂိုလ် ကွယ်လွန်ခြင်း (သို့) မြင်ကွင်းမှ ပျောက်ကွယ် သွားပါက စတင် ဖြစ်ပေါ်လာနိုင်သည်။ မည်သို့ပင် ဖြစ်စေ တပ်မတော်အတွင်း အကွဲအပြဲ မှန်သမျှသည် အာဏာ သိမ်းမှုနှင့် နိုင်ငံရေး အရှုပ်အထွေးများကို ဖြစ်ပေါ်စေမည့် အခွင့်အလမ်းများ မြင့်တက် လာစေဖွယ် ရှိသည်။

-      စစ်တပ် ကြိုးကိုင် အစိုးရကို ပြည်သူလူထုက ပယ်ချခြင်း

နှစ်ပေါင်းများစွာ စီးပွားရေး ခန့်ခွဲမှု အလွဲများ၊ လူ့အခွင့်အရေး ညှင်းပန်းမှုများနှင့် ပညာရေး၊ ကျန်းမာရေး၊ လူထု ၀န်ဆောင်မှု ကဏ္ဍများတွင် လုံလုံ လောက်လောက် ရင်းနှီး မြှုပ်နှံရန် ပျက်ကွက်မှုများ ကြောင့် တပ်မတော် အပေါ် လူထု မကျေနပ်မှုကို နက်ရှိုင်းအောင် ဖန်တီးသလို ဖြစ်ခဲ့ပြီး အထူးသဖြင့် အခြေခံ ဥပဒေတွင် ကတိပြုထားသည့် ပြုပြင် ပြောင်းလဲရေးနှင့် လူမှုဖူလုံရေး ကတိက၀တ်များကို ဖော် ဆောင်ရန် အစိုးရက ပျက်ကွက်သည့် အချိန်တွင် ဆူပွက် အုံကြွမှု ဖြစ်ပေါ်လာနိုင်သည်။

ဤကိစ္စမှာ ယခင်ကလည်း ဖြစ်ပျက်ခဲ့ပြီး ဖြစ်သည်။ လောင်စာဆီနှင့် ဓာတ်ငွေ့ ဈေးနှုန်း တက်မှု ကြောင့် စစ်အစိုးရအပေါ် ပြည်သူလူထု ဒေါသပွားကာ ၂၀၀၇ တွင် နိုင်ငံအနှံ့ သံဃာတော် ဆန္ဒပြပွဲများ ဖြစ်ပေါ်စေခဲ့ပြီး စစ်ဖက် အုပ်ချုပ်သူ အစိုးရကလည်း ပြည်သူလူထု၏ တော်လှန်မှုနှင့် ရင်ဆိုင် ရချိန်တွင် ယင်းတို့၏ ကြောက်ရွံ့စိတ်နှင့် ရက်စက် ကြမ်းကြုတ်မှုတို့ကို ထပ်မံ ပြသခဲ့ကြသည်။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီသစ်ကို ဆွေးမျိုးရောင်းရင်း ကောင်းစားရေးဝါဒ၊ အကျင့်ပျက် ခြစားမှု နှင့် အလွန်အမင်း မညီမျှမှုများက ဒုက္ခပေးဖွယ် ရှိနေသည်။ အကယ်၍ တရားစီရင်ရေး စနစ် စွန်းထင်း နေခြင်း၊ လယ်သမား လျစ်လျူရှု ခံနေရခြင်းနှင့် လုံလောက်သော လူမှု ဖူလုံရေး အစီအစဉ်များကို အစိုးရက ဖြည့်ဆည်းရန် ပျက်ကွက်ခဲ့ပါက ယင်းတို့၏ လက်တွင်း၌ပင် တော်လှန် သူပုန်ထမှုများ ဖြစ်လာနိုင်သည်။ စစ်အစိုးရ၏ အတိတ်က ကျူးလွန်မှုများကို တုန့်ပြန် တရားစွဲဆို လိုကြသည့် ဒီမိုကရေစီ အုပ်စုများစွာ မြန်မာနိုင်ငံတွင် ရှိနေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Monsters and Critics, 2nd November 2010

မြန်မာ နိုင်ငံတွင် နှစ်ပေါင်း နှစ်ဆယ် အတွင်း ပထမဆုံး ရွေးကောက်ပွဲကို နိုဝင်ဘာ (၇) ရက်နေ့တွင် ကျင်းပတော့မည် ဖြစ်ရာ မျှော်လင့်ချက် အနည်းငယ်သာ ရှိနေသည်။

၁၉၉၀ ခုနှစ် မေလ (၂၇) ရက် နောက်ဆုံး ရွေးကောက်ပွဲ ကျင်းပစဉ်က တိုင်းပြည်မှ စစ်ဗိုလ်ချုပ်များကို အံ့အားသင့် စေခဲ့ပြီး၊ နိုင်ငံရေး အသိအမြင် နည်းပါးသော တိုင်းပြည်တွင် ဒီမိုကရေစီ အတွက် မျှော်လင့်ချက် အကြီးအကျယ် ထားခဲ့ကြသည်ကို တွေ့ရသည်။

မြန်မာ စစ်ဗိုလ်ချုပ်များသည် လွန်ခဲ့သည့် အနှစ် နှစ်ဆယ် အတွင်း အဆိုပါ ဒီမိုကရေစီ မျှော်လင့်ချက်များကို ချေမွ ဖျက်ဆီးခဲ့ပြီး ယခုတစ်ကြိမ် ရွေးကောက်ပွဲတွင် အံ့သြဖွယ် ရလဒ်များ မထွက်ပေါ် စေရေးအတွက် သေချာစွာ စီမံခဲ့သည်။

"၁၉၉၀ တုန်းကလို ဒီမိုကရေစီ ဘက်တော်သားတွေ ဝက်ဝက်ကွဲ အောင်ပွဲရဖို့၊ စာရင်း ဇယား အရ ကြည့်ရင်တောင် မဖြစ်နိုင်တော့ပါဘူး" ဟု ပဋိပက္ခ ကာကွယ်ရေးနှင့် ငြိမ်းချမ်းရေး ဖိုရမ်တွင်  လုပ်ကိုင်လျက် ရှိသည့် ရန်ကုန် ILO ရုံးတွင် ဆက်ဆံရေး အရာရှိ အဖြစ် တာဝန် ထမ်းဆောင် ခဲ့ဖူးသော Richard Horsey က ပြောကြားခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲ ကျင်းပစဉ်က ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ပါတီက (၄၄၇) နေရာ ပြိုင်ခဲ့ရာ (၃၉၂) နေရာ အနိုင် ရရှိခဲ့သည်။ ထိုစဉ်က အစိုးရ၏ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီသည် (၁၀) နေရာသာ အနိုင် ရရှိခဲ့သည်။

အစိုးရသည် NLD အား အာဏာ လွှဲမပေးခဲ့ဘဲ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အားလည်း အနှစ် နှစ်ဆယ် အတွင်း (၁၅) နှစ်ခန့် နေအိမ် အကျယ်ချုပ် ချထားခဲ့သည်။

သူမသည် နိုဝင်ဘာ (၇) ရက်တွင် နေအိမ် အကျယ်ချုပ် အဖြစ် ဆက်လက် ရှိနေမည် ဖြစ်ပြီး၊ သူမ၏ (၁၈) လ ပြစ်ဒဏ်သည် နိုဝင်ဘာ (၁၃) ရက်တွင် ကုန်ဆုံး၍ လွတ်မြောက် လိမ့်မည်ဟု ယူဆရသည်။

NLD သည် ရွေးကောက်ပွဲကို သပိတ်မှောက်လျက် ရှိပြီး ၎င်းအား ထောက်ခံသူများကို မဲမပေးရန် တိုက်တွန်းလျက် ရှိသည်။

မြန်မာနိုင်ငံတွင် လူဦးရေ (၅၀.၅) သန်း ရှိသည့် အနက် ဆန္ဒမဲပေးရန် သတ်မှတ်ချက် ဘောင် ဝင်သူ သန်း (၃၀) ခန့် ရှိသည်။

"ရွေးကောက်ပွဲဟာ စစ်အုပ်ချုပ်ရေး ယန္တရားကိုပဲ ဆက်လက် ထူထောင်တာ ဖြစ်လို့ ကျွန်တော်တို့က မဲမပေးဖို့ တိုက်တွန်း နေတာပါ" ဟု NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောသည်။

"ကျွန်တော် ဆန္ဒမဲ ပေးပါမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ကြိုက်တဲ့လူ ရွေးချယ် ပိုင်ဆိုင်ခွင့် ရှိလို့ပါ။ ရွေးကောက်ပွဲ ပြီးရင် အပြောင်းအလဲကို ကျွန်တော် မျှော်လင့်ပါတယ်။ အနည်းဆုံးတော့ ကျွန်တော်တို့ အမြင်ကို လွတ်လပ်စွာ ဖော်ထုတ်ခွင့် အချို့ ရလိမ့်မယ်လို့ ထင်ပါတယ်" ဟု ရန်ကုန် အခြေစိုက် စာပေ ထုတ်ဝေသူ အသက် (၄၅) နှစ်ရှိ ကိုမျိုးအောင်က ပြောသည်။

NLD မှ ခွဲထွက်လာသော အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) သည် ပါလီမန် သုံးရပ် အတွက် (၁၁၅၉) နေရာ ရှိသည့် အနက် ကိုယ်စားလှယ် (၁၆၀) ခန့် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။

"ကျွန်တော် မဲဆွယ်တော့ လူထုက အံ့အားသင့်ဖို့ ကောင်းပါတယ်။ သူတို့က ခမောက် (၎င်းတို့ ပါတီ အမှတ်အသား) ကိုပဲ ပေးကြမယ်လို့ ပြောပါတယ်" ဟု NDF ဒုတိယ ခေါင်းဆောင် ဦးသိန်းညွန့်က ပြောသည်။

အကယ်၍ NDF ကသာ ၎င်းတို့ ပြိုင်သည့် နေရာတိုင်းတွင် အနိုင် ရရှိခဲ့ပါက ၎င်းသည် အထက် လွှတ်တော်နှင့် အောက်လွှတ်တော်တွင် ၃၀ % ရရှိမည် ဖြစ်၍ အတိုက်အခံ အသံ အတွက် အတိုင်းအတာ တစ်ခု အထိ နေရာ ရရှိမည် ဖြစ်သည်။

သို့သော် ပါတီ (၃၇) ပါတီနှင့် တစ်သီး ပုဂ္ဂလ (၈၂) ဦးတို့သည် ရန်ကုန်၊ မန္တလေး ကဲ့သို့သော မြို့ပြများတွင် ပြိုင်ဆိုင်မှု ပြင်းထန်ကြမည် ဖြစ်ပြီး၊ ကျေးလက် ဒေသများတွင် အစိုးရ၏ ပါတီက လွှမ်းမိုးလိမ့်မည် ဖြစ်သည်။

စစ်တပ် ကျောထောက် နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) နှင့် အစိုးရ စောင့်ရှောက် ထားသော တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (NUP) တို့သည် မဲဆန္ဒနယ်တိုင်း နီးပါးတွင် ပါဝင် ယှဉ်ပြိုင်နေသည်။

အစိုးရသည် နိုင်ငံတကာ လေ့လာသူများကို ခွင့်ပြုမည် မဟုတ်သော်လည်း ရန်ကုန် အခြေစိုက် သံတမန်များနှင့် သတင်းစာ ဆရာများကိုမူ တစ်နိုင်ငံလုံး အတိုင်းအတာ အရ (၁၈) နေရာတွင် ကြည့်ရှု လေ့လာခွင့် ပြုမည် ဖြစ်သည်။

မြန်မာ လေ့လာသူများက ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတ နိုင်ခြေ ရှိကြောင်း ပြောကြသည်။ တစိတ်တပိုင်း မှန်နိုင်သည်။

"ရွေးကောက်ပွဲ ကျင်းပတဲ့နေ့မှာ အရေးပါတဲ့ ခြိမ်းခြောက်မှုတွေ၊ အကြမ်းဖက်မှုတွေ မရှိခဲ့ဘူး ဆိုရင်လဲ အံ့သြစရာတော့ မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ စနစ် တစ်ခုလုံးက ကြောက်နေအောင် ခြိမ်းခြောက် ထားပြီးသားကိုး။" ဟု Human Rights Watch မှ မြန်မာ နိုင်ငံ အကြောင်း သုတေသန ပြုသူ အကြီးတန်း သုတေသနမှူး David Mathieson က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်း စုကြည်အား အကျဉ်းချ ထားပြီး၊ NLD အား ရွေးကောက်ပွဲတွင် မပါဝင် နိုင်ရန် ကန့်သတ်မှုများ ပြုထားခြင်း၊ အခြား ပါတီများ ငွေကြေး အခက်အခဲ ဖြစ်စေရန် ပြုလုပ်ထားခြင်းများ အပြင် အစိုးရ၏ အခြေခံ ဥပဒေသည် ဥပဒေ ပြုမှုအတွက် စစ်တပ်မှ ၂၅ % သော နေရာအား ပေးထားပြီး ဖြစ်သည်။

ထိုအကြောင်းများကြောင့် နိုဝင်ဘာ (၇) ရက် ရွေးကောက်ပွဲသည် အံ့သြစရာများ ပေါ်ထွက် မလာဟု မဆိုလိုပေ။ ခန့်မှန်းရ ခက်သည်မှာ NUP ပင် ဖြစ်သည်။ ၎င်းသည် ၁၉၉၀ ခုနှစ်က စစ်တပ်ကို ကိုယ်စားပြုသည်ဟု ဆိုသော်လည်း ၎င်းသည် သန်းရွှေထက် စာလျှင် နေဝင်းခေတ်နှင့် ပို၍ ပတ်သက် ခဲ့ကြသူများ ဖြစ်သည်။

NUP သည် အမတ်နေရာ ၃၀ % ခန့် အနိုင် ရခဲ့သည် ဆိုပါစို့။ NUP သည် စစ်တပ်မှ ခန့်ထားသော အမတ်များနှင့် USDP  အမတ်များ၏ မဟာမိတ် အင်အားစုကို တန်ပြန် ထိန်းကျောင်းရန် အခြား ပါတီများနှင့် မဟာမိတ် ပြုလိမ့်မည်ဟု ယူဆရသည်။

"NLD ပါတီဟာ မူလအားဖြင့် ဒီမိုကရေစီ ပါတီများနဲ့ မဟာမိတ် မဟုတ်ဘူးဆိုတာ သေချာတဲ့ အလျှောက်၊ ၎င်းဟာ ထင်ထားတာထက် အစိုးရနဲ့ စစ်တပ်နဲ့ လွတ်ကင်းပြီး ပို၍ လွတ်လပ်စွာ ရပ်တည်နေတယ် ဆိုတဲ့ အချက် အတွက် ယုံကြည်ရ လောက်တဲ့ အကြောင်း ပြချက်တွေ ရှိပါတယ်" ဟု Horsey က ၎င်း၏ မကြာသေးခင်က စာတမ်း ဖြစ်သော "Myanmar A Pre-election Primer" တွင် ခန့်မှန်း တင်ပြထားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

Asian Correspondent, 31st Oct 2010

၂၀၀၉ ခုနှစ် စက်တင်ဘာတွင် သမ္မတ Barack Obama သည် မြန်မာ နိုင်ငံကို ပစ်ပယ်ထားမှုအား ဘေးဖယ်၍ နှစ်နိုင်ငံ ဆက်သွယ်ရန် လမ်းကြောင်းများ စတင် ချဲ့ထွင်ခြင်းကို မြန်မာ စစ်တပ် အစိုးရ အဆင့်မြင့် အာဏာပိုင် အဆင့်နှင့် ဆက်ဆံခြင်းဖြင့် ပြုလုပ်ခဲ့သည်။ စီးပွားရေး အရ အရေးယူ ပိတ်ဆို့မှုကို လက်တွေ့ ကျသော ဆက်ဆံရေးဖြင့် ချိန်ညှိခဲ့သည်။

အဆိုပါ အချက်များကြောင့် Asia Society သည် မြန်မာနိုင်ငံ အပေါ် အမေရိကန်၏ မူဝါဒအတွက် လုပ်ငန်း အင်အားစု (Task Force) ကို တည်ထောင်ခဲ့ပြီး အမေရိကန် မူဝါဒ ပြောင်းလဲမှုနှင့် ဆက်ဆံရေး လမ်းကြောင်းသစ်တွင် အမေရိကန် အနေဖြင့် မည်သို့ အကောင်းဆုံး ချဉ်းကပ်ရန် ခိုင်မာသော အကြောင်းများကို အကဲခတ် တင်ပြရန် ဖြစ်သည်။ လုပ်ငန်း အင်အားစု၏ အစီရင်ခံစာ ဖြစ်သော " Current Realities and Future Possibilities in Burma: Option For U.S. Policy"ကို ၂၀၁၀ မတ်လတွင် ထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲများကို နိုဝင်ဘာ (၇) ရက်တွင် ကျင်းပမည် ဖြစ်ရာ၊ လုပ်ငန်း အင်အားစု၏ အစီရင်ခံစာ ထုတ်ဝေပြီး ကတည်းက မြန်မာနိုင်ငံတွင် အဓိက တိုးတက်လာမှုများ အပေါ် ခြုံငုံ၍ ထပ်မံ ဖြည့်စွက်ထားသည်။ ထပ်မံ ဖြည့်စွက်ချက်တွင် လာမည့် ရွေးကောက်ပွဲသည် အားလုံး ပါဝင်မှု သို့မဟုတ် တရား မျှတမှု ရှိလိမ့်မည် မဟုတ်သည်မှာ ထင်ရှားကြောင်း ဖော်ပြထားသည်။ အတိုချုပ် ပြောရလျှင် မြန်မာ စစ်ခေါင်းဆောင်များသည် နိုင်ငံတကာ အသိုင်းအဝိုင်းက တောင်းဆိုသော ရွေးကောက်ပွဲတွင် အတိုက်အခံ ခေါင်းဆောင်များနှင့် တိုင်းရင်းသားများ အပြည့်အဝ ပါဝင်ရေးကို ရည်ရွယ်ချက် ရှိရှိဖြင့် လစ်လျူရှုခဲ့သည်။

ထိုနည်းတူစွာပင် အမေရိကန်၏ မြန်မာနိုင်ငံ အပေါ် ချဉ်းကပ်မှု အသစ်ကလည်း အရေးပါသော တိုးတက်မှု သို့မဟုတ် ရလဒ် ရရှိခြင်း မရှိသေး ဆိုသည်မှာလည်း ထင်ရှားသည်။ ထို့ကြောင့် အမေရိကန် ပြည်ထောင်စုသည် ရွေးကောက်ပွဲအပြီး တက်လာမည့် အစိုးရ၏ ဒီမိုကရေစီရေး လုပ်ဆောင်မှုများ၊ အမျိုးသား ပြန်လည် ပေါင်းစည်းမှုနှင့် လူ့အခွင့်အရေး ကိစ္စရပ်များ အပေါ် သဘောထားကို သေချာစွာ စောင့်ကြည့် သင့်ပေသည်။ တချိန်တည်းမှာပင် ဆက်ဆံရေး လုပ်ငန်းစဉ်ကို မြန်မာ့ အနာဂတ် ခေါင်းဆောင်များကြား အထက်ပါ ရည်မှန်းချက်များ ပိုမို နားလည် သဘော ပေါက်ရေးအတွက် ရည်ရွယ်ပြီး ရှေ့ဆက် ခြေလှမ်းသင့်သည်။ ထိုသို့ လုပ်ဆောင်ရာတွင် အမေရိကန် ပြည်ထောင်စု အနေဖြင့် ထိရောက်စွာ တုန့်ပြန်နိုင်ရန်နှင့် အသွင် ကူးပြောင်းရေး အလား အလာများ၏ အချိန်ယူမှု အလှည့်အပြောင်းများအပေါ် ပြုပြင် ပြောင်းလဲလွယ်သည့် ရပ်တည်မှု ရှိရန် လိုအပ်မည် ဖြစ်သည်။ မြန်မာ အစိုးရသစ် အနေဖြင့် အပေါင်း လက္ခဏာ ဆောင်သော ဦးတည်ချက်များ အတွက် ဖိအားပေးရန် မျက်ခြေ မပြတ် ရှိနေသင့်လှပေသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

တရုတ်နိုင်ငံ သမ္မတ ဟူဂျင်တောင်နှင့် တွေ့ဆုံရာတွင် လူ့အခွင့်အရေး ကိစ္စများ ထုတ်ဖော် ပြောဆိုမှု မပြုခဲ့သည့် အတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အုပ်စု တစ်စုက ဝေဖန် ပြောဆိုလိုက်သည်။

တရုတ် အစိုးရ ဆန့်ကျင်ရေး သမား နိုဗယ်လ် ငြိမ်းချမ်းရေး ဆုရှင် Liu Xiaobo အား ဖမ်းဆီး အကျဉ်းချ ထားမှုအပေါ် စိုးရိမ် ပူပန်မှု လူသိရှင်ကြား ထုတ်ဖော် ပြောဆိုပေးရန် အမေရိကန် ပြည်ထောင်စု၊ နယူးယောက် အခြေစိုက် Human Rights Watch အဖွဲ့က ကုလသမဂ္ဂ အကြီးအကဲ ဘန်ကီမွန်းကို တိုက်တွန်း ပြောဆိုထားသည်။ အဆိုပါ ကိစ္စအပေါ် မစ္စတာ ဘန်ကီမွန်း ရေငုံ နှုတ်ပိတ် လုပ်ခဲ့မှုသည် များစွာ တုန်လှုပ်ဖွယ် ကောင်းသော အရာတစ်ခု ဖြစ်ကြောင်း၊ မစ္စတာ ဘန်ကီမွန်းသည် တရုတ် လူ့အခွင့်အရေး လှုံ့ဆော်သူများသို့ ကြောက်မက်စရာ ကောင်းသော အချက်ပြမှု တစ်ရပ် ပြသလိုက်ခြင်း ဖြစ်ကြောင်း Human Rights Watch က ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ကုလသမဂ္ဂမှ ပြောရေးဆိုခွင့် ရှိသူက မစ္စတာ ဘန်ကီမွန်းနှင့် တရုတ် ခေါင်းဆောင် ဟူဂျင်တောင်းတို့ တွေ့ဆုံရာတွင် လူ့အခွင့်အရေး ကိစ္စကို ထည့်သွင်း ပြောဆိုခြင်း မရှိခဲ့ပါကြောင်း အတည်ပြု ပြောကြားသည်။ တရုတ် သမ္မတ ဟူဂျင်တောင်းနှင့် မစ္စတာ ဘန်ကီမွန်းတို့ ပုဂ္ဂိုလ်ရေး သီးသန့် ဆွေးနွေးမှုတွင်လည်း အဆိုပါ အရေးကိစ္စကို ထည့်သွင်းခြင်း မရှိကြောင်း၊ အကြောင်းမှာ အခြား အရေးကြီး ဆွေးနွေးစရာ အရေးကိစ္စများ ရှိနေခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆူဒန်နှင့် ဆိုမာလီယာ ကဲ့သို့သော အာဖရိက နိုင်ငံများတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများကို ဖြေရှင်းရာတွင် တရုတ်နိုင်ငံ အနေဖြင့် ကြီးမားသော အခန်းကဏ္ဍမှ ဝင်ရောက်ပေးရန် မစ္စတာ ဘန်ကီမွန်းက တရုတ် သမ္မတကို ပြောဆိုခဲ့သည်ဟု ဆိုသည်။

တရုတ် အစိုးရ ဆန့်ကျင်ရေး သမား Liu Xiaobo နိုဗယ်လ် ငြိမ်းချမ်ရေးဆု ရရှိသည့် ကိစ္စကို များစွာ သတိထား၍ တုံ့ပြန်ခဲ့သော ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ်အား လူ့အခွင့်အရေး လှုံ့ဆော်သူများက ပြစ်တင် ဝေဖန်ခဲ့ကြသည်။

ဝေဖန် ပြောဆိုမှုများ ထွက်ပေါ်လာပြီးနောက် မစ္စတာ ဘန်ကီမွန်းက မစ္စတာ Liu Xiaobo အား သွယ်ဝိုက်သော နည်းဖြင့်သာ ဝမ်းမြောက်ကြောင်း ချီးမွမ်း ပြောဆိုခဲ့သည်။ သို့သော် Liu Xiaobo အကျဉ်းထောင်မှ လွတ်မြောက်ရေး အတွက် တရုတ် အစိုးရကို တိုက်တွန်း ပြောဆိုမှု မပြုပေ။

မစ္စတာ ဘန်ကီမွန်းက မိမိအနေဖြင့် ပြည့်ဝသော သံတမန် နည်းလမ်းကိုသာ ကျင့်သုံး လိုကြောင်း တုံ့ပြန် ပြောဆိုပြီး ၎င်း၏ နှိမ့်ချတတ်သော ပင်ကိုယ် စတိုင်ကို ကာကွယ်ခဲ့သည်။ လေ့လာ အကဲခတ်သူများ အဆိုအရ မစ္စတာ ဘန်ကီမွန်းသည် ကုလ အထွေထွေ အတွင်း ရေးမှူးချုပ် ရာထူး ဒုတိယ သက်တမ်း ဆက်လက် တာဝန် ထမ်းဆောင်နိုင်ရန် တရုတ်နိုင်ငံ၏ အထောက်အပံ့ လိုအပ်သောကြောင့် နိုဗယ်လ် ငြိမ်းချမ်းရေး ဆုရှင် Liu Xiaobao နှင့် ပတ်သက်၍ ယင်းသို့ သတိထား ပြုမူ ပြောဆိုနေခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ်ပြည်သည် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် ဗီတိုအာဏာ သုံးနိုင်သည့် အမြဲတမ်း အဖွဲ့ဝင် နိုင်ငံများတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်သည်။

BBC သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

လာမည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ဒီမိုကရေစီ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် အားပေး အားမြှောက် ပြုသည့် အတိုက်အခံ အင်အားစုများ အနေဖြင့် ဖမ်းဆီး အရေးယူခြင်း ခံရမည် ဖြစ်ကြောင်း မြန်မာ စစ်အစိုးရ အာဏာပိုင်များက နိုဝင်ဘာလ ၁ ရက်နေ့တွင် ထုတ်ဖော် ပြောဆိုသည်။

မြန်မာ နိုင်ငံတွင် နိုဝင်ဘာလ ၇ ရက် (တနင်္ဂနွေနေ့) ၌ ကျင်းပ ပြုလုပ်မည့် အဆိုပါ ရွေးကောက်ပွဲသည် နှစ်ပေါင်း ၂၀ တာ ကာလအတွင်း ပထမဆုံး အကြိမ် ဖြစ်သည်။ အတိုက်အခံ နိုင်ငံရေး အင်အားစုများက အဆိုပါ ရွေးကောက်ပွဲကို သပိတ် မှောက်ရန် စည်းရုံး ပြောဆိုလျက် ရှိသည်ဟု သတင်းများအရ သိရသည်။ မြန်မာ အာဏာပိုင် များကမူ ရွေးကောက်ပွဲကို သပိတ်မှောက်ရန် စည်းရုံး လှုံ့ဆော်သူများ အနေဖြင့် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ၁ နှစ် သို့မဟုတ် ပြစ်ဒဏ် နှစ်ရပ်လုံး ကျခံရနိုင်ကြောင်း သတိပေး ပြောဆိုထားသည်ဟု ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းဌာနက ရေးသားသည်။

နိုင်ငံတကာမှ လေ့လာ သုံးသပ်သူများက ရွေးကောက်ပွဲနှင့် ပတ်သက်၍ သံသယ ဖြစ်မိသည်ဟု ဆိုသော်လည်း အဆိုပါ ရွေးကောက်ပွဲသည် အရပ်ဘက် အစိုးရ တစ်ရပ် ပေါ်ထွန်းနိုင်ရေး အတွက် အပြုသဘော ဆောင်သော နိုင်ငံရေး ဖြစ်စဉ်တစ်ခု ဖြစ်သည်ဟု စစ်အစိုးရ အာဏာပိုင်များက ဆိုသည်။

အဆိုပါ ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီပေါင်း ၃၇ ပါတီ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ သို့သော် စစ်အစိုးရ ကျောထောက် နောက်ခံ ပြုမှုကို ရယူထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) သာ အနိုင် ရရှိလိမ့်မည်ဟု အများက ထင်ကြေးပေး ပြောဆိုလျက် ရှိသည်။ အကြောင်းမှာ ကြံ့ဖွံ့မှာ ဝင်ရောက် ယှဉ်ပြိုင်မည့် လွှတ်တော် ကိုယ်စားလှယ် ဦးရေမှာ ၁၀၀၀ ကျော်ခန့် ရှိသောကြောင့် ဖြစ်သည်။ အတိုက်အခံ အုပ်စုများ ဘက်မှ ကိုယ်စားလှယ် ဦးရေမှာ ၁၀ ရာခိုင်နှုန်းခန့်သာ ရှိသည်။

မြန်မာနိုင်ငံ အနေဖြင့် အတိုက်အခံ ခေါင်းဆောင် နှင့် နိုဗယ်လ် ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်မှ လွှတ်ပေးလိုက်ပါက နိုင်ငံတကာ အသိုင်းအဝိုင်း၏ စိုးရိမ် ပူပန်မှုများကို လျှော့ချ ပေးလိုက်ရာ ရောက်မည် ဖြစ်ကြောင်း ကုလသမဂ္ဂက ဆိုသည်။

မြန်မာ အာဏာပိုင်များကမူ ဒေါ်အောင်ဆန်း စုကြည်သည် နိုဝင်ဘာလ ၁၃ ရက်နေ့ (ရွေးကောက်ပွဲ ကျင်းပပြီး တစ်ပတ်ခန့် အကြာ) တွင် လွတ်မြောက်မည် ဖြစ်ကြောင်း ပြောဆိုသည်။ သို့သော် မြန်မာ အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်ဖြင့် ဆက်လက် ထိန်းသိမ်းထားနိုင်မည့် အကြောင်း အရင်းများကို ရှာဖွေ လာဖွယ် ရှိကြောင်း အတိုက်အခံ အင်အားစုများက သုံးသပ်သည်။

UPI သတင်းဌာနမှ သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

နိုဝင်ဘာလ ၇ ရက်နေ့၌ ကျင်းပ ပြုလုပ်မည့် ဒီမိုကရေစီ ရွေးကောက်ပွဲ မတိုင်မီ မြန်မာ နိုင်ငံ၏ အခြေအနေနှင့် ပတ်သက်၍ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တရုတ် နိုင်ငံခြားရေး ဝန်ကြီး Yang Jiechi နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ မစ္စတာ ဘန်ကီမွန်းသည် အောက်တိုဘာလ ၃၀ ရက်နေ့က တရုတ်ပြည်သို့ သွားရောက်စဉ် ကမ္ဘာ့ ကုန်စည်ပြပွဲ ပိတ်ပွဲ အခမ်းအနားသို့ မတက်ရောက်မီ နိုင်ငံခြားရေး ဝန်ကြီး Yang Jiechi နှင့် ရှန်ဟိုင်း မြို့တွင် ယင်းသို့ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

"မစ္စတာ ဘန်ကီမွန်းနဲ့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးတို့ နှစ်ယောက် တွေ့ဆုံ ဆွေးနွေးပွဲမှာ နျူကလီယာ လက်နက် ဖြုတ်သိမ်းရေးနဲ့ မပြန့်ပွားရေး တို့ကိုပါ ဆွေးနွေး ခဲ့ကြပါတယ်။ နောက်ပြီးတော့ ကိုရီးယား ကျွန်းဆွယ်၊ မြန်မာနဲ့ ဆူဒန် နိုင်ငံတို့ရဲ့ အခြေအနေ တွေကိုလည်း ဆွေးနွေး ကြပါတယ်" ဟု ကုလ သမဂ္ဂမှ ပြောရေး ဆိုခွင့် ရှိသူက AFP သတင်းဌာနသို့ ပြောကြားသည်။ သို့သော် အသေးစိတ် အချက် အလက်များကို ထုတ်ဖော် ပြောဆိုခြင်း မရှိပေ။

မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေး အကျဉ်းသားများအား နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ကျင်းပ ပြုလုပ်မည့်  ရွေးကောက်ပွဲ မတိုင်မီ လွတ်မြောက်ရေး အတွက် ကုလသမဂ္ဂ အကြီးအကဲက မြန်မာ နိုင်ငံ အပေါ် ဖိအား ပေးမှုများ ပြုလုပ်ထားပြီး ဖြစ်သည်။

အနောက် နိုင်ငံများနှင့် နိုင်ငံရေး လှုံ့ဆော်သူများက ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရအောင် ပြုလုပ် ထားခြင်းကြောင့် အဆိုပါ ရွေးကောက်ပွဲသည် ဒီမိုကရေစီ နည်းလမ်းနှင့် ကိုက်ညီမှု မရှိကြောင်း ပြောကြားသည်။ ထို့ပြင် ဒီမိုကရေစီ လိုလားသည့် အခြားသော ပါတီများကလည်း မြန်မာ စစ်အစိုးရ၏ ကန့်သတ် ချုပ်ခြယ်မှုများသည် ရွေးကောက်ပွဲတွင် ၎င်းတို့သာ သေချာပေါက် အနိုင်ရ ရှိစေရန် ဖန်တီးထားခြင်း ဖြစ်ကြောင်း စွပ်စွဲ ပြောဆိုသည်။

တရုတ်သည် စီးပွားရေး ပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသော မြန်မာ၏ အနီးကပ် မဟာမိတ် နိုင်ငံများ ထဲတွင် တစ်နိုင်ငံ အပါအဝင် ဖြစ်ပြီး ကုန်သွယ်ရေး၊ လက်နက် ရောင်းဝယ်ရေးတို့ ပြုလုပ်ပြီး မြန်မာ စီးပွားရေး ကောင်းမွန်အောင် အကူအညီ ပေးလျက် ရှိသည်။ ထို့ပြင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံများက မြန်မာ နိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမည့် ကိစ္စများကို တရုတ်နိုင်ငံက ဗီတိုအာဏာ သုံးကာ အကာအကွယ် ပေးလျက် ရှိသည်။

အတိုက်အခံ နိုင်ငံရေး သမား Liu Xiaobo အား ၂၀၁၀ ပြည့်နှစ်အတွက် နိုဗယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်မှုအပေါ် တရုတ်အစိုးရက အမျက် ဒေါသ ထွက်မှုကို ဖြေရှင်းရန် မစ္စတာ ဘန်ကီမွန်း ယင်းသို့ တရုတ်နိုင်ငံသို့ သွားရောက်ခြင်း ဖြစ်ကြောင်း လေ့လာ အကဲခတ်သူများက ပြောကြားသည်။

ကုလသမဂ္ဂ အကြီးအကဲက တရုတ်နိုင်ငံအပေါ် ပြစ်တင် ဝေဖန်မှုကား မပြုခဲ့ပေ။ သို့သော် နိုဗယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်မှုသည် လူ့အခွင့်အရေးနှင့် ပတ်သက်သော လုပ်ဆောင်ချက်များနှင့် အလေ့အထများ တစ်ကမ္ဘာလုံးတွင် မြှင့်တင်နိုင်ရေး အတွက် နိုင်ငံတကာ သဘော တူညီချက် တစ်ရပ် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

AFP သတင်းကို ဘာသာ ပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

The Christian Science Monitor, By Clayton Joneo, 26th October 2010

မြန်မာ အစိုးရသည် ဒီမိုကရေစီ တိုက်ပွဲဝင်နေသူ ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာ (၁၃) ရက်နေ့တွင် နေအိမ် အကျယ်ချုပ်မှ လွတ်ပေးလိမ့်မည်ဟု မျှော်လင့်ရသည်။ ကျွန်တော်တို့ကဲ့သို့ မြန်မာနိုင်ငံကို စောင့်ကြည့်နေသူများသည် သူမ အနေဖြင့် လွန်ခဲ့သော (၂၁) နှစ်ကကဲ့သို့ စွမ်းအားတွေ ရှိနေဦးမလား။ ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ရှိနေဦးမလား ဆိုသည်ကို ကြည့်ရသည်မှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။

ထိုစဉ် သူမ၏ စစ်အာဏာရှင် စနစ်အပေါ် ပေးခဲ့သော အရေးပါသည့် မှတ်ချက် စကားများသည် သူမအား ထိန်းသိမ်းထားမှုကို ဖြစ်စေသော အကြောင်းများပင် ဖြစ်သည်။ ယခုရော သူမသည် ထိုကဲ့သို့သော အမှားမျိုး ကျူးလွန်လေဦးမလား။

ဒေါ်အောင်ဆန်းစုကြည်သည် နူးညံ့၍ ကိုယ်ချင်းစာ တရား ရှိသည်မှာ ယုံမှား သံသယ ရှိဖွယ် မရှိပေ။ ယခု သူမသည် ရန်ကုန်မြို့ရှိ နေအိမ်တွင် အထီးကျန် ကြာမြင့်စွာ နေရစဉ် အတွင်း ပိုမို၍ ဥာဏ်ပညာ ကြီးလာပေလိမ့်မည်။ ၁၉၈၈ အရေးအခင်းပြီးနောက် သူမ ဒီမိုကရေစီ အတွက် စတင် တိုက်ပွဲ ဝင်စဉ်က၊ သူမသည် ပင်ကိုယ် နိုင်ငံရေး သမား တစ်ဦး မဟုတ်ခဲ့ပါ။ ထိုစဉ်က သူမသည် နိုင်ငံခြား သတင်းစာ ဆရာများကို တခါတရံ ရိုင်းသည်ဟု ထင်ရသော စကားအချို့ ပြောခဲ့ရာ၊ သူမသည် လွတ်မြောက်ရေး အတွက် တိုက်ပွဲ ဝင်နေသော နိုင်ငံငယ်လေးကို လူသိအောင် ထိုသူများက လုပ်ပေးနိုင်သည် ဆိုသည်ကို သဘော မပေါက်ခဲ့ပေ။

ဗြိတိသျှ ကိုလိုနီ ဖြစ်ခဲ့သော မြန်မာ နိုင်ငံသည် ၁၉၆၂ ကတည်းက စစ်တပ်၏ နင်းပြား ဖြစ်ခဲ့ရာ၊ သူမအား ခေါင်းဆောင် တစ်ဦး အနေနှင့် သော်လည်းကောင်း၊ စံပြ အဖြစ်နှင့် လည်းကောင်း လိုအပ်ခဲ့သည်။ ၁၉၉၀ ခုနှစ်က သူမ၏ ပါတီသည် ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့ပြီး စစ်တပ် အုပ်ချုပ်ရေးအား အဆုံး သတ်စေရန် အကြောင်း ဖြစ်ပေါ်ခဲ့သည်။ သို့သော် စစ်တပ်က ရွေးကောက်ပွဲ ရလဒ်အား လစ်လျူရှုခဲ့ပြီး သူမအား ဘေးသို့ ဖယ်ထုတ်ခဲ့သည်။

ထိုစဉ် အခါက မန္တလေး အပြင်ဖက်တွင် သူမ၏ ကားဖြင့် ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းစဉ်တွင် ကျွန်တော်သည် သူမနှင့် စကားပြောခဲ့သည်။ သူမသည် ဒီမိုကရေစီ အတွက် စိတ်အား ထက်သန်နေသူ လူအုပ်ကြီးကို ဆွဲဆောင် နိုင်ခဲ့သည်။

"ကျွန်မ အဖေက ဗမာ့ တပ်မတော်ကို ပြည်သူလူထုကို ဖိနှိပ်ဖို့ ထူထောင်ခဲ့တာ မဟုတ်ပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ကျွန်တော့်ကို ပြောပြပါတယ်။ "ကျွန်မအဖေ မိန့်ခွန်းတွေ အများကြီး ပြောခဲ့တဲ့ အထဲက အသေအချာ ပြောခဲ့တာ ရှိပါတယ်။ လက်နက် ရှိတယ် ဆိုပြီး လူထုကို မနှိပ်စက်ပါနဲ့။ မင်းတို့က တိုင်းပြည်အတွက် တိုင်းပြည်ကို အလုပ်အကျွေး ပြုရမှာ၊ တိုင်းပြည်က မင်းတို့ အတွက် မဟုတ်ဘူးလို့ ပြောခဲ့တယ်" ဟု သူမက ပြောပြသည်။

သူမသည် လွတ်လပ်ရေး အတွက် တိုင်းပြည်၏ သူရဲကောင်း ဖခင် ဗိုလ်ချုပ် အောင်ဆန်းထံမှ အများ၏ အသိအမှတ် ပြုခြင်း ဆိုသည်ကိုသာ ဆက်ခံရခြင်း ဖြစ်ပြီး၊ စစ်တပ်ကို အမွေ ဆက်ဆံခဲ့ခြင်း မရှိခြင်းမှာ  သူမအတွက် အမှားများ ဖြစ်စေခဲ့သည်။ အာရှ နိုင်ငံ အများစုတွင် လူထု အသိအမှတ် ပြုမှုမှာ တခါတရံ ရွေးကောက်ပွဲ အနိုင် ရရှိခြင်းထက် ပို၍ အရေးကြီးသည်။

သူမသည် မြန်မာနိုင်ငံ ပြင်ပတွင် ကြီးပြင်းခဲ့ပြီး၊ ဗြိတိသျှ လူမျိုး တစ်ဦးနှင့် အိမ်ထောင် ကျခဲ့ခြင်း စသည့်တို့ကို မျက်နှာ ပျက်စရာ အဖြစ် သူမက ဂရုမစိုက်ခဲ့ပဲ၊ မြန်မာနိုင်ငံသို့ ပြန်လာပြီး တရားဝင် ခေါင်းဆောင် တစ်ဦး အဖြစ် ဝင်ရောက် လာခြင်းသည် ထိုစဉ်က အာဏာရှင် နေဝင်းအား ထိခိုက်စေခြင်းကြောင့်၊ ၎င်းက သူမအား မရှက်မကြောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး သူမလည်း မလွတ်မြောက်နိုင် ရှိခဲ့ရသည်။

သူမသည် ၁၉၉၁ ခုနှစ်တွင် နိုဘယ် ငြိမ်းချမ်းရေးဆု ရရှိခဲ့ရာ သူမသည် သူမအား လွတ်ပေးရေးနှင့် ပတ်သက်၍ စကားလုံးများကို သေချာစွာ သတိထား လာရသည်။

မြန်မာ နိုင်ငံသည် လွန်ခဲ့သည့် (၂၁) နှစ် အတွင်း အကြီးအကျယ် ပြောင်းလဲမှုများ မရှိခဲ့ပါ။ နိုဝင်ဘာ (၇) ရက်နေ့တွင် နောက်ထပ် မရိုးမသား လိုရာ လုပ်မည့် ရွေးကောက်ပွဲ တစ်ခုကို သူမအား မလွတ်မီ တစ်ပတ်ခန့် အလိုတွင် ကျင်းပတော့မည် ဖြစ်သည်။ သို့သော် ကျွန်တော့် အနေဖြင့်မူ ဒေါ်အောင်ဆန်းစုကြည် မည်မျှ ပြောင်းလဲသွားပြီနည်း ဆိုသည်ကို အသေအချာ စောင့်ကြည့် နေလိမ့်မည်သာ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

VOA News, 27th October 2010

ယခု သီတင်းပတ် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲများ မကျင်းပမီ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများက ဗီယက်နမ်တွင် ကြိုတင် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။ ဆွေးနွေးမှုများ၏ အဓိက ဦးတည်ချက်မှာ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စ ဖြစ်သော်လည်း ဝေဖန် ဆန်းစစ်သူများက အတုအယောင်ဟု သတ်မှတ်ထားကြသော မြန်မာနိုင်ငံ၏ အငြင်းပွားဖွယ် ရွေးကောက်ပွဲ အစီအစဉ်များကိုလည်း ဆွေးနွေးကြမည်ဟု မျှော်လင့်ရသည်။

အာဆီယံ အဖွဲ့မှ နိုင်ငံခြားရေး ဝန်ကြီးများသည် ဗုဒ္ဓဟူးနေ့က ဟနွိုင်းတွင် ဆွေးနွေးပွဲများ ကျင်းပခဲ့ခြင်း ဖြစ်သည်။

အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံတွင် ဘူရူနိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စကာင်္ပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ပါဝင် ကြသည်။

ဆွေးနွေးကြမည့် အကြောင်းအရာများ အနက် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ အတွက် မြန်မာနိုင်ငံ၏ ကြိုတင် ပြင်ဆင်မှုကို အာဆီယံ ဝန်ကြီးများက ထည့်သွင်း ဆွေးနွေးကြမည်ဟု မျှော်လင့်ရသည်။ အဆိုပါ ရွေးကောက်ပွဲများသည် စစ်တပ်က အာဏာ ဆက်လက် ချုပ်ကိုင်ရန် အတွက် စီစဉ် ပြုလုပ်ခြင်း ဖြစ်သည်ဟု ဝေဖန် ဆန်းစစ်သူများက သုံးသပ်ထားကြသည်။

အစည်းအဝေးတွင် ၎င်းရွေးကောက်ပွဲများ အကြောင်း ဆွေးနွေးကြခြင်း ရှိ/မရှိ တိကျစွာ မသိရ သေးသော်လည်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီနာ တာလီဂါဝမ်က ပို၍ ယုံကြည် ချင်စရာ ကောင်းမည့် ရွေးကောက်ပွဲများ ဖြစ်စေရန် မြန်မာ နိုင်ငံကို ၎င်းအနေဖြင့် တွန်းအား ပေးနေသည်ဟု အစည်းအဝေး မတိုင်မီ သတင်းထောက်များအား ပြောကြားခဲ့သည်။ မြန်မာ့ တပ်မတော် ခေါင်းဆောင်များ အတွက် ထိုသို့ လုပ်ဆောင်ရန် အလွန်အမင်း နောက်မကျသေးဟု ၎င်းက ဆိုသည်။

"ကျွန်တော်တို့ အခြေအနေ ကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ မြန်မာ မိတ်ဆွေတွေနဲ့ ပြောဆို ဆွေးနွေးမှုတွေ ရှိနေပါတယ်။ မြန်မာ ရွေးကောက်ပွဲတွေဟာ ပိုမို ခက်ခဲမှုတွေ ဖြစ်စေမယ့် အပိုင်း ဖြစ်နေတယ် ဆိုတာ သေချာအောင် ကျွန်တော်တို့ အားလုံး အတူတကွ လုပ်ဆောင်လို့ ရနိုင်ပါသေးတယ်။ ကျွန်တော်တို့လည်း အစိတ်အပိုင်း တစ်ခု ဖြစ်နိုင်တဲ့ အတွက် နောက်ဆုံး အဆင့် ရောက်သည့် တိုင်အောင် အဆိုးဖက်က ရှုမြင်မှာ မဟုတ်ပါဘူး" ဟု နာတာလီ ဂါဝါက ပြောကြားသည်။

လက်ရှိ အစိုးရ ပြုလုပ်သော ရွေးကောက်ပွဲများကို လူရာဝင်ခွင့် ပေးရန် အတွက် အာဆီယံက ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသူများ စေလွှတ်ရန် ကမ်းလှမ်းခဲ့သော်လည်း မြန်မာ အစိုးရက နိုင်ငံခြား အကဲခတ် လေ့လာသူများနှင့် နိုင်ငံခြား သတင်းထောက်များကို တားဆီး ပိတ်ပင်ခဲ့သည်။

မြန်မာ့ တပ်မတော်သည် လွှတ်တော် ကိုယ်စားလှယ် နေရာ လေးပုံ တစ်ပုံကို ကြိုတင် ရယူထားပြီး ဖြစ်ကာ အတိုက်အခံ ပါတီများကိုလည်း ဘေးစည်းသို့ ဖယ်ထုတ်၍ တိုင်းရင်းသား လူမျိုးစု သန်းပေါင်း များစွာ၏ မဲပေးခွင့်ကိုလည်း ငြင်းပယ်ခဲ့သည်။

နောက်ဆုံး ကျင်းပခဲ့သော ၁၉၉၀ ရွေးကောက်ပွဲများတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အနိုင် ရရှိခဲ့သော်လည်း ရလဒ်များကို စစ်ဖက် အုပ်ချုပ်သူများက ငြင်းပယ်ခဲ့ပြီး ပါတီ ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကိုလည်း ထိုအချိန် မှစ၍ ယခုတိုင် အကြောင်း အမျိုးမျိုး ပြကာ အကျယ်ချုပ် ထိန်းသိမ်းထားခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး အယ်ဘာတို ရိုမြူလိုကလည်း အဆိုပါ ရွေးကောက်ပွဲများမှာ လက်ခံ ယုံကြည်ဖွယ်ရာ မရှိဟု သတင်းထောက်များကို ပြောကြားသည်။

"လက်ခံ ယုံကြည်စရာ ရွေးကောက်ပွဲ ဖြစ်လာဖို့ အတွက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြား အတိုက်အခံ နိုင်ငံရေး သမားတွေ ပါဝင်ခွင့် ရတာ၊ မရတာနဲ့ သက်ဆိုင်ပါတယ်။ စောင့်ကြည့် လေ့လာသူ တွေနဲ့ မဆိုင်ပါဘူး။ အားလုံး ပါဝင်ခွင့် ရဖို့ လိုပါတယ်" ဟု ၎င်းက ပြောကြားသည်။

အာဆီယံ အဖွဲ့ကို ဥရောပ သမဂ္ဂနှင့် အလားတူ ဒေသတွင်း အသိုင်းအဝိုင်း တစ်ခု အဖြစ် တည်ဆောက်ရေးကို ဦးတည် ဆွေးနွေးရန် အတွက် အာဆီယံထိပ်သီး ခေါင်းဆောင်များ ဟနွိုင်းတွင် မတွေ့ဆုံမီ တစ်ရက် အလိုတွင် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ၏ အစည်းအဝေးကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အာဆီယံ ခေါင်းဆောင်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားနိုင်ငံရေး အကျဉ်းသား များအား လွှတ်ပေးရန်  တောင်းဆိုထားသော ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း နှင့်လည်း တွေ့ဆုံကြမည် ဖြစ်သည်။

၎င်းတို့သည် တရုတ်၊ ဂျပန်နှင့် တောင်ကိုးရီးယားမှ ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည် ဖြစ်ပြီး သီတင်းပတ်ကုန် စနေ၊ တနင်္ဂနွေ အပြီးတွင် သြစတြေးလျ၊ အိန္ဒိယနှင့် နယူးဇီလန် ခေါင်းဆောင်များက အရှေ့ အာရှ ထိပ်သီး ညီလာခံအတွက် လာရောက် ပူးပေါင်းကြမည်ဟု သိရှိရသည်။

အမေရိကန် ပြည်ထောင်စုနှင့် ရုရှားနိုင်ငံက လေ့လာသူများ အဖြစ် တက်ရောက် ကြမည် ဖြစ်ကာ ၂၀၁၁ တွင် အဖွဲ့သို့ ပူးပေါင်းရန် တရားဝင် ဖိတ်ခေါ်မည်ဟု ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.