Transparency Myanmar

transparency.myanmar@gmail.com

ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှု များ ရုတ်သိမ်းရေးအတွက် အစိုးရနှင့် ဒီမိုကရေစီအတိုက်အခံအင်အားစုများအကြား ပိုမိုပူးပေါင်း ဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ စာရေးသားပေးပို့ရာတွင် အဆိုပြုခဲ့ပါသည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် မြန်မာနိုင်ငံဝန်ကြီးချုပ်နှင့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် တွေ့ဆုံခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုမှလည်း မြန်မာနိုင်ငံခေါင်း ဆောင်များနှင့် တိုက်ရိုက်ဆက်ဆံလိုကြောင်း ပြောကြားခဲ့ပါသည်။
နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံသို့ ပေးပို့သော စာတွင် ပိတ်ဆို့အရေးယူမှုများ အဆုံးသတ်ရေးတွင် သူမ၏ လုပ်ဆောင်ပေးနိုင်သော အခန်းကဏ္ဍ ကို ဖော်ပြထားပြီး အနောက်နိုင်ငံများနှင့် သြစတြေးလျနိုင်ငံမှ သံအမတ်များနှင့် တွေ့ဆုံဆွေးနွေး ရန် တိုက်တွန်းလိုက်သည်။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ပူးပေါင်းဆောင်ရွက်နိုင်မှုသည် ပိတ်ဆို့အရေးယူမှု ရည်ရွယ်ချက်နှင့် အကျိုးသက်ရောက်မှုများအပေါ် သဘောပေါက်မှုတွင် မူတည်နေကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းမှ မှတ်ချက်ပေး ပြောကြားသည်။
အထက်ပါ ကမ်းလှမ်းချက်အရ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးနှင့် ပတ်သက်၍ မြန်မာအုပ်ချုပ်သူ အစိုးရအပေါ် သူမ၏ သဘောထားရပ်တည်ချက်များပျော့ပြောင်း လာသည်ဟု ဆိုနိုင်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးစောင့်ကြည့်လေ့လာသူ ကိုဝင်းမင်းမှ ပြောကြားသည်။
တချိန်တည်းမှာပင် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံမှုကို ကြားနာလျက်ရှိရာ ၎င်းအမှုနှင့် ပတ်သက်၍ အစိုးရ၏ ဆုံးဖြတ်ချက်သည် အစိုးရ၏ သူမနှင့် ပူးပေါင်းဆောင်ရွက်လိုခြင်း ရှိ/မရှိကို ထင်ဟပ်ပေါ်လွင်စေလိမ့်မည်ဟု ယူဆရသည်။
သို့ရာတွင် သူမ၏ လွတ်မြောက်ရေးမှာ မျှော်လင့်ချက်မှေးမှိန်လျက်ရှိပြီး ယခုအတိုင်း ပြစ်ဒဏ်ဆက်လက်ကျခံရပါက သူမအနေဖြင့် လာမည့်နှစ်ရွေးကောက်ပွဲတွင် ပါဝင်နိုင်လိမ့်မည် မဟုတ်ပေ။
ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်သည် ဘန်ကီမွန်းက နယူးယောက်သို့ ရောက်ရှိ နေသော ၀န်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် တွေ့ဆုံရာတွင် လာမည့်နှစ်ရွေးကောက်ပွဲ မကျင်းပခင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးပြီး ဒီမိုကရေစီအရေး ဖော်ဆောင်ရန် ကြိုးပမ်းမှုများ အရှိန်မြှင့်တင်ရန် တိုက်တွန်းလိုက်သည်။
နိုင်ငံရေးအကျဉ်းသားများ ထပ်မံမဖမ်းဆီးရေးနှင့် လွတ်မြောက်ရေးအတွက် ၀ိုင်းဝန်းတောင်းဆိုနေကြသည့် တစ်ချိန်တည်းမှာပင် အိုဘားမားအစိုးရ၏ မြန်မာနိုင်ငံအပေါ် ရပ်တည်ချက်များ ပြောင်းလဲလာခဲ့သည်။
တရုတ်နိုင်ငံ၏ အရှေ့တောင်အာရှနိုင်ငံများအပေါ် စီးပွားရေးနှင့် ကုန်သွယ်ရေးကိစ္စများနှင့် ပတ်သက်၍ လွှမ်းမိုးလာမှုကို ထိန်းချုပ်နိုင်ရေးအတွက် မြန်မာနိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ပူးပေါင်းဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် က ကြေညာလိုက်ပြီး ၎င်းအဆိုပြုချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်သည်။

0 comments:

Post a Comment