Transparency Myanmar

transparency.myanmar@gmail.com

တပ်မတော်အစိုးရနှင့် စေ့စပ်ဆွေးနွေးရန် မူဝါဒပြောင်းလဲမှုများကို အမေရိကန်နိုင်ငံက ကြေငြာပြီးနောက် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသော မြန်မာနှင့် အမေရိကန်အနာဂါတ် ဆက်ဆံရေး ကိစ္စရပ်များနှင့် ပတ်သက်၍ တရုတ်-မြန်မာ နှစ်နိုင်ငံကြားနယ်စပ်ပြဿနာဖြစ်ပွားပြီးကာစအချိန်တွင်တရုတ်နိုင်ငံအတွက် စိုးရိမ်ပူပန်မှု များ ထပ်ဆင့်ဖြစ်ပေါ်စေခဲ့သည်။
          လွန်ခဲ့သော သီတင်းပါတ်များအတွင်း နှစ်နိုင်ငံအကြား သံတမန်ရေးရာဆိုင်ရာ အရေးပေါ် ဆောင်ရွက်လှုပ်ရှားမှုများ ရှိခဲ့ပြီး ဘီဂျင်းက ၎င်း၏အရှေ့တောင်အာရှအိမ်နီးခြင်းနိုင်ငံနှင့် ပတ်သက်၍ ဖြစ်တောင့်ဖြစ်ခဲ ဝေဖန်ပြစ်တင်မှုကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံကြား နယ်စပ်ဒေသ မငြိမ်မသက်မှုကြောင့် သြဂုတ်လကုန်ပိုင်းက ဒုက္ခသည်ပေါင်းသုံးသောင်းမျှ ထွက်ပြေးခဲ့ကြခြင်းနှင့် ဒေသတွင်း ပြည်တွင်းစစ်ပြန်လည်ဖြစ်ပွားလာနိုင်ကြောင်း စိုးရိမ်ပူပန် မှုများက ဘီဂျင်းကို သတိပေးတပ်လှန့်လိုက်ခြင်းလည်း ဖြစ်သည်။
          တပ်မတော်အစိုးရအပေါ်တွင် ပြင်းထန်သော စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုများ ချမှတ်ထားသောအမေရိကန်နိုင်ငံနှင့် ပိုမိုနီးစပ်သော ဆက်ဆံရေးများတိုးတက် ဖြစ်ပေါ်စေရန် ဆန္ဒရှိကြောင်း မြန်မာအစိုးရက ထုတ်ဖော်ခဲ့ပြီးနောက် တရုတ်တာဝန်ရှိ ပုဂ္ဂိုလ်များ၏ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
          ၎င်းတို့၏ခိုင်မြဲသော မူလဆက်ဆံရေးကို ပြန်လည်ရရှိရန် မြန်မာအစိုးရ၏ ကြိုးပမ်းမှုကို ဘီဂျင်းက လက်ခံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးတွင် ကြီးမားသော ပြဿနာတစ်ရပ်မဟုတ်ဘဲ အသေးအဖွဲကိစ္စတစ်ခုသာဖြစ်ကြောင်း သက်သေပြလိုပုံရသည်ဟု ချင်းမိုင်တက္ကသိုလ်မှ မြန်မာ့ အရေးကျွမ်းကျင်သူ ဦးဝင်းမင်း က ပြောကြားခဲ့သည်။
          ပြီးခဲ့သော သီတင်းပါတ်က ယူနန်ပြည်နယ်ကူမင်း အခြေစိုက်နိုင်ငံပိုင်ပြည်နယ် ရုပ်သံလိုင်း မှ မြန်မာနိုင်ငံအရှေ့ပိုင်းတွင် ရောက်ရှိနေသော တရုတ်နိုင်ငံသားများအားလုံး အမြန်ဆုံးပြန်လာကြ ရန် တရုတ်အစိုးရ၏ ကြေငြာချက်ကိုထုတ်လွှင့်သွားခဲ့သည်။ သြဂုတ်လက မြန်မာစစ်တပ်နှင့် ကိုးကန့်စစ်တပ်များကြား ဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း ၎င်းနယ်စပ်တွင် နေထိုင်သော တရုတ်နိုင်ငံသားများ ကြုံတွေ့ခဲ့ရသော ကိစ္စရပ်များ၏ နောက်ဆက်တွဲအဖြစ် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
          ယခင်အပတ်က ထုတ်ပြန်သော သတင်းတစ်ရပ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းတရုတ်နယ်စပ်တွင် ကိုးကန့်စစ်တပ်နှင့် ဖြစ်ပွားခဲ့သော ပဋိပက္ခသည် ယင်းဒေသတွင် နေထိုင်သော တရုတ်နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက် စေခဲ့ကြောင်းနှင့် မြန်မာအစိုးရအနေဖြင့် အလားတူအဖြစ်အပျက်မျိုး ထပ်မံမဖြစ်ပွားစေရန် သတိထားရန်လိုကြောင်း ပြောကြားခဲ့သည်။
          မြန်မာအစိုးရက ၎င်းဒေသမှာ ပြန်လည်ငြိမ်းချမ်းနေပြီဖြစ်ပြီး တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးသွားသောဒုက္ခသည်အများစုမှာလည်း ပြန်လည်ဝင်ရောက်လာကြပြီဖြစ်ကြောင်း အခိုင် အမာပြောကြားလျက်ရှိသည်။ သို့ရာတွင် တဖက်နယ်စပ်၌ ဒုက္ခသည်ပေါင်း ထောင်နှင့်ချီ၍ ကျန်ရှိ နေသေးပြီး ၎င်းတို့မှာ ကိုးကန့်ဒေသမှ ထွက်ပြေးသွားသူများ မဟုတ်ကြောင်း ယင်းနယ်စပ်တွင် နေထိုင်သူများ၏ ပြောကြားချက်အရ သိရှိရသည်။
          နယ်စပ်ဒေသတလျှောက်နေထိုင်သူများသည် မြန်မာစစ်တပ်နှင့် အင်အားကြီးမားသော ကချင်နှင့် ၀ လူမျိုးစု စစ်တပ်များအကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်ရသောကြောင့် တရုတ်နိုင်ငံတွင်းသို့ ထွက်ပြေးကြခြင်းဖြစ်သည်ဟု ၎င်းဒေသမှ အိန္ဒိယကုန်သည်များ၏ စကားအရ သိရှိရသည်။
          အနှစ်၂၀ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များ ပျက်ပြားကာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို လူတိုင်းက စိုးရိမ်ကြောက်ရွံနေကြသည်ဟု တရုတ်နယ်စပ် ရူလီမှ ကချင် ကျောင်းသားတစ်ယောက်က ပြောကြားခဲ့သည်။
          ယခုလတ်တလောအနေဖြင့် မြန်မာ့တပ်မတော်သည် အပစ်အခတ်ရပ်စဲထားသော လူမျိုးစု စစ်တပ်များနှင့် တိုက်ခိုက်မည့်ပုံ မရကြောင်း၊ သို့ရာတွင် လာမည့်နှစ်ရွေးကောက်ပွဲမတိုင်မီ ၎င်းစစ်တပ်များကို လက်နက်ဖြုတ်သိမ်းပြီး မြန်မာ့တပ်မတော်၏ ထိန်းချုပ်မှုအောက်တွင် နယ်ခြား စောင့်တပ်ဖွဲ့များအဖြစ် ဖွဲ့စည်းထားရှိမည့် အစီအစဉ်မှာမူ သံသယရှိစရာမလိုကြောင်း ဦးဝင်းမင်း ကဆက်လက်ပြောကြားခဲ့သည်။
          ယခုနှစ်စောစောပိုင်းက တပ်မတော်ခေါင်းဆောင်များသည် လက်နက်ကိုင် လူမျိုးစု စစ်တပ် များ (အထူးသဖြင့် “၀” ဒေသ) နှင့် ညှိနှိုင်းဆွေးနွေးရန် ၂၀၀၄ခုနှစ်က ရာထူးမှ ရပ်ဆိုင်းခြင်းခံရ သော ၀န်ကြီးချုပ်နှင့် ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်ထံ အကူအညီ တောင်းခံခဲ့ကြသည်။
          ဗိုလ်ချုပ်ကြီးခင်ညွန့်သည် လွန်ခဲ့သော အနှစ်၂၀ခန့်က စတင်ခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များကို စီစဉ်ကြိုးပမ်းခဲ့သူဖြစ်ပြီး၊ ယခုတိုင် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ၏ ယုံကြည်မှုကို ရရှိနေဆဲဖြစ်သည်ဟု ယူဆရသည်။ ၎င်းက လက်ရှိအစိုးရ၏ အကူအညီတောင်းခံမှုကို လက်ခံခဲ့ပြီး ထောင်ထဲတွင် အကျဉ်းချခံနေရသော ထောက်လှမ်းရေး အရာရှိဟောင်း ၃၀၀ခန့်ကို လွှတ်ပေးရန် ပြန်လည်တောင်းဆိုခဲ့သည်။
          အစိုးရက ယင်းတောင်းဆိုမှုကို ငြင်းပယ်ခဲ့ပြီး နယ်စပ်ဒေသတလျှောက်ရှိ ကချင်၊ ကိုးကန့် နှင့် ၀ တိုင်းရင်းသားခေါင်းဆောင်များနှင့် ရင်းနှီးသောဆက်ဆံရေးရှိသည့် တရုတ်နိုင်ငံကို လှည့်၍ အကူအညီတောင်းခံခဲ့သည်။
          တရုတ်နိုင်ငံသည် မြန်မာခေါင်းဆောင်များကြောင့် စိတ်အနှောက်အယှက်ဖြစ်ပုံရပြီး၊ အကူအညီပေးရန် တုံဆိုင်းနေခဲ့သည်။
          ယခုလက်ရှိ အခြေအနေအရ နှစ်နိုင်ငံကြားထဲတွင် သိသာထင်ရှားသော သဘောကွဲလွဲမှု များရှိနေကြောင်း များစွာပေါ်လွင်လာခဲ့ပြီး ဒေသတွင်း အဆောတလျင် အရေးယူဆောင်ရွက်ရမည့် ကိစ္စများလည်းဖြစ်ပေသည်။ မည်သည့်နည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းစေကာမူ နိုင်ငံတကာက တပ်မတော်အစိုးရအား စစ်မှန်သော နိုင်ငံရေးပြောင်းလဲမှုများ ပြုလုပ်ရန် တွန်းအားပေးမည်သာ ဖြစ်သည်။
          ယခုကဲ့သို့ သဘောထားကွဲလွဲမှုများ ကြီးထွားလာခြင်းသည် အပစ်အခတ်ရပ်စဲထားသော လူမျိုးစုစစ်တပ်များတည်ရှိရာ နယ်စပ်ဒေသများအပေါ်တွင် ထင်ရှားသိသာသော အကျိုး သက်ရောက်မှုများ ဖြစ်ပေါ်စေမည်ဖြစ်သည်။ ၎င်းလူမျိုးစုအုပ်စုများသည် တရုတ်အာဏာပိုင် များနှင့် အစဉ်အလာအရ နီးစပ်သော ဆက်ဆံရေးများရှိနေပြီး စီးပွားရေးဆိုင်ရာ၊ ယဉ်ကျေးမှု ဆိုင်ရာကဏ္ဍများစွာတွင် တရုတ်နိုင်ငံနှင့် ပိုမိုဆက်နွယ်လျက်ရှိကြောင်း တွေ့ရှိရပေသည်။
          ထောင်နှင့်ချီသော တရုတ်လုပ်ငန်းရှင်များနှင့် တရုတ်အလုပ်သမားများသည် အလုပ် အကိုင်နှင့် စီးပွားရေးအခွင့်အလမ်းများအလို့ငှာ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ပြောင်းရွှေ့ခဲ့ကြသည် မှာ ဆယ်စုနှစ်တစ်ခု ကျော်ခဲ့ပြီဖြစ်သည်။ များစွာသော လူမျိုးစုခေါင်းဆောင်များသည် တရုတ်ဆေးရုံများတွင် ခံယူလေ့ရှိပြီး ၎င်းတို့၏ သားသမီးများသည်လည်း တရုတ်နိုင်ငံကျောင်းများ တွင် ပညာသင်ကြားလျက်ရှိသည်။ တရုတ်ဘာသာစကားနှင့်တရုတ်ငွေကြေးသည် ကိုးကန့်နှင့် ၀ ဒေသတခွင်တွင် ပျံ့နှံ့လျက်ရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်းသည် ယူနန်ပြည်နယ်၏ တိုးချဲ့ကွက်သစ် တစ်ခုဖြစ်နေကြောင်း ဝေဖန်သုံးသပ်မှုများပင် ထွက်ပေါ်နေသည်။
          မည်သို့ဆိုစေ ၀ နှင့် ကိုးကန့်များသည် တရုတ်မျိုးနွယ်ဝင်လူမျိုးစုများဖြစ်ကြပြီး ဘီဂျင်း အစိုးရအနေဖြင့် တရုတ်မြန်မာ ဆက်ဆံရေးဝင်ရိုး၏ မူလသဘာဝရင်းမြစ်ကို ထိရောက်စွာ သုံးသပ် ပေလိမ့်မည်။
          ယခုအခါ “ ဘီဂျင်း” သည် အရှေ့တောင်အာရှတွင် ၎င်း၏ မဟာဗျူဟာမိတ်ဖက်အဖြစ် ရပ်တည်ခဲ့သော မြန်မာအစိုးရ၏ ရေရှည်သစ္စာစောင့်သိမှုအပေါ်တွင် စိုးရိမ်ပူပန်လျက်ရှိနေသည်။ ယခုစတင်နေသော အမေရိကန်-မြန်မာ ဆက်ဆံရေးပုံစံသစ်က တရုတ်ခေါင်းဆောင်များကို ထိတ်လန့်သွားစေခဲ့သည်။ အမေရိကန်၏ စေ့စပ်ဆွေးနွေးရေးဆိုင်ရာ မူဝါဒများနှင့် ၎င်း၏လွှမ်းမိုးမှု မြင့်တက်လာနေခြင်းကို တရုတ်နိုင်ငံက သံသယဖြင့် စောင့်ကြည့်နေဆဲဖြစ်သည်။
          တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင်းရှိ ၎င်းတို့၏ အခွင့်အလမ်းများကို စိမ်ခေါ်လာသော ကိစ္စ ရပ်များအား မနှစ်မြို့သော်လည်း မိမိ၏ ကြောက်ရွံသောကရောက်မှုကို ထိန်းချုပ်ဖုံးကွယ် တုံ့ပြန်လိမ့်မည်ဟု ဗြိတိန်မှ မြန်မာအရေးကျွမ်းကျင်သူ ဂျပ်စတင်ဝင်တယ်လ်က ပြောကြား လိုက်သည်။
          လတ်တလောတွင် ဘီဂျင်းသည် နှစ်ဦးနှစ်ဘက် ဆက်ဆံရေးမတည်ငြိမ်မှုအပေါ် စိုးရိမ်ပူပန်နေသည်။ “ကျွန်တော်တို့က မိတ်ဆွေစစ်တွေမဟုတ်ပါဘူး။ ဥပမာ- ထိုင်းနိုင်ငံလိုပေါ့ဗျာ။ ကျွန်တော်တို့ဦးရင်လည်း ရသမျှ စားမှာဘဲ၊ သူတို့ရောက်လာရင်လည်း ရသမျှစားမှာပဲ” ဟု အမည်မဖော်လိုသူ တရုတ်အစိုးရ အရာရှိတစ်ဦးက အိုင်ပီအက်စ်သို့ ပြောကြားခဲ့သည်။
          ဆက်ဆံရေးအလွယ်တကူပြောင်းလဲသွားနိုင်သည်ဟု တရုတ်သံတမန်များက ပြောကြား သော်လည်း အချိန်မရွေးရန်မူလိုသော အခြေအနေသို့ မရောက်နိုင်သေးကြောင်း ဦးဝင်းမောင်က သုံးသပ်သည်။ မြန်မာအစိုးရသည် တရုတ်နိုင်ငံအပေါ် စီးပွားရေးအရ အလွန်အမင်းမှီခိုအားထား နေရသေးသောကြောင့် ဘီဂျင်းအား မဟာဗျူဟာမိတ်ဘက်အဖြစ်မှ စွန့်ပယ်နိုင်ရေးမှာ မလွယ်ကူ လှပေ။
          ယမန်နှစ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၏ ၉၀%ကျော်မှာ တရုတ်နိုင်ငံမှဖြစ်သည်။ အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားဆဲဖြစ်၍ အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှု များ စတင်နေသော်လည်း အချိန်တိုအတွင်း ပြောင်းလဲမှုများ မဖြစ်လာနိုင်သေးပေ။ ပိတ်ဆို့မှု များသည် လက်ရှိအစိုးရနှင့်အတူ ပိုမိုနာကျည်းခါးသီးစရာများဖြစ်ပေါ်စေခဲ့လေပြီဖြစ်သည်။
          အရေးယူပိတ်ဆို့မှုများသည် မြန်မာနိုင်ငံအား ဖိအာေးပးသော နိုင်ငံရေးလက်နက်များ ဖြစ်ပြီး တရားမျှတမှုမရှိကြောင်း မြန်မာဝန်ကြီးချုပ်က ကုလသမဂ္ဂညီလာခံတွင် တင်ပြခဲ့ပြီး ဖြစ်သည်။
          အမေရိကန်နှင့် တွေ့ဆုံဆွေးနွေးလိုသော မြန်မာနိုင်ငံ၏ အဆိုပြုချက်မှာ လက်ရှိအစိုးရ၏ လိုလားချက်ဖြစ်သော ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားရေး၊ နိုင်ငံတကာမှ လူသားချင်းစာနာ ထောက်ထားသော ဖွံ့ဖြိုးရေးအကူအညီများရရှိရေးနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင် ရေးစသော အချက်များပေါ်တွင် အခြေခံရန် ထွက်ပေါ်လာခြင်းဖြစ်သည်။
          မြန်မာအစိုးရသည် တရုတ်နိုင်ငံတစ်ခုတည်းအပေါ်တွင် မှီခိုနေရခြင်းအား စိုးရွံ့လာပြီး တရုတ်၏ လွှမ်းမိုးလာမှုကို ချိန်ခွင်လျှာထိန်းသည့်အနေဖြင့် အမေရိကန်၊ အာဆီယံနိုင်ငံများနှင့် အိန္ဒိယတို့ ဆက်ဆံရေးကောင်းများ ထူထောင်ရန်လိုလားခြင်းလည်းဖြစ်သည်။ ယခုအချိန်တွင် တရုတ်နှင့်ဆက်သွယ်ထားသောချက်ကြိုးကို ဖြတ်လိမ့်မည်မဟုတ်ပါဟု ဦးဝင်းမင်းက တင်စား ပြောဆိုလိုက်သည်။
          အမေရိကန်နှင့် မြန်မာအကြား ဆက်ဆံရေးသစ်များဖြစ်ထွန်းလာခြင်းကို တရုတ်နိုင်ငံက သောကကြီးစွာစောင့်ကြည့်လျက်ရှိသည်။ တရုတ်နိုင်ငံ၏ မြန်မာအပေါ် စီးပွားရေးကုန်သွယ်ရေး စစ်ရေးဆိုင်ရာ ကဏ္ဍများတွင် ကျယ်ပြန့်စွာပတ်သက်နေမှုများက တပ်မတော်ခေါင်းဆောင် များအား အသာစီးအခြေအနေကို ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။ မြန်မာအစိုးရအနေဖြင့် အလျှော့ပေး စေ့စပ်မှုများဖြင့် မည်မျှခရီးဆက်နိုင်မည်နည်း ဆိုသည်ကို စောင့်ကြည့်သွားရပါလိမ့်မည်။

0 comments:

Post a Comment