Transparency Myanmar

transparency.myanmar@gmail.com

အမေရိကန်အစိုးရ အကြီးတန်းအရာရှိများသည် အင်္ဂါနေ့က ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ တက်ရောက်နေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
          အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှတိုက်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကင်းဘဲလ်သည် မြန်မာနိုင်ငံသိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နယူးယောက်တွင် ယနေ့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနပြောရေးဆိုခွင့်ရှိသူ ဖိလစ်ခရိုလီက ၀ါရှင်တန်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်ဦးသန်းဆွေလည်း ပါဝင်သည်ဟု ဆိုသည်။
          လက်ရှိမြန်မာအစိုးရအနေဖြင့် ဒီမိုကရေစီအရေးနှင့်ပတ်သက်သော ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်မှသာလျှင် ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပေးရန် ဖိအားပေးမှုများရှိနေသော်လည်း တပ်မတော်အစိုးရနှင့် တွေ့ဆုံဆွေးနွေးမည်ဟု အမေရိကန်အစိုးရက တနင်္လာနေ့က ထုတ်ပြန်ကြေညာပြီးနောက် ယခုဆွေးနွေးမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
          နှစ်ပေါင်းများစွာ တိုးတက်မှုမရျီဘဲ တုံ့ဆိုင်းနေမှုများကြောင့် သမ္မတအိုဘားမားအစိုးရက ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ကတ်ကင်းဘဲလ်က တနင်္လာနေ့က ပြောကြားလိုက်သည်။
          မြန်မာတပ်မတော်ခေါင်းဆောင်များက အမေရိကန်အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိ ကြောင်း ပထမဆုံးအကြိမ်အနေနှင့် ထုတ်ဖော်ခဲ့ပြီးနောက် မိမိတို့ကလည်း ၎င်းကိစ္စကို ပြန်လည်သုံးသပ်ရန် စီစဉ်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
          မြန်မာတာဝန်ရှိပုဂ္ဂိုလ်များနှင့် ပထမဆုံးတိုက်ရိုက်စတင်ဆွေးနွေးကာ ပိုမိုကောင်းမွန်သော ဆက်ဆံရေးများဖြစ်ပေါ်စေမည့် နည်းလမ်းများ ချမှတ်သွားမည်ဟုလည်းဆိုသည်။
          မြန်မာဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ပိတ်ဆို့အရေးယူမှုများ ရပ်ဆိုင်းရေးကို ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တနင်္လာနေ့က တင်ပြခဲ့ပြီး ယင်းပိတ်ဆို့မှုများသည် မြန်မာအစိုးရအား ဖိအားပေးရန် အသုံးပြုသော နိုင်ငံရေးလက်နက်သဖွယ် မိမိတို့ယူဆကြောင်း၊ တရားမျှတမှုမရှိ ကြောင်းနှင့် ရပ်ဆိုင်းပေးရန် မြန်မာအစိုးရအဆင့်မြင့်တာဝန်ရှိသူတစ်ဦးအနေဖြင့် တောင်းဆို ကြောင်း သိရှိရသည်။

0 comments:

Post a Comment