Transparency Myanmar

transparency.myanmar@gmail.com

Eubusiness.com, 11th February 2010

          တရုတ်၊ အိန္ဒိယ နှင့် ရုရှား နိုင်ငံတို့ အနေဖြင့် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေများ တိုးတက်လာရေး အတွက် ဖိအားပေးကြရန်နှင့် မြန်မာ အစိုးရကို လက်နက်များ ရောင်းချ ပေးနေခြင်းကို ရပ်ဆိုင်းကြရန် ဥရောပ သမဂ္ဂ (အီးယူ) အမတ်များက ကြာသပတေးနေ့က တိုက်တွန်း လိုက်သည်။

          အဆိုပါ ဆုံးဖြတ်ချက်တွင် အီးယူ အမတ်များက "မြန်မာနိုင်ငံတွင် ထိရောက်သော တိုးတက်မှုများ ရရှိရေး အတွက် တရုတ်၊ အိန္ဒိယ နှင့် ရုရှား နိုင်ငံတို့သည် ၎င်းတို့၏ စီးပွားရေး နှင့် နိုင်ငံရေး ပါဝါများကို အသုံးပြုကြရန်" တိုက်တွန်း နှိုးဆော် ထားသည်။

          မြန်မာ အစိုးရသို့ လက်နက်များ ရောင်းချနေခြင်းကိုလည်း ရပ်ဆိုင်းပေးရန် အီးယူ အမတ်များက တောင်းဆိုလိုက်သည်။

          စထရာဘတ်မြို့တွင် မဲခွဲ ဆုံးဖြတ်ခဲ့သော အထက်ပါ ဆုံးဖြတ်ချက်တွင် မြန်မာ ပြည်သူများ၏ လူ့အခွင့်အရေးများ၊ အခြေခံ လွတ်လပ်ခွင့်များနှင့် ဒီမိုကရေစီ အခွင့်အရေးများကို စစ်အစိုးရက စနစ်တကျ ချိုးဖောက် ပိတ်ပင်နေမှုကိုလည်း ပြစ်တင် ရှုတ်ချလိုက်သည်။

          အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင် စစ်ဆေး ပြစ်ဒဏ် ချမှတ်ခြင်းနှင့် ပတ်သက်၍လည်း စိုးရိမ် ပူပန်ကြောင်း ဖော်ပြခဲ့ကြပြီး သူမအား အမြန်ဆုံး လွှတ်ပေး၍ လာမည့် ရွေးကောက်ပွဲတွင် ပါဝင် ခွင့်ပြုရန် တောင်းဆို ထားသည်။

          ဥရောပ သမဂ္ဂသည် မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှု အစီအစဉ် ပထမ အသုတ်ကို ၁၉၉၆ တွင် ချမှတ်ခဲ့ပြီး လက်နက် ရောင်းဝယ်မှု ပိတ်ပင်ခြင်း၊ မြန်မာ အစိုးရနှင့် မိသားစုဝင်များကို ဗီဇာ ပိတ်ပင်ခြင်း၊ သံတမန် ဆိုင်ရာ ဆက်သွယ်မှုကို ကန့်သတ်ခြင်းနှင့် အစိုးရ အဖွဲ့ဝင်များ၏ ပြည်ပဘဏ် စာရင်းကို ပိတ်ပင်ခြင်းများ ပါဝင်သည်။

          ၂၀၀၇ ခုနှစ်အတွင်း သံဃာတော်များ၏ ဆန္ဒပြမှုကို မြန်မာ အစိုးရက ရက်စက်စွာ နှိမ်နင်းခဲ့ပြီး နောက်ပိုင်းတွင် ပိတ်ဆို့မှု အစီအစဉ်သစ်များကို ထပ်မံ ချမှတ်ခဲ့ပြီး ဥရောပ ကုမ္ပဏီများ အနေနှင့် မြန်မာနိုင်ငံမှ သစ်၊ ကျောက်မျက်နှင့် သတ္ထုများ တင်သွင်းခြင်းကို တားမြစ် ခဲ့သည်။

          ပြီးခဲ့သော သြဂုတ်လတွင် ဒေါ်အောင်ဆန်းစုကြည်အား တရားခွင် စစ်ဆေးမှု ပြုလုပ်ခဲ့ခြင်းကြောင့် အီးယူက အရေးယူမှု အစီအစဉ်များကို ထပ်မံ တိုးချဲ့လိုက်ပြီး တရားသူကြီး အဖွဲ့ဝင်များ၏ ဗီဇာနှင့် ပိုင်ဆိုင်မှုများကို ပိတ်ပင် တားမြစ်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment