Transparency Myanmar

transparency.myanmar@gmail.com

The Economist, 11th February 2010

          မြန်မာနိုင်ငံရှိ ပြည်ပ စာနယ်ဇင်း သတင်းထောက်များ အတွက် သတင်းဆောင်းပါးများ ရေးသားရန် ရဲရင့် ပြတ်သားမှုနှင့် သစ္စာရှိမှု အထူး လိုအပ်သည်။ ၂၀၀၈ ခုနှစ်က လူပေါင်း ၁၄၀, ၀၀၀ ခန့် သေဆုံးခဲ့သည့် ဆိုက်ကလုန်း နာဂစ်စ် အပြီးတွင် The Economist အတွက် ကူညီခဲ့ကြသော လူနှစ်ဦးမှာ အစိုးရ ဆန့်ကျင်မှုဖြင့် ပြီးခဲ့သော စက်တင်ဘာလက ဖမ်းဆီးခြင်း ခံရသည်။

          ၎င်းတို့ နှစ်ဦးကို ရန်ကုန်မြို့တော်ရှိ အင်းစိန်ထောင်တွင် ဖမ်းဆီးထားသည်။ ထောင်တွင်းမှ ၎င်းတို့၏ အခြေအနေ၊ အနေအထားများနှင့် ပတ်သက်သော သတင်းများမှာ ရရှိရန် ခက်ခဲလှသော်လည်း နောက်ဆုံး ရရှိသော သတင်းများမှာ ကြောက်မက်ဖွယ်ရာပင် ဖြစ်သည်။

          ခိုင်ကျော်မိုးမှာ နှိပ်စက် ညှင်းပန်းခြင်း ခံနေရပြီး လည်ပင်းညှစ်ခြင်း၊ ရက်စက်စွာ ရိုက်နှက်ခြင်း၊ အငတ်ထားခြင်း နှင့် ထမင်းသိုး ဟင်းသိုးများ ကြွေးခြင်း စသည်တို့ကို ရင်ဆိုင်နေရသည်ဟု သိရသည်။ အလွန်အမင်း ဖျားနာနေသည်ဟုလည်း ဆိုသည်။ အခြားတစ်ဦး ဖြစ်သော ထွန်းလွန်းကျော်၏ သတင်းကိုမူ လတ်တလော မသိရသေးပါ။ စောစောပိုင်းကမူ ၎င်းတို့ နှစ်ဦးကို ထောင်ထဲတွင် အတူ ဖမ်းဆီးသည်။ ၎င်းတို့ကို ကြည့်ရသည်မှာ ပိန်လှီ အားနည်း၍ ကျိုးကြေနေပုံ ရသည်။

          ၎င်းတို့ နှစ်ဦးစလုံးသည် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ရခိုင်ပြည်နယ်မှ ဖြစ်သည်။ ရခိုင်ပြည်နယ်သည် သဘာဝ ဓာတ်ငွေ့ ကြွယ်ဝသော်လည်း ဖွံ့ဖြိုးမှု နိမ့်ကျနေပြီး ဖိနှိပ်ခံ ရခိုင်လူမျိုးများ အပါအဝင် တိုင်းရင်းသားများ နေထိုင်ရာ ဒေသတစ်ခု ဖြစ်သည်။

၎င်းတို့ နှစ်ဦးနှင့်အတူ ကျောင်းသား ၁၃ ဦးခန့် တစ်ပြိုင်တည်း ဖမ်းဆီးခြင်း ခံခဲ့ရပြီး All Arakan Students' and Youths' Congress နှင့် ပတ်သက်နေသည်ဟု အစိုးရက စွပ်စွဲပါသည်။ အဆိုပါ အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းဟု အစိုးရက သတ်မှတ်ထားသော်လည်း ၎င်းတို့ကမူ ဒီမိုကရေစီ အတွက် ငြိမ်းချမ်းစွာ လှုပ်ရှားခြင်း ဖြစ်သည်ဟု ဆိုပါသည်။ ပြည်ပ သတင်းစာ တစ်စောင်ကို ကူညီခဲ့ကြခြင်းကြောင့် ၎င်းတို့၏ အမှုမှာ ပိုဆိုးသွားခဲ့ခြင်း ဖြစ်သည်။

          မြန်မာနိုင်ငံ၏ လူသိများ နိုင်ငံရေး အကျဉ်းသား အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာလည်း ရန်ကုန်မြို့ နေအိမ်တွင် အကျယ်ချုပ် ထိန်းသိမ်းခံနေရဆဲ ဖြစ်သည်။ သူမအပြင် အခြား နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်မှာလည်း စုတ်ပြတ် ပေရေ၍ လူမဆန်သော အခြေအနေမျိုးတွင် ဖမ်းဆီး ထိန်းသိမ်းထားခြင်း ခံနေရသည်။ နိုင်ငံရေး လှုပ်ရှားမှုများကို ငြိမ်းချမ်းစွာ လုပ်ကိုင်သူများမှာ ထောင်ဒဏ် ၆၅ နှစ်အထိ ကျခံကြရသည်။ နှိပ်စက် ညှင်းပန်းမှုများမှာ လုပ်ရိုးလုပ်စဉ် ဖြစ်ပြီး အကြီးအကျယ် ဖျားနာနေသော အကျဉ်းသားများပင် ဆေးကုသခွင့် မရရှိဟု ယခင် ဖမ်းဆီး ခံရဖူးသူများက ပြောကြားသည်။

          ဒီမိုကရေစီ လမ်းညွှန် မြေပုံအရ ယခုနှစ်တွင် ကျင်းပမည့် ပါတီစုံ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှာ ဆုံးဖြတ်နေဆဲ အဆင့် ဖြစ်သည်။ ရွေးချယ်ရန် ခက်ခဲလှသောကြောင့်ပင် ဖြစ်သည်။

          အကယ်၍ ပူးပေါင်း ပါဝင်ခဲ့ပါက တပ်မတော် အသာစီး ရရန် ကြိုတင် သတ်မှတ်ထားသော လုပ်ငန်းစဉ် တစ်ခုကို တရားဝင် ဖြစ်အောင် လုပ်ဆောင်ပေးရာ ရောက်လိမ့်မည်။ သို့ရာတွင် လေလောဆယ် မည်သည့် ထူးခြားသော ပြောင်းလဲမှုမျိုးမှ မရှိသေးပါ။

          ယခု သီတင်းပတ်တွင် မြန်မာလူမျိုး အမေရိကန် နိုင်ငံသား လူ့အခွင့်အရေး လှုပ်ရှားသူ ညီညီအောင်အား နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ နိုင်ငံသား မှတ်ပုံတင် အတု ကိုင်ဆောင်မှုတို့ဖြင့် မြန်မာ တရားရုံးက ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment