Transparency Myanmar

transparency.myanmar@gmail.com

အချိန် ကာလ ကြာရှည်စွာ စောင့်ဆိုင်းခဲ့ကြရသော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို မကြာမီ အချိန်ကာလတွင် ကျင်းပပေးမည် ဖြစ်ကြောင်း မြန်မာ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြည်ထောင်စုနေ့တွင် အသိပေး ထုတ်ဖော် ပြောဆိုလိုက်သည်။ သို့သော် မည်သည့် နေ့ရက်တွင် ကျင်းပမည် ဟူသည်ကို အတိအကျ ပြောဆိုခြင်း မရှိသေးပေ။

မြန်မာ စစ်အစိုးရသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် အစောပိုင်း ကတည်းက ၂၀၁၀ ပြည့်နှစ်တွင် ဆယ်စုနှစ် ၂ ခုအတွင်း ပထမဆုံး ရွေးကောက်ပွဲကို ကျင်းပ ပြုလုပ်ပေးမည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။

သို့သော် ကျင်းပပေးမည့် အဆိုပါ ရွေးကောက်ပွဲအတွက် လိုအပ်သော ဥပဒေနှင့် စည်းမျဉ်း စည်းကမ်းများကို စစ်အစိုးရက ယခုအချိန်အထိ ထုတ်ဖော်ခြင်း မပြုသေးပေ။

"မကြာမီ ကာလမှာ လွတ်လပ်ပြီး မျှတမှု ရှိတဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြည်ထောင်စုနေ့အတွက် ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်း ပြောဆိုပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၎င်း၏ သဝဏ်လွှာတွင် ရွေးကောက်ပွဲ အကြောင်းကို ရှင်းလင်း ပြောဆိုသည်။

"တိုင်းရင်းသား ပြည်သူအပေါင်းတို့သည် ရွေးကောက် တင်မြှောက်ခွင့်နှင့် ရွေးကောက် တင်မြှောက်ခံပိုင်ခွင့် တို့ကို ရရှိတော့မည် ဖြစ်ရာ နိုင်ငံသားတို့၏ ကောင်းမွန်သော အနာဂတ်ကို ဖော်ဆောင်နိုင်မည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အသီးသီးတို့အား ရွေးကောက်နိုင်ရန် အများဆန္ဒဖြင့် ဆုံးဖြတ်ရမည် ဖြစ်သည်" ဟု ယခုအခါ အသက် ၇၇ နှစ် အရွယ် ရှိပြီ ဖြစ်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သဝဏ်လွှာကို အစိုးရပိုင် မီဒီယာများက ဖော်ပြကြသည်။

မြန်မာ စစ်အစိုးရသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အနိုင် ရရှိခဲ့သည့်တိုင် အဆိုပါ ပါတီအား အာဏာ လွှဲပြောင်းပေးခဲ့ခြင်း မရှိပေ။

ယခုအခါ NLD ပါတီက ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိစ္စအတွက် ဆုံးဖြတ်ချက် မချမှတ်ရသေးပေ။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်တွင် ထွက်ပေါ်ခဲ့သော ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေသည်  မျှတမှု မရှိဘဲ စစ်အာဏာရှင် စနစ် သက်ဆိုးရှည်အောင်သာ ရေးဆွဲထားခြင်း ဖြစ်သည်ဟု NLD အပါအဝင် နိုင်ငံတကာမှ လူ့အခွင့်အရေး စောင့်ကြည့်သူများက တူညီစွာ သတ်မှတ် ပြောဆို ထားသည်။ အဆိုပါ ဖွဲ့စည်းပုံ ဥပဒေက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခွင့် မရှိအောင် တားမြစ်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရ အုပ်ချုပ်လာသည့် နှစ် ၂၀ ကျော် ကာလတွင် ၁၄ နှစ် ခန့် ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသည်။

ယခုနှစ် ပြည်ထောင်စုနေ့ ဂုဏ်ပြုပွဲ အခမ်းအနားကိုလည်း NLD ပါတီက အဆိုပါ နေ့တွင်ပင် ကျင်းပရန် စီစဉ်ထားခဲ့ကြောင်း သိရပါသည်။

EECHO မှ Junta leader promises elections soon ကို ဘာသာ ပြန်ဆိုပါသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment