Transparency Myanmar

transparency.myanmar@gmail.com

AFP, 11th February 2010

          အမေရိကန် နိုင်ငံသား တစ်ဦးအား မြန်မာနိုင်ငံက ထောင်ဒဏ် ချမှတ်ခဲ့ခြင်း အတွက် ၎င်းနှင့် စေ့စပ်ထားသော မိန်းကလေးက ၎င်းအား လွှတ်ပေးရန် အသနား ခံခဲ့သလို ဝါရင့် လွှတ်တော် အမတ် တစ်ဦးကလည်း မြန်မာနိုင်ငံ အပေါ် တင်းကြပ်သော အရေးယူမှုများ ပြုလုပ်ရေးအတွက် အမေရိကန် ပြည်ထောင်စုကို ဗုဒ္ဓဟူးနေ့က တောင်းဆို လိုက်သည်။

          ကျော်ဇောလွင် (ခေါ်) ညီညီအောင်အား တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ နိုင်ငံသား စိစစ်ရေးကဒ် အတု ကိုင်ဆောင်မှုတို့ဖြင့် မြန်မာ တရားရုံးက ထောင်ဒဏ် ၃ နှစ် အပြစ် ပေးခဲ့သည်။ ဒီမိုကရေစီ ထောက်ခံ လှုပ်ရှားသူ တစ်ဦး ဖြစ်သည့် ၎င်းက ကျန်းမာရေး မကောင်းသည့် မိခင်နှင့် တွေ့ဆုံရန် ဇာတိ နိုင်ငံသို့ ပြန်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြားသည်။

          အမေရိကန် လွှတ်တော် နိုင်ငံခြား ရေးရာ ကော်မတီ အကြီးအကဲ လွှတ်တော် ကိုယ်စားလှယ် Howard Berman က စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံ အပေါ်တွင် တင်းကြပ်သော အရေးယူမှုများ ပြုလုပ်ရေး အတွက် စဉ်းစား သုံးသပ်ရန် သမ္မတ ဘားရက် အိုဘားမား အစိုးရ အဖွဲ့ကို တောင်းဆို ထားသည်။

          မြန်မာနိုင်ငံနှင့် ဆက်ဆံမှု ပုံစံသစ်ကို အမေရိကန် ပြည်ထောင်စုက ခဲခဲယဉ်းယဉ်း စတင်ခဲ့သဖြင့် တိုးတက်စ ပြုနေသော ဆက်ဆံရေးသည် ယခု ညီညီအောင်အား ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းကြောင့် ဆိုးဝါးစွာ ထိခိုက်စေခဲ့သည်ဟု ပြောကြားခဲ့သူ Berman မှာ အိုဘားမား၏ ဒီမိုကရက်တစ် ပါတီ အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သည်။

          အိုဘားမား အစိုးရသည် မြန်မာနိုင်ငံနှင့် တွေ့ဆုံ ဆွေးနွေးမှုများကို ယခင်နှစ်က စတင်ခဲ့ပြီး ပြစ်ပယ်ထားခဲ့သော နိုင်ငံကို ချော့မော့ စည်းရုံးရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ကျယ်ပြန့်သော အရေးယူ ပိတ်ဆို့မှုများကို ချမှတ်ထားဦးမည် ဖြစ်သော်လည်း ဒီမိုကရေစီ စနစ်သို့ ဦးတည်သော ပြောင်းလဲ တိုးတက်မှုများ ရှိလာပါက အပြန်အလှန်အားဖြင့် အရေးယူမှုများကို ရုတ်သိမ်းပေးမည်ဟု ၎င်းတို့က ဆိုသည်။

          ဆက်ဆံပုံ ပြောင်းလဲခဲ့ပြီးနောက် လ အတန်ကြာခဲ့သော်လည်း အမေရိကန် သံရုံးမှတဆင့် ကောင်စစ်ဝန် ဆိုင်ရာ လုပ်ငန်းများကို ဆက်သွယ် ဆောင်ရွက်ခွင့်အား အရှည်သဖြင့် တားဆီးခဲ့ခြင်း၊ ညှဉ်းပန်း နှိပ်စက်မှုနှင့် ပတ်သက်သော စွပ်စွဲချက်များ ရှိနေခြင်း အပါအဝင် ဆိုးဝါးသော အပြုအမူများနှင့် သက်ဆိုင်သော အစဉ်အလာ သံတမန်ဆိုင်ရာ ကန့်ကွက် စောဒက တက်မှုများကို တုန့်ပြန် ဆောင်ရွက်ရန် မြန်မာအစိုးရက ပျက်ကွက်ခဲ့သည့် အတွက် အလွန်ပင် စိတ်ပျက်စရာ ဖြစ်ခဲ့သည်ဟု Berman က ကြေညာချက်တွင် ဖော်ပြထားသည်။

          အကယ်၍ ကျော်ဇောလွင်ကို ပြစ်ဒဏ် ချမှတ်ပါက သွယ်ဝိုက်သော ဆိုးကျိုးများ ခံစားရမည် ဖြစ်ကြောင်း မြန်မာအစိုးရထံ သတိပေးသည့်စာ ရေးသားသည့် လွှတ်တော် အမတ် ၅၀ ကျော်တွင် Berman လည်း ပါဝင်သည်။

          ကျော်ဇောလွင်နှင့် စေ့စပ်ထားသော ဝါဝါကျော်သည် မေရီလန်း ပြည်နယ်တွင် သူနာပြု အလုပ် လုပ်ကိုင်သူ ဖြစ်၍ ကျော်ဇောလွင်၏ ကိစ္စကို အမေရိကန် ပြည်ထောင်စုက တွန်းအားပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း သူမက ထုတ်ဖော် ပြောကြားလိုက်သည်။

          "သူ မကြာခင် အိမ်ပြန်လာနိုင်ပြီး ကျွန်မတို့ ပြန်ဆုံနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်" ဟု သူမက AFP သို့ ပြောကြားသည်။

          "တကယ်လို့ မြန်မာ အစိုးရက ဒီမိုကရေစီ ပြောင်းလဲမှုတွေကို အမှန်တကယ် ရှေ့ရှု ဆောင်ရွက်နေတယ်ဆိုရင် အခုလို ဥပဒေမဲ့ ဖမ်းဆီး နှိပ်စက်တာမျိုးတွေကို ရပ်ဆိုင်းသင့်ပါတယ်။ အမေရိကန် နိုင်ငံသား တစ်ယောက်ကို ဖမ်းဆီးထားတာဟာ အမေရိကန် - မြန်မာ ဆက်ဆံရေး မူဝါဒကိုလဲ ထိခိုက်စေမှာပါ" ဟုလည်း သူမက ဆိုသည်။

          ကျော်ဇောလွင်၏ နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းကို မအံ့သြမိသော်လည်း အမေရိကန်နှင့် နိုင်ငံခြား ဖိအားပေးမှုများကြောင့် ပြင်းထန်သော အပြစ်ပေးခြင်းကို တားဆီးနိုင်လိမ့်မည်ဟု ယုံကြည်သည်ဟု သူမက ဆက်လက် ပြောကြားသည်။

          "မနှစ်တုန်းက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆို လှုပ်ရှားခဲ့တဲ့ သူက အခု သူကိုယ်တိုင် နိုင်ငံရေး အကျဉ်းသား ဖြစ်သွားပြီလေ။ ဝမ်းနည်းစရာပါပဲ" ဟု သူမက ရင်ဖွင့်သည်။

          မြန်မာအစိုးရ၏ ကျော်ကြားသော နိုင်ငံရေး အကျဉ်းသားမှာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်၍ သူမ၏ ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သော်လည်း အစိုးရက အာဏာ လွှဲမပေးခဲ့ပါ။ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကို နေအိမ် အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားဆဲ ဖြစ်သည်။

          ယခုနှစ်တွင် ရွေးကောက်ပွဲ အသစ် ကျင်းပရန် စစ် အစိုးရက စီစဉ်နေသော်လည်း ဒီမိုကရေစီ လှုပ်ရှားသူများနှင့် အနောက်နိုင်ငံ အစိုးရများက မြန်မာ အစိုးရသည် အတိုက်အခံများကို ပိတ်ပင် တားဆီးထားသောကြောင့် ယခု ရွေးကောက်ပွဲအပေါ် ယုံကြည် လေးစားရန် မရှိဟု သတ်မှတ် ထားကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment