Transparency Myanmar

transparency.myanmar@gmail.com

The Financial Times, By Tim Johnston, 15th March 2010

မြန်မာနိုင်ငံတွင် ဒီမိုကရေစီ လုပ်ငန်းစဉ်များ ပိုမို ချောမွေ့စေရန် ရည်ရွယ်၍ နိုင်ငံတကာ အသိုင်းအဝိုင်းမှ မြန်မာ ဗိုလ်ချုပ်များနှင့် ဆက်ဆံရေး ထူထောင်ရန် ကြိုးပမ်းမှုများမှ အနည်းငယ်သာ အောင်မြင်ကြောင်း ဝါရှင်တန်မှ ဝန်ခံ ပြောကြားခဲ့သည်။ သို့သော် မိမိတို့၏ ကြိုးစား အားထုတ်မှုများကို လက်လျှော့သွားလိမ့်မည် မဟုတ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အပတ်က ရွေးကောက်ပွဲ ဥပဒေများ ကြေညာခဲ့ရာ၌ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အနာဂတ်တွင် နိုင်ငံရေး ကဏ္ဍ၌ ပါဝင်ခြင်းကို ပိတ်ပင်ထားမှုသည် အမေရိကန် အာဏာပိုင်များကြားတွင် မီးပွားပမာ ပျံ့နှံ့ခဲ့သည်။

အမေရိကန်၏ ချဉ်းကပ်မှုသည် အဓိက နိုင်ငံရေး လှုပ်ရှားသူများကြားတွင် ပြည်တွင်း တွေ့ဆုံ ဆွေးနွေးရေး ဖြစ်ပေါ်ရန် အားပေးရေး ကြိုးစားခဲ့ခြင်း ဖြစ်ကြောင်း၊ ယခု ရွေးကောက်ပွဲ ဥပဒေကို ကြည့်ခြင်းဖြင့် တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ပေါ်ရန် အလားအလာ မရှိကြောင်း အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Kurt Campbell က သောကြာနေ့က ပြောကြားလိုက်သည်။

မြန်မာနိုင်ငံနှင့် ပတ်သက်၍ River of Lost Footsteps စာအုပ် ရေးသားခဲ့သော ကုလသမဂ္ဂ အရာထမ်းဟောင်း ဦးသန့်မြင့်ဦးက အမေရိကန် ပြည်ထောင်စု အနေဖြင့် အရေးကြီးသော တိုးတက်မှု တစ်ခုရသည် အထိ ဆက်လက်ကြိုးစားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအပေါ် နှစ်ပေါင်းနှစ်ဆယ်ခန့် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်အပြီး မြန်မာနိုင်ငံ အပေါ်တွင် အနောက်နိုင်ငံများ၏ သြဇာလွှမ်းမိုးမှု ရေချိန်လည်း သုညရောက်စေပြီးမှ ယခု စကားပြောခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

အမေရိကန် နိုင်ငံခြားရေးဋ္ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Philip Crowley က ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်အား မပါဝင်စေရန် ပြုလုပ်ထားခြင်းကြောင့် ရွေးကောက်ပွဲကို အများက လက်ခံနိုင်လိမ့်မည် မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ အပေါ် ပြန်လည် ဆက်ဆံခြင်းနှင့် ပတ်သက်၍လည်း ဒွိဟများ ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြီးလျှင် ထွက်ပေါ်လာမည့် အစိုးရကိုလည်း တရားမဝင်ဟု ယုံကြည်ထားသဖြင့် ဆက်လက်၍ စကားပြော သင့်မသင့် စဉ်းစားစရာ ဖြစ်လာကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ 

ဦးသန့်မြင့်ဦးကမူ အမေရိကန်တို့ အနေဖြင့် ပြုပြင်ပြောင်းလဲလွယ်ရန် (flexible) လိုအပ်ကြောင်း ပြောကြားခဲ့သည်။

အတိတ်ကို ပြန်ကြည့်ခြင်းဖြင့် ယခုကဲ့သို့ နိုင်ငံရေး လုပ်ငန်းစဉ်မျိုးကို အမေရိကန် အစိုးရ အနေဖြင့် လက်ခံရန် ခက်ခဲမည် ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲ အပြီးတွင် လုပ်သာ ကိုင်သာမရှိအောင် ကိုယ့်ကိုကိုယ် ထောင့်ကပ်၍ ချောင်ပိတ်မိအောင် ပြန်မရွေ့သင့်တော့ကြောင်း၊ နည်းလမ်းမမှားသင့်ဟု မိမိထင်ကြောင်း ဦးသန့်မြင့်ဦးက ပြောသည်။

အမေရိကန်တို့၏ မှတ်ချက်များသည် ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် Tomas Ojea Quintana ၏ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အပေါ် အစီရင်ခံစာ ထွက်ပေါ်လာအပြီး ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ Quintana ၏ အစီရင်ခံစာတွင် မြန်မာအစိုးရ အပေါ် စစ်ရာဇဝတ်မှုများ၊ လူသားချင်း မစာနာသော ရာဇဝတ်မှုများ အတွက် စုံစမ်းစစ်ဆေး ပေးရန် တောင်းဆိုထားသည်။

နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က မြန်မာနိုင်ငံနှင့် ပတ်သက်၍ မူဝါဒ ပြန်လည် သုံးသပ်ပြီး၊ ပြောင်းလဲရသည့် အချက်တစ်ခုမှာ Bush အစိုးရ၏ မြန်မာနိုင်ငံအပေါ် အထီးကျန်စေပြီး အရေးယူ ပိတ်ဆို့မှုများ ချမှတ်သော မဟာဗျူဟာမှာ မအောင်မြင်သောကြောင့် ဖြစ်သည်။

သို့သော် ပြန်လည် ဆက်ဆံရေးတွင်လည်း ရလဒ် အနည်းငယ်သာ ရရှိသည်။ ပြီးခဲ့သည့် နှစ်က အမေရိကန်တို့၏ ပြန်လည် ဆက်ဆံရေး စတင်ပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ထပ်မံ တိုးမြှင့်ခဲ့ခြင်း၊ နယ်စပ်ဒေသများတွင် တိုင်းရင်းသားများအား ပိုမို တိုက်ခိုက်လာခြင်း၊ အစိုးရကို ဝေဖန်သူများနှင့် သတင်းစာဆရာများကို ဖမ်းဆီး၍ ထောင်ချခြင်းများကို တွေ့နေရဆဲ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment