Transparency Myanmar

transparency.myanmar@gmail.com

Associated Press, 16th March 2010

အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မဝင်နိုင်အောင် ပိတ်ပင်ခြင်းဖြင့် မြန်မာစစ်ဖက် အစိုးရက ဒီမိုကရေစီ ထွန်းကားရေး ကတိကဝတ်ကို ဖောက်ဖျက်ခဲ့ကြောင်း ဖိလစ်ပိုင် နိုင်ငံက တနင်္လာနေ့တွင် ပြောကြားလိုက်ပြီး အငြင်းပွားဖွယ် ရွေးကောက်ပွဲ ဥပဒေသစ်ကို ပယ်ဖျက်ရေး အတွက် မြန်မာ အစိုးရကို ဖိအားပေးရန် အရှေ့တောင် အာရှနိုင်ငံများကို တိုက်တွန်းလိုက်သည်။

ထုံးစံအားဖြင့် အခြား အဖွဲ့ဝင်များကို ပြစ်တင် ဝေဖန်လေ့မရှိသော အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်ခု အဖြစ် ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီး အယ်လ်ဘာတိုရိုမြူလို၏ ၎င်းမှတ်ချက်က ရှားရှားပါးပါး ထွက်ပေါ်လာခြင်း ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ အနေဖြင့် မြန်မာ အစိုးရအပေါ် ပြစ်တင် ရှုတ်ချမှုကို ပိုမို ပြုလုပ်လာသော်လည်း အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံများစွာ ကန့်ကွက်နေသော မြန်မာ အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေသစ် အပေါ် စိတ်အနှောင့်အယှက် ဖြစ်ကြောင်း ပြသခဲ့ခြင်းမှာ ယခု ပထမဆုံး အကြိမ် မဟုတ်ပေ။

လွတ်လပ်၍ အများလေးစားဖွယ် ရွေးကောက်ပွဲများ ကျင်းပမည့် ပြုပြင်ပြောင်းလဲရေး အစီအစဉ်များ ပါဝင်သော ဒီမိုကရေစီ လမ်းညွှန် မြေပုံကို အကောင်အထည် ဖော်မည်ဟု ယခင်က ကတိပြုထားသည့် အတိုင်း အမြန်ဆုံး ပြန်လည် လုပ်ဆောင်ရေးနှင့် ရွေးကောက်ပွဲ ဥပဒေသစ်ကို ပယ်ဖျက်ရန် လာမည့်လ ဗီယက်နမ် နှစ်ပတ်လည် ညီလာခံတွင် အာဆီယံ ဝန်ကြီးများနှင့် တွေ့ဆုံသည့် အခါ မိမိတောင်းဆိုသွားမည်ဟု ရိုမြူလိုက ပြောကြားခဲ့သည်။

"အာဆီယံ  အဖွဲ့နဲ့ တစ်ကမ္ဘာလုံးကို သူတို့ အသိပေး ကတိပြုထားတဲ့ ဒီမိုကရေစီ လမ်းညွှန်မြေပုံနဲ့  တခြားစီ ဖြစ်နေပါတယ်။ ဒါက သူတို့ ကိုယ်တိုင် ပေးထားတဲ့ ကတိတွေပါ" ဟု ရိုမြူလိုက သတင်းထောက်များကို ပြောကြားသည်။

မြန်မာ အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေသစ်အပေါ် အာဆီယံက တရားဝင် တုန့်ပြန် ကြေညာမှုကို ယခုတိုင် မထုတ်ပြန်သေးပါ။

ယခု အပတ် မနီလာတွင် ပြုလုပ်မည့် အာဆီယံ ဝန်ကြီးများ၏ ၂ ရက်ကြာ အစည်းအဝေးသို့ တက်ရောက်မည်ဟု အကြောင်းကြားထားသော မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းနှင့် တွေ့ဆုံသည့် အခါတွင် မိမိ၏ စိုးရိမ်ပူပန်မှုများကို အလေးပေး ပြောကြားမည်ဟု ရိုမြူလိုက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ ပြည်လုံးကျွတ် အောင်ပွဲခံခဲ့သည့် ၁၉၉၀ နောက်ပိုင်း ယခုနှစ်တွင် ပထမဆု့း အကြိမ် အဖြစ် ရွေးကောက်ပွဲများ ပြန်လည်ကျင်းပမည် ဖြစ်သည်။ ထိုစဉ်က ရွေးကောက်ပွဲ ရလဒ်များကို စစ်ဖက် အစိုးရက ပြောင်ပြောင်တင်းတင်း ငြင်းပယ်ခဲ့ပြီး ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒီမိုကရေစီ ခေါင်းဆောင်ကို ၁၄ နှစ်ခန့် ဖမ်းဆီးထိန်းသိမ်းထားခဲ့သည်မှာ ယခုတိုင် ဖြစ်သည်။ သူမအား လွှတ်ပေးရန် ဖိလစ်ပိုင်နိုင်ငံက မကြာခဏ တောင်းဆိုခဲ့သည်။

ယခင် အပတ်က ကြေညာခဲ့သော ရွေးကောက်ပွဲ ဥပဒေအရ ပြစ်ဒဏ်ကျခံနေရသူ မည်သူကိုမဆို နိုင်ငံရေး ပါတီဝင်ခွင့် မပြုရန် တားဆီးထားပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မဝင်နိုင်အောင်၊ သူမခေါင်းဆောင် အဖြစ် ပူးတွဲ တည်ထောင်ထားသော ပါတီကို ဦးဆောင် လှုပ်ရှားခြင်း မပြုနိုင်အောင် မြန်မာ အစိုးရက ပိတ်ပင်ခဲ့သည်။

လွန်ခဲ့သော သြဂုတ်လက သူမ၏ အင်းလျားကန်စောင်း နေအိမ်သို့ ဝင်ရောက်လာသည့် အမေရိကန် တစ်ဦးအား လက်ခံမှုဖြင့် ဥပဒေ ချိုးဖောက်ကြောင်း စွပ်စွဲကာ လာမည့် နိုဝင်ဘာလ အထိ ၁၈ လ နေအိမ် အချုပ်ကျခံရန် အစိုးရ လက်အောက်ခံ တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment