Transparency Myanmar

transparency.myanmar@gmail.com

Irrawaddy, By Saw Yan Naing, 16th March 2010

ရွေးကောက်ပွဲ ဥပဒေ ထုတ်ပြန်ပြီးချိန် မှစ၍ ကရင်ပြည်နယ်တွင် မဲဆန္ဒရှင်များ ကြားသို့ ကွင်းဆင်း၍ မဲဆွယ်မှု လုပ်ငန်းများ စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သတင်းများအရ သိရှိရသည်။

လှုပ်ရှားနေသော နိုင်ငံရေးသမားများ အကြားတွင် အတက်ကြွဆုံးမှာ အငြိမ်းစား ဗိုလ်မှူးကြီး စောခင်စိုး ဖြစ်သည်။ ၎င်းသည် ကရင်လူမျိုး ဖြစ်ပြီး မြန်မာ့တပ်မတော်တွင် တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

သူသည် နိုင်ငံရေးပါတီ ထူထောင်ထားခြင်း မရှိသေးသော်လည်း ကရင်လူမျိုးများ၏ အကျိုးကို ထောက်ပံ့ကူညီနိုင်မည့် ကိုယ်စားလှယ်များကို မဲပေး ရွေးချယ်ကြရန် စည်းရုံးရေး ဆင်းလျက် ရှိသည်။

          ဦးစောခင်စိုးမှာ အစိုးရက ယုံကြည်ရသူတစ်ဦး ဖြစ်ပြီး DKBA အပါအဝင် ကရင်လူထု၏ လေးစားမှုကိုလည်း ခံရသူတစ်ဦး ဖြစ်သည်ဟု ကရင်ဖက်မှ လာသော သတင်းများအရ သိရှိရသည်။

          ၎င်းသည် စစ်တက္ကသိုလ် အပတ်စဉ် (၄) မှ သင်တန်းဆင်းပြီး၊ ဂျပန်နိုင်ငံ တိုကျိုတွင် မြန်မာ စစ်သံမှူး တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။

          ၎င်းသည် အသက် ၆၀ ကျော် ရှိပြီး၊ ၎င်းအား ထောက်ခံသူများသည် စည်းရုံးလှုပ်ရှားမှုများကို ဘားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ့ နှင့် သာတောတို့တွင် ပြုလုပ်လျက် ရှိသည်။

          "သူ့ဟာ ကရင်လူမျိုးတွေကြားမှာ ပေါ်ပြူလာ ဖြစ်လာမယ်လို့ ယုံကြည်ရပါတယ်" ဟု DKBA နှင့် နီးစပ်သော ကရင် စီးပွားရေးသမား တစ်ဦးက ပြောသည်။

တစ်ချိန်တည်းတွင် ကရင်သမားတော်ကြီး တစ်ဦး ဖြစ်ပြီး ကရင် သူပုန်များနှင့် မြန်မာ အစိုးရကြား ငြိမ်းချမ်းရေး အကျိုးဆောင် လုပ်ခဲ့ဖူးသူ ဒေါက်တာ စောဆိုင်မွန်သာသည်လည်း ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် နိုင်ငံရေးပါတီ ထူထောင်မည် ဖြစ်ကြောင်း သတင်းများက ဆိုသည်။

ဒေါက်တာ စောဆိုင်မွန်သာသည် ရန်ကုန်အခြေစိုက် ကရင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်သည်။

ထို့အပြင် အခြား ကရင် အငြိမ်းစားများလည်း ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြသည်ဟု သိရှိရသည်။

ရွေးကောက်ပွဲတွင် ပါဝင်ရန် စိတ်မဝင်စားသော ကရင်အဖွဲ့များမှာ ကရင် ခွဲထွက်ရေး အဖွဲ့များ ဖြစ်သော DKBA ၊ ဗိုလ်ချုပ်ကြီး သမူဟဲ ခေါင်းဆောင်သော ကရင် ငြိမ်းချမ်းရေး တပ်ဖွဲ့၊ ဗိုလ်ချုပ် ထိန်မောင် ဦးစီးသော KNU/KNLA အဖွဲ့ နှင့် ဖဒိုအောင်ဆန်း ဦးစီးသော အဖွဲ့များ ဖြစ်ကြသည်။

ကရင် အောက်ခြေ လူတန်းစားများသည် ရွေးကောက်ပွဲ ဥပဒေကို စိတ်မဝင်စား ကြကြောင်း၊ ရွေးကောက်ပွဲကိုလည်း စိတ်ဝင်စားမှု အနည်းငယ်သာ ပြကြောင်း သိရှိရသည်။ ကရင် သာမန်လူ အများစုက ရွေးကောက်ပွဲထက် ၎င်းတို့၏ နေ့စဉ်ဘဝ ရှင်သန်ရေးသည် ပို၍ အရေးကြီးသည်ဟု ပြောပြကြသည်။

တစ်ချိန်တည်းတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီကလည်း ကရင်ပြည်နယ်တွင် စတင် စည်းရုံးရေး ဆင်းနေပြီ ဖြစ်သည်။ အစိုးရ နောက်ခံပြုသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်းကလည်း ကရင်များကြားတွင် ငွေကြေးဆိုင်ရာ ထောက်ပံ့မှုများ အဖြစ် ချေးငွေများ ထုတ်ပေးကာ မဲဆွယ်လျက် ရှိသည်ဟု သိရသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment