Transparency Myanmar

transparency.myanmar@gmail.com

           မြန်မာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အငြင်းပွားစရာ ရွေးကောက်ပွဲ ဥပဒေကြောင့် ပါတီဖျက်သိမ်းရမည့် အခြေအနေမှ ကာကွယ်သည့် အနေဖြင့် ဗဟိုတရားရုံးတော်တွင် အမှုဖွင့် တရားစွဲဆို လိုက်ကြောင်း ၎င်း၏ရှေ့နေက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ၏အဆိုအရ အမှုနှစ်ခုကို မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ တင်သွင်းလိုက်ခဲ့ပြီဖြစ်သည်။ အမှုတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ဖွင့်ဆိုခြင်းဖြစ်ပြီး ကျန်တစ်ခုမှာ သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ (NLD) ကိုယ်စား ဖွင့်ဆိုခြင်း ဖြစ်သည်။

ဗဟိုတရားရုံးတော်အနေဖြင့် ရွေးကောက်ပွဲဥပဒေ အပိုင်းအချို့ကို ပယ်ဖျက်ပေးရန် ဒေါ်အောင်ဆန်းစုကြည်က လျှောက်ထားခဲ့သည်။ အဆိုပါ ဥပဒေအပိုင်း အချို့ကြောင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ ခေါင်းဆောင် အနေဖြင့် မြန်မာနိုင်ငံတွင် နှစ် ၂၀ အတွင်း ပထမဆုံး ကျင်းပမည့် ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရနိုင်ဘဲ ဖြစ်လျက်ရှိသလို NLD အနေဖြင့်လည်း ရွေးကောက်ပွဲ ဝင်မည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်ကို ပါတီမှ ဖယ်ထုတ်ပစ်ရမည် ဖြစ်သည်။

NLD ပါတီက ပြီးခဲ့သည့် မတ်လတွင် ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မှုမပြုဘဲ သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။ သို့အတွက်ကြောင့် ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ရန် နောက်ဆုံး သတ်မှတ်ရက်ဖြစ်သည့် မေလ ၆ ရက်နေ့ကျော်လွန်ပါက NLD ပါတီ ဖျက်သိမ်းရတော့မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ဖွင့်ဆို လျှောက်ထားသော အမှုကို ကြားနာစစ်ဆေးမှု ပြု၊ မပြု ဟူသော အချက်ကို ဗဟိုတရားရုံးက လာမည့်သောကြာနေ့တွင် ကြေညာမည်ဟု မျှော်မှန်းရသည်။ ဒေါ်စုကြည်၏ ပါတီသည် ပြီးခဲ့သည့် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သည့်တိုင် စစ်အစိုးရက နိုင်ငံရေးအာဏာ လွှဲပြောင်းပေးခဲ့ခြင်း မပြုပေ။ ယခု ထုတ်ပြန်လိုက်သော ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေကြောင့် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်မှာ တရားဝင် ပျက်ပြယ်သွားခဲ့ရသည်။

"ပြိုင်ပွဲတစ်ခု လုပ်နေတဲ့ အချိန်မှာ ဥပဒေစည်းမျဉ်း စည်းကမ်းကို ပြောင်းလဲပစ်လို့မရဘူး၊ အဲဒီတော့ ကျွန်တော်တို့ရဲ့ အမှုကို တကယ်လို့ လက်ခံတယ်ဆိုရင် အဲဒီအရေးကိစ္စ တွေကို အထူးတရားရုံးမှာ လျှောက်ထား ပြောဆိုရမှာ ဖြစ်ပါတယ်" ဟု ဦးကြည်ဝင်းကပြောသည်။

     ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်အကျယ်ချုပ် အမှုအတွက် ဖေဖော်ဝါရီလတွင် အယူခံ တင်သွင်းခဲ့သော်လည်း ဗဟိုတရားရုံးက ပယ်ချလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်နှစ် သြဂုတ်လတွင် နေအိမ်အကျယ်ချုပ် ၁၈ လထပ်မံကျခံစေရန် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။ အကြောင်းမှာ အမေရိကန် နိုင်ငံသားတစ်ဦးက သူမ၏နေအိမ်ထဲသို့ ခိုးဝှက်ဝင်ရောက်မှုကို လက်ခံခဲ့သောကြောင့် ဖြစ်သည်။

စစ်အစိုးရက ယခုနှစ်အတွင်း ကျင်းပရန် စီစဉ်ထားသော ရွေးကောက်ပွဲသည် ၁၉၆၂ ခုနှစ်မှ စတင်ခဲ့သော စစ်အာဏာရှင်စနစ်ကို အဓွန့်ရှည်ရန် ဒီဇိုင်းချထားခြင်းသာ ဖြစ်ကြောင်း ဝေဖန် သုံးသပ်သူများက ဆိုသည်။

ဤကာလ အတောအတွင်းမှာပင် မြန်မာဝန်ကြီးချုပ် အပါအဝင် ဝန်ကြီး၂၂ ဦးမှာ စစ်ဘက်တာဝန် ထမ်းဆောင်မှုမှ အနားယူကာ အရပ်သားအဖြစ် အသွင်ပြောင်းခဲ့ကြသည်။ ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲသို့ ဝင်ရောက်ရန် စစ်ယူနီဖောင်း ချွတ်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

AFP သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment