Transparency Myanmar

transparency.myanmar@gmail.com

The New York Times, By Seth Mydans, 1st May 2010

မြန်မာ စစ်အစိုးရ အတွင်းမှ စစ်ဗိုလ်ချုပ်များက ယူနီဖောင်းချွတ်ကာ ၎င်းတို့ဘာသာ အရပ်သားအဖြစ် အသွင်ပြောင်းလဲခဲ့ပြီး အရပ်ဖက် အုပ်ချုပ်ရေးကို ကျင့်သုံးရန် ဆုံးဖြတ်ခဲ့ကြခြင်းမှာ သိသာ ထင်ရှားသည့် ဆောင်ရွက်မှု တစ်ခုဖြစ်သည်။

မြန်မာစစ်ဖက် အစိုးရအတွင်းမှ အဖွဲ့ဝင် တော်တော်များများသည် ယခုနှစ် ကျင်းပရန် မျှော်လင့်ထားသော ရွေးကောက်ပွဲများအတွက် သိသိသာသာ ကြိုတင်ပြင်ဆင်သည့် အနေနှင့် စစ်ဖက်ရာထူးများ စွန့်လွှတ်ကာ မြန်ဆန်သည့် ပြောင်းလဲမှု တစ်ခုကို ယခင် အပတ်က ပြုလုပ်ခဲ့ကြသည်။

၁၉၆၂ ခုနှစ်ကပင် မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည့် စစ်ဖက်အစိုးရသည် ၂ဝဝ၈ ခုနှစ်က လက်ခံ ဆုံးဖြတ်ခဲ့သည့် အခြေခံ ဥပဒေသစ်အရ အမတ် ၄၄ဝ ပါ လွှတ်တော် ပါဝင်သည့် အရပ်ဖက်အစိုးရနှင့် ၎င်းတို့ဘာသာ အစားထိုးရန် ပြင်ဆင်နေကြခြင်း ဖြစ်သည်။ အခြေခံဥပဒေ အသစ်အရ တပ်မတော် အရာရှိများအတွက် လွှတ်တော်နေရာ ၂၅ ရာခိုင်နှုန်းကို သီးသန့်ဖယ်ထားပြီး အဆိုပါ အရေအတွက်မှာ အရပ်ဝတ်လဲသည့် တပ်မတော် အရာရှိဟောင်းများကြောင့် ပိုမို တိုးပွားလာဖွယ် ရှိသည်။

မြန်မာအတိုက်အခံပါတီ NLD အပါအဝင် နိုင်ငံခြားမှ လေ့လာသူများစွာက ယခု ရွေးကောက်ပွဲများသည် တပ်မတော်က အာဏာ ဆက်ယူရေးအတွက် အရပ်သား မျက်နှာဖုံး ပြောင်းတပ်ရန် ရည်ရွယ်သော လှည့်ဖြားမှုတစ်ခုသာ ဖြစ်သည်ဟု သတ်မှတ်ပြောဆိုခဲ့သည်။

တရားဝင် သတင်းစာများ၏ အဆိုအရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် ဝန်ကြီး ၂၂ ဦး သည် တနင်္လာနေ့က စစ်ယူနီဖောင်းကို စွန့်လွှတ်ခဲ့ကြောင်း သိရှိရပြီး ဤကိစ္စသည် ကြိုတင် မျှော်လင့်ထားသော ရွေးကောက်ပွဲ မတိုင်မီ ဆောင်ရွက်မှု တစ်ခုသာ ဖြစ်သည်။ ၎င်းတို့သည် အစိုးရ အဖွဲ့ရာထူးများကို ဆက်ယူထားကြပြီး နောင်တစ်ချိန်တွင် ထွက်ပေါ်လာမည့် အရပ်သား အစိုးရ၏ ရှေ့ပြေးနမူနာ ဖြစ်ရန် အလားအလာ များလျက် ရှိသည်။

၎င်းတို့နှင့်အတူ ဆက်လက်၍ စစ်ရာထူး စွန့်ကြဦးမည့် အရာရှိများသည် လွှတ်တော်တွင်း စစ်တပ်၏ ကြီးမားသော ကဏ္ဍကို ခိုင်မာစေလိမ့်မည် ဖြစ်သည်။ ထို့အပြင် နိုင်ငံ့ခေါင်းဆောင်သည် မည်သည့် ကိစ္စတွင်မဆို လွတ်လပ်စွာ ဆောင်ရွက်နိုင်မည် မဟုတ်ဟု နိုင်ငံခြားမှ လေ့လာသူများက မျှော်လင့်ထားကြသည်။ အခြေခံ ဥပဒေ အသစ်အရ တိုင်းပြည်၏ အာဏာ အရှိဆုံး နေရာကို ဆက်ယူထားမည့် တပ်မတော် အကြီးအကဲနှင့် စစ်ဖက် အရာရှိများက အရပ်ဖက် အစိုးရခေါင်းဆောင် အပေါ် လွှမ်းမိုးထားမည် ဖြစ်သည်။

ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်မှာ ယူနီဖောင်း ချွတ်ပြီးနောက် ယခု အရပ်သား ဖြစ်သွား၍ နိုင်ငံရေး ပါတီသစ်တစ်ခု ဖွဲ့စည်းရန် ရှိကြောင်း ယခင် အပတ်ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြခဲ့သည်။

အတိုက်အခံဘက်တွင်မူ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ပါတီက ရွေးကောက်ပွဲ ဝင်မည် မဟုတ်ကြောင်း ကြေညာခဲ့ပြီး မျှတမှု မရှိ၊ ဒီမိုကရေစီ မရှိဟု ပြစ်တင်ရှုတ်ချခဲ့သည်။

NLD ပါတီသည် ၁၉၉ဝ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း အာဏာ မစွန့်လိုသည့် စစ်ဖက်အစိုးရ၏ ပိတ်ပင်တားဆီးခြင်းကို ခံခဲ့ရသည်။ ထိုအချိန်မှစ၍ ပါတီဝင်များစွာတို့မှာ ဖမ်းဆီးခြင်း ခံခဲ့ကြရပြီး ဒေါ်အောင်ဆန်းစုကြည်သည်လည်း အနှစ်၂ဝ နီးပါး နေအိမ် အကျယ်ချုပ် ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ ပြစ်ဒဏ်ကျ မှတ်တမ်း ရှိသူများ ရွေးကောက်ပွဲ မဝင်ရန် ယခု ထုတ်ပြန်သော ဥပဒေသစ်က တားဆီး ပိတ်ပင်ထားသည်။

မြန်မာနိုင်ငံ၏ လှေကားထစ် တစ်ဝက်ရောက် ဒီမိုကရေစီသည် အနည်းဆုံး ပြည်တွင်း အဆင့်တွင် ကြီးမားသော တာဝန်ကို ကြာရှည် နှေးကွေးသော လုပ်ငန်းစဉ်အဖြစ် စတင်နိုင်ဖွယ် ရှိနေသည်။ မည်သည့် ကိစ္စတွင်မဆို အစိုးရအဖွဲ့အစည်းအတွင်း ဗျူရိုကရေစီ အုပ်ချုပ်မှု စနစ်အတွင်း စီးပွားရေး ကဏ္ဍအတွင်း စစ်တပ်က စနစ်တကျ စိမ့်ဝင် ပျံ့နှံ့နေမှုကြောင့် နယ်ပယ်အားလုံးတွင် ကြီးမားစွာ လွှမ်းမိုးထားမှုကို ဆက်လက် ရရှိနိုင်မည် ဖြစ်သောကြောင့် အရပ်ဖက်အစိုးရသည် မည်သည့် ပုံစံဖြစ်နေစေကာမူ အကြောင်း ထူးလိမ့်မည် မဟုတ်ပါ။

အရွေးကောက်ခံ အာဏာရ အစိုးရအဖြစ် အနည်းဆုံး ပုံသဏ္ဍာန်မျှ တရားဝင်ရေးသည် စစ်အစိုးရအတွက် ရေရှည်စီမံကိန်းတစ်ခု ဖြစ်သည်။ ၎င်းတို့၏ ပန်းတိုင်မှာ ၎င်းတို့ ပြောနေသော စည်းကမ်း ပြည့်ဝသည့် ဒီမိုကရေစီ ဖြစ်ပြီး ပိုမို ပွင့်လင်းသော အနောက်ပုံစံ ဒီမိုကရေစီမှ လွတ်လပ်ခွင့်များကို ရှောင်ရှားလိုခြင်း ဖြစ်ပုံရသည်။

တစ်ပါတီ စနစ် ပုံစံ နီးပါးဖြင့် အုပ်ချုပ်နေသော စင်ကာပူနှင့် ကမ္ဘောဒီးယားတို့၏ စည်းမျဉ်းခံ ဒီမိုကရေစီလွှတ်တော်စနစ်များ အပါအဝင် မြန်မာ၏ အိမ်နီးချင်း အရှေ့တောင် အာရှ နိုင်ငံများမှ အစိုးရများသည်လည်း ဒီမိုကရေစီ ပုံစံနှင့် ဒီမိုကရေစီ မဟုတ်ပုံစံများ အကြား ကျင့်သုံး အုပ်ချုပ်နေကြသည်။

၁၉၉၈ အင်ဒိုနီးရှားတွင် သမ္မတ ဆူဟာတိုကို ဖြုတ်ချပြီး နောက်ပိုင်းမှ စ၍ အရှေ့တောင် အာရှ နိုင်ငံများတွင် စစ်အစိုးရများ မရှိတော့ဘဲ ၎င်းတို့သည် အရပ်ဖက် ပုံစံချထားသော်လည်း မြန်မာနိုင်ငံမှ ပုံစံနှင့် တူညီနေဆဲ ဖြစ်သည်ဟု အကဲခတ်များက ပြောကြားသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment