Transparency Myanmar

transparency.myanmar@gmail.com

အကယ်၍ နျူကလီယာဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများ အောင်မြင်မှု မရရှိခဲ့ပါက အီရန်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်သင့်ကြောင်း အီရန်နိုင်ငံ နျူကလီးယားအစီအစဉ် ဖျက်သိမ်းရေးအတွက် တရုတ်ခေါင်းဆောင်နှင့် ပြုလုပ်သော ဆွေးနွေးပွဲ၌ ပြင်သစ် သမ္မတ နစ်ကိုးလပ်စ်ဆာကိုဇီက ပြောကြား လိုက်သည်။

ဧပြီလ ၂၈ ရက် ဘေဂျင်းမြို့တော် The Great Hall တွင် ပြုလုပ်သော သီးသန့်ဆွေးနွေးပွဲ၌ ပြင်သစ်သမ္မတက တရုတ်သမ္မတ ဟူဂျင်းတောင်ကို အီရန်၏ လိပ်ခဲတည်းလည်း နျူကလီယာ ပြဿနာအပေါ် ယင်းသို့ သုံးသပ်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

"တရုတ်နိုင်ငံက အီရန်နျူကလီးယား အရေးကိစ္စအတွက် ဒိုင်ယာလော့ခ်သုံးပြီး ဖြေရှင်းဖို့ မျှော်လင့်နေပါတယ်။ တရုတ်ရဲ့သဘောထားကို ပြင်သစ်နိုင်ငံက ကောင်းကောင်း နားလည် သဘောပေါက်ပါတယ်။ ခြေခင်းလက်ခင်း သာတဲ့အချိန်တစ်ခုမှာ အဲဒီပြဿနာကို အတူတကွ ဆွေးနွေးဖို့ ကျွန်တော်တို့မှာ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ တကယ်လို့ စေ့စပ်ညှိနှိုင်းမှုတွေ မအောင်မြင်ဘူး၊ အလုပ်မဖြစ်ဘူးဆိုရင် ကျွန်တော်တို့အနေနဲ့ ပိတ်ဆို့အရေးယူမှုကိုပဲ ကျင့်သုံးသွားရမှာဖြစ်ပါတယ်" ဟု တရုတ်သမ္မတ ဟူဂျင်းတောင်နှင့် ပူးတွဲပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာဆာကိုဇီက ပြောကြားသည်။ ပြင်သစ်သမ္မတသည် တရုတ်နိုင်ငံသို့ သုံးရက်တာခရီးစဉ်အဖြစ် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

"ဒီကိစ္စကို အခုချက်ချင်း ဖြေရှင်းရမယ်လို့ လူတိုင်းက ထင်မှတ်နေကြပါတယ်" ဟု ပြင်သစ်သမ္မတက ဆက်လက်ပြောဆိုသည်။ နျူကလီးယား လက်နက်ထုတ်လုပ်နိုင်သည့် အဆင့်မျိုး ရှိသော နျူ အစီအစဉ်အချို့ကို ဖျက်သိမ်းရန် တောင်းဆိုချက်ကို အီရန်နိုင်ငံက ငြင်းပယ်လိုက်ပြီးနောက် ကုလသမဂ္ဂအနေဖြင့် အီရန်ကို အပြစ်ပေးအရေးယူရန် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ပြင်သစ်၊ ဗြိတိန် နှင့် အမေရိကန် သုံးနိုင်ငံက ဖိအားပေး တောင်းဆို လာကြသည်။

လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများလည်းဖြစ်ပြီး အီရန်နှင့် စီးပွားရေး အဆက်အသွယ်ရှိသူ တရုတ်နှင့် ရုရှားတို့က ပိတ်ဆို့အရေးယူမည့် ကိစ္စအပေါ် ရေငုံနှုတ်ပိတ် လုပ်နေကြသည်။

ယခု ပြင်သစ်သမ္မတ၏ တရုတ်ခရီးစဉ်သည် ယခင်က တိဘက်ကိစ္စကြောင့် နှစ်နိုင်ငံ ကတောက်ကဆ ဖြစ်ခဲ့ကြပြီးနောက်ပိုင်း သံတမန်ဆက်ဆံရေး ပြန်လည် ကောင်းမွန်ရန် အကြောင်းအရင်း တစ်ခုဖြစ်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က ပဲရစ်မြို့ အိုလံပစ်မီးရှူးတိုင် သယ်ဆောင်ခြင်း အခမ်းအနားတွင် တိဘက်ပြည်ပြေးများက၏ ဆန္ဒပြမှု၊ တိဘက်ခေါင်းဆောင် ဒလိုင်းလားမားနှင့် သမ္မတဆာကိုဇီတို့ တွေ့ဆုံမှုတို့ကြောင့် တရုတ်-ပြင်သစ် ဆက်ဆံရေးတွင် အဖုအထစ်များ ဖြစ်ပေါ်ခဲ့သည်။

ယခု ခရီးစဉ်တွင် ပြင်သစ်သမ္မတနှင့် ဇနီးဖြစ်သူ ကာလာဘရူနီဆာကိုဇီတို့က တရုတ်အနောက်ပိုင်း ဆီအန်ပြည်နယ်တွင် ရှိသော တရုတ်ပြည်၏ ပထမဆုံး မင်းဧကရာဇ်၏ ဂူဗိမာန်သို့ သွားရောက် ဂါရဝပြုခဲ့ကြသည်။

နှစ်နိုင်ငံ သမ္မတနှစ်ဦးသည် အီရန် အရေးကိစ္စနှင့် အတူ အာဖဂန်နစ္စတန်၊ ပါကစ္စတန်၊ မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံအရေး ကိစ္စတို့ကို ပါ ဆွေးနွေးခဲ့ဖွယ်ရှိသည်ဟု ပြင်သစ် အရာရှိတစ်ဦးက ပြောကြားသည်။ တရုတ်-ပြင်သစ် သမ္မတနှစ်ဦးသည် နိုင်ငံတကာ ဘဏ္ဍာရေးစနစ် ပြုပြင် ပြောင်းလဲရေး အတွက်လည်း ဆွေးနွေးခဲ့ကြသည်။

"နိုင်ငံတကာ ဘဏ္ဍာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုတဲ့ ကိစ္စဟာ ဘဏ္ဍာရေးစနစ် ထိန်းချုပ်မှုများ ခိုင်မာတောင့်တင်းရေး ဆိုတာကို အခြေခံပြီး လုပ်ဆောင်သင့်တယ်လို့ တရုတ်နိုင်ငံက ယုံကြည်ပါတယ်" ဟုသမ္မတ ဟူဂျင်းတောင်က သတင်းထောက်များကို ပြောသည်။

AP သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment