Transparency Myanmar

transparency.myanmar@gmail.com

အရှေ့တောင်အာရှ နိုင်ငံတစ်ခုဖြစ်သော ကမ္ဘောဒီးယားသည် နိုင်ငံခြား အထောက်အပံ့ခံ ငမွဲနိုင်ငံတစ်ခု မဟုတ်ကြောင်း ကမ္ဘောဒီးယားအစိုးရက နိုင်ငံခြားသံရုံးများသို့ ပေးပို့သောစာတွင် သံတမန်များအား သတိပေး ရေးသားလိုက်သည်။

         ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက သံရုံးများသို့ ပေးပို့သောစာကို AP သတင်းဌာနက ရရှိခဲ့ရာ အဆိုပါစာတွင် သံတမန်များသည် ကမ္ဘောဒီးယားအစိုးရနှင့် ပတ်သက်၍ ဝင်ရောက်စွက်ဖက်မှု အများအပြား ရှိနေကြောင်း၊ အချုပ်အခြာ အာဏာပိုင်သော နိုင်ငံတစ်ခု အနေဖြင့်လည်းကောင်း၊ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအဖြစ်လည်းကောင်း ထိုသို့ သံတမန်များ ပြုမူနေခြင်းကို လုံးဝ လက်သင့်ခံမည် မဟုတ်ကြောင်း၊ ကမ္ဘောဒီးယားသည် နိုင်ငံခြား အထောက်အပံ့ခံ ငမွဲနိုင်ငံ မဟုတ်ကြောင်း စသည်ဖြင့် ဖော်ပြပါရှိသည်။

         နိုင်ငံတွင်းရှိ သံရုံးများ၊ သံတမန်များကို ပေးပို့သောစာသည် သံတမန်များအတွက်ဟု ဆိုနိုင်သော်လည်း ပြည်သူများကို သတိပေးသော စာဟုလည်း ယူဆနိုင်ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန မှ ပြောရေးဆိုခွင့်ရှိသူ Koy Kuong က ပျော့ပျောင်းသော လေသံတစ်မျိုးဖြင့်ပြန်လည် ပြောဆိုသည်။

"တချို့သံတမန်တွေက အစိုးရအပေါ် အကောင်းမမြင်ကြဘူး၊ နိုင်ငံကိုလည်း အမျိုးမျိုး ဝေဖန်နေကြတယ်" ဟု ၎င်းကဆိုသည်။ ပြီးခဲ့သည့် မတ်လအတွင်း ကမ္ဘောဒီးယားအစိုးရ၏ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေသစ်အပေါ် ဝေဖန်ခဲ့သည့် အတွက် ကုလသမဂ္ဂ ကိုယ်စားလှယ် တစ်ဦးအား နိုင်ငံမှ နှင်ထုတ်မည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာနက ခြိမ်းခြောက်ခဲ့သေးသည်။ အဆိုပါ ကုလသမဂ္ဂ ကိုယ်စားလှယ်က ပြည်တွင်းရေးကိစ္စကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ခဲ့ခြင်းသည် လုံးဝ လက်သင့်ခံနိုင်စရာ မရှိကြောင်း ကမ္ဘောဒီးယားအစိုးရက ဆိုသည်။

အဆိုပါကုလသမဂ္ဂ ကိုယ်စားလှယ်မှာ ဒေါက်တာ ဂလပ်စ်ဘရော့ဒရစ် ဆိုသူဖြစ်သည်။ ကမ္ဘောဒီးယား အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ပါလီမန်သို့ မတင်သွင်းမီ မူကြမ်းအဖြစ် အချိန်လုံလောက်စွာ ထားရှိပေးရန် လိုအပ်ကြောင်း မစ္စတာဂလပ်စ်ဘရော့ဒရစ်က ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့သည့်အတွက် ကမ္ဘောဒီးယား အစိုးရက မကျေမနပ် ဖြစ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ ရိုးသားပွင့်လင်းမှုအဖွဲ့ (Transparency International) က ကမ္ဘောဒီးယားကို အရှေ့တောင်အာရှ၏ အဂတိလိုက်စားသော နိုင်ငံများစာရင်းတွင် အဆိုးရွားဆုံး နိုင်ငံတစ်ခု ဖြစ်သည်ဟု ဆိုသည်။

          အမှန်တွင် မည်သည့် သံတမန် တစ်ဦးတစ်ယောက်ကမျှ ကမ္ဘောဒီးယားကို အထောက်အပံ့ခံ ဆင်းရဲမွဲတေသည့် နိုင်ငံအဖြစ် လူသိရှင်ကြား ပြောဆိုခြင်းမရှိခဲ့ပေ။ (Banana Republic ဟူသည့် အဓိပ္ပာယ်မှာ နိုင်ငံရေးအရ တည်ငြိမ်မှုမရှိ၊ စီးပွားရေးတွင် ပြည်ပနိုင်ငံ အကျိုးစီးပွားများသာ လွှမ်းမိုးမှုရှိသောကြောင့် ငှက်ပျောသီးကဲ့သို့သော ပို့ကုန်တင်ပို့မှုကိုသာ ပုံမှန်အားကိုးရသည်ကို ဆိုလိုခြင်း ဖြစ်သည်) ကမ္ဘောဒီးယားအစိုးရက သံရုံးများသို့ ပေးပို့သောစာတွင် မိမိတို့ နိုင်ငံသည် Banana Republic မဟုတ်ဟု ထည့်သွင်းရေးသားခဲ့ခြင်းဖြစ်သည်။

AP သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment