Transparency Myanmar

transparency.myanmar@gmail.com

Gulf News, Reuters, 2nd May 2010

မြောက်ကိုရီးယား၊ ဆူဒန်၊ အီရန်၊ မြန်မာနှင့် ဇင်ဘာဘွေ တို့သည် သာမန် ပုံမှန် နိုင်ငံများ မဟုတ်ဘဲ စီးပွားရေး အောင်မြင်မှုနှင့် သက်ဆိုင်နေသော သို့မဟုတ် ကမ္ဘာ့စင်မြင့်ထက် အထူးသဖြင့် အနောက်နိုင်ငံများက အာရုံစိုက်နေသော နိုင်ငံများ ဖြစ်သည်။

သို့ရာတွင် ၎င်းတို့ အားလုံးသည် တရုတ်နိုင်ငံနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိနေကြပြီး တရုတ်နိုင်ငံ၏ စီးပွားရေး ဗဟိုချက်တွင် လာမည့် ခြောက်လအထိ ကျင်းပမည့် ကုန်ကျစရိတ် ကြီးမားလှသော ဖွင့်ကာစ Shanghai Expo ပြပွဲတွင် ကောင်းမွန်စွာ ပြသနိုင်ရန် အားထုတ် ကြိုးပမ်းလျက် ရှိသည်။

အမေရိကန် သမ္မတဟောင်း ဂျော့ဘွတ်ရှ်က မိစ္ဆာနိုင်ငံများဟု သတ်မှတ်ထားသည့် မြောက်ကိုရီးယားနှင့် အီရန်တို့သည် ယခု ပြပွဲတွင် ပြခန်းများ ကပ်လျက် တည်ဆောက်ထားသည်။ ၎င်း၏ နူကလီယာ လက်နက် အစီအစဉ်ကြောင့် တရုတ်နှင့် ဆက်ဆံရေးတွင် အပယ်ခံ မြောက်ကိုရီးယားသည် ၎င်းအပေါ် ဒုက္ခရောက်စေသော လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် စားနပ်ရိက္ခာ မဖူလုံမှုများကို မသိကျိုးကျွံပြုကာ "ပြည်သူများအတွက် နိဗ္ဗာန်ဘုံ" ဟူသော ဆောင်ပုဒ်ကို နဖူးစည်းတပ်ထားသည်။

တရုတ်နိုင်ငံ၏ ဘဏ္ဍာရေး အချက်အခြာဖြစ်ပြီး လူနေ အထူထပ်ဆုံး၊ အချမ်းသာဆုံး မြို့တော်တွင် ပြုလုပ်သည့် ယခု Shanghai Expo သို့ တက်ရောက်ခြင်းသည် မိမိတို့ နိုင်ငံအတွက် ပထမဆုံးအကြိမ် ဖြစ်ကြောင်း မြောက်ကိုရီးယား အရာရှိ လီဆွန်အမ်က ဆင်ဟွာ သတင်းဌာနသို့ မတ်လတွင် ပြောကြားခဲ့သည်။

ပြခန်းမှာ ဥယျာဉ်မြို့တော် ပြုံးယမ်းကို ပြသမည် ဖြစ်ပြီး အင်အားကြီးမား၊ ချမ်းသာသော နိုင်ငံကို တည်ဆောက်နေသော မြောက်ကိုရီးယား ပြည်သူများ၏ စိတ်ဓာတ်၊ စရိုက်လက္ခဏာကို ထင်ဟပ်ထားသည်ဟု ၎င်းက ဆိုသည်။

လက်ရှိအနေအထား

မြောက်ကိုရီးယား၏ နံပါတ် နှစ် ခေါင်းဆောင် ကင်ယူနန်ကိုလည်း ပြပွဲ၏ ဖွင့်ပွဲ အခမ်းအနားတွင် တက်ရောက်သူ အဖြစ် မြင်တွေ့ရသည်။

တင်းကျပ်သော နိုင်ငံတကာ စီးပွားရေး ပိတ်ဆို့မှုများကြောင့် စီးပွားရေး အခြေအနေ မကောင်းသော မြောက်ကိုရီးယား အနေဖြင့် ကြီးမားသော နိုင်ငံတော် အလံဖြင့် အပြင်ဖက်တွင် အလှဆင်ထားပြီး အတွင်းဘက်တွင် ပြုံးယမ်း Juche မျှော်စင်ပုံစံငယ် တည်ဆောက်ထားသည့် ပြခန်း အဆောက်အဦးအတွက် မည်သို့ မည်ပုံ ပေးချေကြောင်း ရှင်းလင်းစွာ မသိရပါ။

အတွင်းတွင် ပြသထားသော ဓာတ်ပုံများနှင့် မှတ်တမ်း ရုပ်ရှင်များတွင် ရေခဲပြင် စကိတ်စီးနေသော ပြည်သူများကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ ရှန်ဟိုင်းရှိ မြောက်ကိုရီးယား စားသောက်ဆိုင်အတွက် ကြော်ငြာကိုလည်း တွေ့မြင်ရမည် ဖြစ်ပြီး "Boys wipe out Bandits" အမည်ရ အင်္ဂလိပ် ဘာသာ ကလေး စာအုပ်များ၊ DVD များ၊ တံဆိပ်ခေါင်းများ အပါအဝင် အမှတ်တရ ပစ္စည်းများ ရောင်းချသော ဆိုင်လည်း ပါဝင်သည်။

"မြောက်ကိုရီးယား ပြခန်းကို ဝင်လိုက်တာနဲ့ အတွင်းမှာ သက်သောင့်သက်သာ မရှိသလို ခံစားရတယ်။ ဘာကြောင့်မှန်းတော့ မပြောတတ်ဘူး" ဟု ရှန်ဟိုင်း၏ အိမ်နီးချင်း Zhejiang ပြည်နယ်မှ ဧည့်သည် Liu Hongqiao က ပြောသည်။

"ပြခန်းထဲက ဝန်ထမ်းတွေက ကင်အီဆွန်း တံဆိပ်ပါတဲ့ ယူနီဖောင်းတွေ ဝတ်ထားလို့လား မသိဘူး။ ဒါမှမဟုတ် သူတို့ရဲ့ နိုင်ငံရေး စနစ်ကြောင့်လား မသိဘူး" ဟု သူမက ဆိုသည်။

ရှန်ဟိုင်းပြပွဲတွင် လူအများ အမုန်းပွားနေသော နိုင်ငံများသာ လာရောက် ပြသနေသည်ကို တွေ့ရသည်။

တရုတ်နိုင်ငံ၏ ပြည်နယ် အားလုံးနှင့် ဒေသများသည် ပြခန်းများ လာရောက် ပြသလျက် ရှိရာ Xinjiang ပြည်နယ်သည်လည်း အပါအဝင် ဖြစ်သည်။ အဆိုပါ ပြည်နယ်တွင် အပြောင်းအလဲ ပြုလုပ်လိုသော Uighur လူမျိုးများ နေထိုင်ပြီး ပြီးခဲ့သည့်နှစ်က တိုင်းရင်းသားများကြား ထိတ်လန့်ဖွယ် ဖြစ်ရပ်များ ဖြစ်ခဲ့ရပြီး လူပေါင်းနှစ်ရာခန့် သေဆုံးခဲ့ရာ Beijing က Al Qaida များ၏ ဩဇာ လွှမ်းမိုးမှု ရှိသော ခွဲထွက်ရေး သမားများ အဖြစ် စွပ်စွဲခဲ့သည်။

၎င်းတို့ ပြခန်း၏ ဆောင်ပုဒ်မှာ နေချင်စဖွယ် ကောင်းသော နေရာ (Xinjiang is a nice place) ဟူ၍ ဖြစ်ပြီး ပြသမှုများတွင် Xinjiang ဒေသမှ လူများ၏ ရက်ရောမှု၊ ဖော်ရွေမှုများကို ပြသထားသည်။

တိုင်းပြည်၏ အခြား မငြိမ်သက်သော အပိုင်း ဖြစ်သည့် တိဗက်၏ ပြခန်းလည်း ပါဝင်သည်။ တိဗက်ပြခန်းတွင် တစ်မျိုး တစ်ဘာသာ နှစ်လိုဖွယ်ကောင်းသော တိဗက် ယဉ်ကျေးမှုကို ခင်းကျင်းထားပြီး တိဗက် ပြည်သူများ၏ မျိုးချစ်စိတ်၊ တိုးတက်မှုအတွက် ခိုင်မာသော ဆုံးဖြတ်ချက်၊ ပြည့်စုံသော ဘဝအတွက် ရည်မှန်းချက်များ၊ ငြိမ်းချမ်းရေးအတွက် ညီညွတ်မှုများကို ဖော်ပြထားကြောင်း တရားဝင် Expo website (www.expo2010.com) တွင် တွေ့ရသည်။

Beijing က ခွဲထွက်ရေးသမား အဖြစ် စွပ်စွဲထားသော ဘာသာရေး ခေါင်းဆောင် Dalai Lama အကြောင်း ဖော်ပြမှုကိုမူ မမျှော်လင့်နိုင်ပေ။

လန်ဒန် အခြေစိုက် Free Tibet Campaign က နိုင်ငံခြားသား ဧည့်သည်များကို တိဗက်ပြခန်းအား သပိတ်မှောက်ရန် တောင်းဆိုခဲ့သည်။

"Shanghai Expo မှာ ရှိတဲ့ တိဗက်ပြခန်းကို နိုင်ငံခြားသား ဧည့်သည်များ လာခြင်းဟာ တိဗက်အပေါ် တရုတ်ရဲ့ မတရားအုပ်ချုပ်ထားမှု၊ နှိပ်စက်မှု၊ မျိုးချစ်စိတ်ကို ပြန်လည် ပညာပေးမှု စတဲ့ မူဝါဒကို ထောက်ခံပေးသလို ဖြစ်နေမှာပါ" ဟု Free Tibet မှ ဒါရိုက်တာ Stephanie Brigden က ပြောသည်။

တရုတ်က ၎င်းပိုင်သည်ဟု ပြောနေသော်လည်း ကိုယ်ပိုင် အုပ်ချုပ်နေသော တိုင်ဝမ်၏ ပြခန်းလည်း ပါဝင်ရာ ဝေဖန်မှုများ မတွေ့ရပေ။ တိုင်ဝမ် ပြခန်းသည် ၎င်း၏ လွတ်လပ်ရေးအား ထောက်ခံသူ အလားအလာ ကောင်းသည့် တရုတ်ပြည်နယ်များ၏ ပြခန်းဘေးတွင် ရှိသည်။

တရုတ်နှင့် တရားဝင် ဆက်ဆံမှု မရှိဘဲ တိုင်ဝမ်နှင့် တရားဝင် သံတမန် ဆက်ဆံရေး ထူထောင်ထားသော ပနားမား၊ ဟွန်ဒူးရပ်၊ ဟေတီနှင့် တူဗားလူတို့ကလည်း Expo တွင် ပါဝင် ပြသကြသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment