Transparency Myanmar

transparency.myanmar@gmail.com

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင်  ၂၀၁၀ ကမ္ဘာ့ကုန်စည်ပြပွဲ (2010 World Expo) ဖွင့်လှစ် ကျင်းပလိုက်ခြင်းသည် တရုတ်ပြည်၏ ကမ္ဘာလုံးဆိုင်ရာ သြဇာလွှမ်းမိုးမှု မြင့်တက်လာမှုအတွက် သက်သေ အထောက်အထား တစ်ခုပင်ဖြစ်သည်။

အဆိုပါ ကုန်စည်ပြပွဲသို့ နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၂၅၀ ခန့် လာရောက်ကာ ရိုးရာ ယဉ်ကျေးမှုများကို ခင်းကျင်းပြသခဲ့ကြသည်။ အများစုမှာ ရှေးဟောင်း ယဉ်ကျေးမှု ဗိသုကာ လက်ရာများကို ပြသကြခြင်း ဖြစ်သည်။

ပြင်သစ်သမ္မတ ဆာကိုဇီ အပါအဝင် ကမ္ဘာ့ ခေါင်းဆောင်များသည် ကြီးကြယ်ခမ်းနားစွာ ကျင်းပသော ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။ "၂၀၁၀ ရှန်ဟိုင်း ကုန်စည်ပြပွဲကြီးကို ဖွင့်လှစ် လိုက်ပါပြီ" ဟု ထုတ်ဖော် ပြောဆိုလိုက်ချိန်တွင် တေးဂီတ အနုပညာရှင်များနှင့် ဖျော်ဖြေရေး သမား ၂၃၀၀ ကျော်က တစ်ပြိုင်နက်တည်း သီဆို ဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ကုန်စည်ပြပွဲ၏ ဆောင်ပုဒ်ဖြစ်သော "သုခမြို့တော်၊ သုခ ဘဝ" ကို သီချင်းများ၊ အကများဖြင့် ဖျော်ဖြေကြသည်။ ရှန်ဟိုင်းမြို့ မြစ်ကမ်းနံဘေးတွင် ထောင်ပေါင်း များစွာသော မီးရှုးမီးပန်းများ၊ လေဆာရောင်ခြည်သုံး မီးဆလိုက်များကို အံ့မခန်း တွေ့မြင်ခဲ့ရကြောင်း၊ ရှန်ဟိုင်း ကုန်စည်ပြပွဲ ဖြစ်မြောက်ရေး ဆောင်ရွက်သူများက အကြီးမားဆုံးသော မီဒီယာပေါင်းစုံ စုဝေးမှု နှင့် ဖျော်ဖြေပွဲကြီး တစ်ရပ်ဖြစ်သည်ဟု အာမခံပြောဆိုကြောင်း ရှန်ဟိုင်းအခြေစိုက် ဘီဘီစီ သတင်းထောက်က ဆိုသည်။

ခြောက်လတာမျှ ဖွင့်လှစ်ပြသပေးမည့် အဆိုပါ ကုန်စည်ပြပွဲသို့ တရုတ်လူမျိုး အများစု အပါအဝင် ပရိသတ်ပေါင်း သန်း ၇၀ ခန့် လာရောက်ကြည့်ရှု အားပေးမည်ဟု ခန့်မှန်းရသည်။ တရုတ်ပြည်တွင်း မီဒီယာများ၏ အဆိုအရ ရှန်ဟိုင်း ကုန်စည်ပြပွဲအတွက် ကုန်ကျငွေ စုစုပေါင်း ဒေါ်လာ ၅၈ ဘီလီယံ ခန့်ရှိသည်။ အဆိုပါ ပမာဏသည် ၂၀၀၈ ခုနှစ် ဘေဂျင်း အိုလံပစ်ပွဲအတွက် ကုန်ကျငွေထက် ပိုမိုများပြားသည်။ အချို့က ယခုခန့်မှန်းထားသည့် ပမာဏထက်ပင် ပို၍ အဆပေါင်း များစွာ ကုန်ကျနိုင်ဖွယ် ရှိသည်ဟု ဆိုသည်။

အဆိုပါ ကုန်စည်ပြပွဲ ဖြစ်မြောက်ရေးအတွက် ရှန်ဟိုင်းအာဏာပိုင်များက လုံခြုံရေးကို အထူး တင်းကြပ်ထားသည်။ ရဲတပ်ဖွဲ့ဝင် ၈၀၀၀ ခန့်ကို ရှန်ဟိုင်းမြို့သို့ ခေါ်ဆောင်လာပြီး ရှိနှင့်ပြီးသား ဖြစ်သော ရှန်ဟိုင်း လုံခြုံရေး ရဲတပ်ဖွဲ့ဝင် အင်အား ၄၆၀၀၀ နှင့် ပူးပေါင်းစေခဲ့သည်ဟု ဆိုသည်။

သို့သော် ကုန်စည်ပြပွဲ ကျင်းပရာနေရာနှင့် နီးစပ်သော နေရာတွင် နေထိုင်သူများက တင်းကြပ်သော လုံခြုံရေး အစီအမံများကြောင့် အခက်တွေ့ နေရကြောင်း မကျေမနပ် ပြောဆိုလျက် ရှိသည်။

"လုံခြုံရေးက အရမ်း တင်းကျပ်နေတဲ့အတွက် အိမ်ထဲကို ဝင်ရာတာရော၊ အိမ်ထဲက ထွက်ရတဲ့ နေရာမှာပါ အဆင်ပြေချောမွေ့မှု မရှိဘူး၊ " ဟု အဆိုပါ နေရာတွင် နေထိုင်သူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ AP သတင်းဌာနက ဖော်ပြသည်။

ကုန်စည်ပြပွဲလာ မော်တော်ယာဉ် ရပ်နားရေးစခန်း တည်ဆောက်ရန် ဈေးများကို ပိတ်ထားကြောင်း ၎င်းကဆိုသည်။ ကုန်စည်ပြပွဲ အတွက် အခန်းများ တည်ဆောက်မှုကြောင့် နေရာများ ဖျက်ဆီးခြင်း ခံခဲ့ရသော လူခြောက်ဦးက မကျေမနပ်ဖြစ်၍ ဆန္ဒပြခဲ့ကြရာ အာဏာပိုင်များက ၎င်းတို့ကို အလုပ်သမားစခန်းသို့ ပို့လိုက်ကြောင်း ဟောင်ကောင်အခြေစိုက် လူ့အခွင့်ရေး အကာအကွယ် ပေးရေးဆိုင်ရာ အဖွဲ့က ပြောကြားသည်။

တရုတ် ရဲတပ်ဖွဲ့ဝင်များသည် တရုတ်လူမျိုး နိုင်ငံရေး လှုပ်ရှားသူ Feng Zhenghu နှင့် သက်ဆိုင်သော ကွန်ပျူတာ လေးလုံးကို သိမ်းဆည်းရမိခဲ့သည်။ Feng Zhenghu သည် ကုန်စည်ပြပွဲ ဖြစ်မြောက်ရေး အကောင်အထည် ဖော်ရာတွင် တရုတ်အစိုးရ၏ တရားမျှတမှု မရှိသော လုပ်ရပ်များကို ဖော်ထုတ်ရန် ကြိုးပမ်းနေခဲ့သူ ဖြစ်သည်။

ရှန်ဟိုင်း ကုန်စည်ပြပွဲသည် တရုတ်ပြည်နှင့် တရုတ်လူမျိုးတို့၏ အခန်းကဏ္ဍနှင့် သြဇာအာဏာ မြှင့်တင်ရေးအတွက် အခွင့်အလမ်းတစ်ခု ဖြစ်ကြောင်း ၎င်းကဆိုသည်။

BBC သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment