Transparency Myanmar

transparency.myanmar@gmail.com

Asian Tribune, 3rd May 2010

ဧပြီ ၂၆ ရက် ၂၀၁၀ တွင် ပြုလုပ်သော နှစ်စဉ် ပုံမှန် မူဝါဒ သုံးသပ် ဆွေးနွေးပွဲတွင် ဥရောပ သမဂ္ဂက စစ်ဖက် အုပ်ချုပ်သော မြန်မာနိုင်ငံ အပေါ် ချမှတ်ထားသော စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုများကို နောက်ထပ် တစ်နှစ် သက်တမ်းတိုးလိုက်သည်။

အဆိုပါ အရှေ့တောင် အာရှနိုင်ငံ (မြန်မာ) တွင် နိုင်ငံရေး ရှုပ်ထွေးမှုများ ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် ယခု ဆုံးဖြတ်ချက်မှာ အံအားသင့်စရာ မရှိပါ။

မြန်မာ စစ်ဖက် အစိုးရ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ အဆက်အနွယ်များ ပိုင်ဆိုင်သော ကုမ္ပဏီများ၏ ပိုင်ဆိုင်မှုများကို ပိတ်ပင်ခြင်းနှင့် ခရီးသွားလာမှု တားမြစ်ခြင်း အပါအဝင် အရေးယူ ပိတ်ဆို့မှုများသည် မြန်မာနိုင်ငံအား ဒီမိုကရေစီစနစ်သို့ အပြည့်အဝ ဦးဆောင်သွားမည့် တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းပေါ်သို့ တပ်မတော် ခေါင်းဆောင်များကို ခေါ်ဆောင်နိုင်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူမှုစီးပွားရေး ဖွံ့ဖြိုးရေးကို ဆောင်ရွက်ကာ လူ့အခွင့်အရေးကို လေးစားပြီး တစ်ချိန်ထဲတွင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်ဆံရေးကို ပြန်လည် ထူထောင်မည့် အရွေးကောက်ခံ ဒီမိုကရေစီ အရပ်ဖက် အစိုးရ ဖွဲ့စည်းသည်ကို ဥရောပ သမဂ္ဂက မြင်တွေ့လိုခြင်း ဖြစ်သည်။

ဥရောပ သမဂ္ဂက အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တောင်းဆိုထားမှုကို ထပ်မံ ထုတ်ပြန်ခဲ့ပြီး အကယ်၍ မြန်မာ အစိုးရက သိသာသော ဒီမိုကရေစီ ပြောင်းလဲမှုများကို ပြုလုပ်ခဲ့ပါက တွေ့ဆုံ ဆွေးနွေးမည်ဟုလည်း ကမ်းလှမ်းထားသည်။

သို့ရာတွင် ပူးပေါင်း ဆောင်ရွက်တတ်သည့် အကျင့်မရှိသော စစ်ဖက် အစိုးရသည် ဥရောပ သမဂ္ဂ၏ တောင်းဆိုမှုများကို သဘောတူ လက်ခံမည့် လက္ခဏာ မရှိပါ။ သို့ရာတွင် မြန်မာ အစိုးရ ချမှတ်ထားသော လမ်းကြောင်းမှာ နိုင်ငံတကာ အသိုင်းအဝိုင်းထံမှ ထောက်ခံမှုကို လုံးဝမရနိုင်သည့် အဆုံးတွင် အသိအမှတ်ပြု ခံရရေးပင် ဖြစ်သည်။

နိုင်ငံတကာ အသိုင်းအဝိုင်းထံမှ နှစ်ပေါင်းများစွာ ပြစ်တင် ဝေဖန်မှုနှင့် ဖိအားပေးမှုများကြောင့် မြန်မာ စစ်ဖက် ခေါင်းဆောင်များက အထွေထွေ ရွေးကောက်ပွဲ ကျင်းပကာ ၎င်းတို့၏ အုပ်ချုပ်ရေးကို တရားဝင်စေရန် စီစဉ်နေသည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ အာဏာရှင်ပုံစံ အစိုးရကို အရပ်သားပုံစံ အစိုးရ အဖြစ် အသွင်ပြောင်းကာ အကြွင်းမဲ့ အာဏာကို စစ်တပ်၏ လက်ထဲတွင် ထားရှိရန်ပင် ဖြစ်သည်။

အရပ်ဖက် အစိုးရထံ အာဏာ အဆုံးရှုံး ခံရမည့် စစ်ဖက် ခေါင်းဆောင်များနှင့် သက်ဆိုင်သော အရာများအနက် အရေးကြီးသော အကြောင်းရင်း ၂ ခုမှာ စိတ်ချ လုံခြုံမှုနှင့် ထိန်းချုပ်နိုင်မှုပင် ဖြစ်သည်။

ပြည်သူများ အပေါ် ဆယ်စုနှစ်ပေါင်း များစွာ ရက်စက်ခဲ့ကြပြီးနောက်တွင် စစ်ဖက် ခေါင်းဆောင်ပိုင်းသည် ဒီမိုကရေစီ နည်းကျ ရွေးကောက် တင်မြှောက်သော အစိုးရ လက်အောက်တွင် ၎င်းတို့၏ ဘဝ လုံခြုံစိတ်ချရေး နှင့်ပတ်သက်၍ စိုးရိမ်ပူပန် ခဲ့ကြသည်။ အီရတ်တွင် စစ်ဖက် ခေါင်းဆောင်ဟောင်းများအား ခုံရုံးတင် အပြစ်ပေးခဲ့ခြင်းက မြန်မာ စစ်ခေါင်းဆောင်များအား စိတ်ပူပန်စေသည့် အကြောင်းအချက် တစ်ချို့ ဖြစ်နိုင်သည်။

နိုင်ငံရေးအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုနေသော တိုင်းရင်းသား လူမျိုးစု အုပ်စုကွဲများကြောင့် ဗမာ လူ့အဖွဲ့အစည်း၏ ဗဟို ချုပ်ကိုင်မှု လျော့ပါးသွားမည်ကို အစိုးရက စိုးရိမ် ကြောင့်ကြနေခဲ့သည်။ လက်ရှိ စနစ်အရမူ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာ ၃ ရပ် စလုံးကို စစ်တပ်က ထိန်းချုပ်ထားသည်။

ဥရောပ သမဂ္ဂက အရေးယူ ပိတ်ဆို့မှုများကို နောက်တစ်နှစ် သက်တမ်း တိုးခဲ့ခြင်းကြောင့် ယခု လက်ရှိ ဆုံမှတ်မှာ မြန်မာ အတိုက်အခံ အုပ်စုများ အတွက် အလွန် အရေးကြီးသည့် လက္ခဏာ တစ်ရပ်ပင် ဖြစ်သည်။ ယခု ဆောင်ရွက်ချက်သည် ဒီမိုကရေစီ လှုပ်ရှားမှုများကို ထောက်ခံ အားပေးသည့် အနေဖြင့် သီးသန့် ရည်ရွယ်ခဲ့ခြင်း ဖြစ်နိုင်သည်။ သို့ရာတွင် တရုတ်၊ အိန္ဒိယ နှင့် အာဆီယံ စသော နိုင်ငံများ၏ စီးပွားရေး ဆက်ဆံမှုများကြောင့် ယခု ကြိုးပမ်းမှုမှာ ယခင်ကဲ့သို့ပင် ရလဒ် ပျောက်ဆုံးနေဦးမည် ဖြစ်သည်။

မြန်မာနိုင်ငံ ဆိုင်ရာ မူဝါဒ မအောင်မြင်ရခြင်း အတွက် အဓိက တာဝန်ရှိသူမှာ ဥရောပ သမဂ္ဂ မဟုတ်ပါ။ နိုင်ငံတကာ အသိုင်းအဝိုင်း၏ မဟာဗျူဟာအား ထိရောက်မှု မရှိ ဖြစ်စေသည့် သဘောထား ကွဲလွဲဖွယ် တွေ့ဆုံ ဆွေးနွေးမှုနှင့် ပိတ်ဆို့မှုများကို ကျင့်သုံးခဲ့ခြင်းကြောင့်သာ ဖြစ်သည်။

စီးပွားရေး ပိတ်ဆို့ အရေးယူမှုအပြင် ဥရောပ သမဂ္ဂအနေဖြင့် လုပ်နိုင်သော အရာတစ်ခုမှာ အကယ်၍ လက်ရှိ တင်းကြပ်သော ဥပဒေများအရ ရွေးကောက်ပွဲ ကျင်းပခဲ့ပါက ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုရန် နိုင်ငံတကာ မိတ်ဆွေများ (အနည်းဆုံး အနောက်နိုင်ငံများ) အား စည်းရုံး သိမ်းသွင်းရေးပင် ဖြစ်သည်။

ထို့အပြင် စစ်ဖက် အစိုးရနှင့် ထိထိရောက်ရောက် ဆက်ဆံနိုင်ရန် "ပူးပေါင်း ဆောင်ရွက်ရေး နိုင်ငံတကာ ဗျူဟာ" ကို ဖွဲ့စည်း ပုံဖော်ရေး အတွက် အပတ်တကုတ် ကြိုးစား နိုင်ပါသေးသည်။

အကယ်၍ ဥရောပ သမဂ္ဂနှင့်အတူ ၎င်း၏ နိုင်ငံတကာ မိတ်ဖက်များက ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် မပြုရန် ဆုံးဖြတ်ခဲ့ပါက မြန်မာ စစ်ဖက် အစိုးရ ကြိုးပမ်းနေသည့် နိုင်ငံတကာ အသိအမှတ်ပြု တရားဝင် အစိုးရ ဖြစ်ရေး အိပ်မက် ဆုံးရှုံးသွားမည် ဖြစ်သည်။

ရွေးကောက်ပွဲ ရလဒ်ကို ခဏဘေးဖယ်ထားကာ၊ တိုင်းရင်းသား လူမျိုးစုများ အပေါ် ဖိနှိပ်မှုများ လျော့မသွားသ၍၊ ၎င်းတို့၏ အခြေခံ အခွင့်အရေးများကို ပိတ်ပင်ထားသ၍ မြန်မာနိုင်ငံ၏ နှစ်ပေါင်း ရှည်ကြာ အငြင်းပွားမှုများမှာ မပြီးဆုံးနိုင်ဘဲ တာရှည်နေဦးမည်သာ ဖြစ်သည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment