Transparency Myanmar

transparency.myanmar@gmail.com

Inner Press Service, By Marwaan Macan- Markar, 30th April 2010

နိုင်ငံစုံမှ အစု ရှယ်ယာဝင်များ ပါဝင်သော Chevron ကုမ္ပဏီသည် ၎င်း၏ နှစ်ပတ်လည် အစည်းအဝေးကို မေလကုန်တွင် အမေရိကန် ပြည်ထောင်စု၊ ဟူစတန်မြို့တွင် ကျင်းပမည် ဖြစ်ရာ ရှယ်ယာရှင်များသည် မြန်မာနိုင်ငံမှ နိုင်ထူးဆိုသူနှင့် တွေ့ဆုံကြမည် ဖြစ်သည်။ နိုင်ထူးနှင့် ၎င်း၏ အသိုင်းအဝိုင်းသည် မြန်မာနိုင်ငံတွင် အဆိုပါ စွမ်းအင် ဧရာမ ကုမ္ပဏီကြီး ဝင်ရောက် အမြတ်ထုတ်မှုကြောင့် နစ်နာခဲ့ကြရသူ ဖြစ်သည်။

"Chevron မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို ကျွန်တော်တို့ ထုတ်ဖော် ပြောပြလိုပါတယ်။ အစု ရှယ်ယာရှင်တွေဟာ သူတို့ရဲ့ ငွေတွေ ဘယ်ကို သွားတယ်ဆိုတာရယ်၊ ဘယ်လိုအကျိုးဆက်တွေ ဆက်ဖြစ်တယ် ဆိုတာရယ်ကို သိဖို့ လိုအပ်ပါတယ်" ဟု အသက် ၃ဝ အရွယ်ရှိ ကရင်လူမျိုး ကိုနိုင်ထူးက ပြောသည်။

နိုင်ထူးသည် မြန်မာနိုင်ငံ တောင်ပိုင်းရှိ အငြင်းပွားဖွယ် ရတနာ သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်း အကြောင်းအား Chevron အစု ရှယ်ယာရှင်များအား ပြောပြနိုင်မည့် ပထမဆုံး အခွင့်အလမ်း အတွက်  ၎င်း ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ကြောက်ရွံ့ စိုးရိမ်ခြင်း မရှိလှပေ။ " ဒီလို ပြောခွင့်ရတာဟာ အပြောင်းအလဲအတွက် အခွင့်အလမ်းတစ်ခုပါပဲ" ဟု ၎င်းက IPS သို့ မေလ ၂၇- ၂၈ တွင် Chevron ရှယ်ယာရှင်များသို့ ပြောပြခဲ့သည်။

အဆိုပါ ကရင်လူမျိုး နိုင်ငံရေး လှုပ်ရှားသူ၏ အစီအစဉ်သည် Chevron ရှယ်ယာရှင်များကို အချိန်ကိုက် ဖိအားတိုးစေရန် ပြုလုပ်လိုက်သကဲ့သို့ ဖြစ်စေသည်။ ရှယ်ယာရှင်များကို ယခု နှစ်ပတ်လည် အစည်းအဝေးတွင် ၎င်းတို့ ကုမ္ပဏီမှ မြန်မာအစိုးရ အပါအဝင် နိုင်ငံခြား အစိုးရများသို့ ပေးရန်ရှိသည့် ငွေများကို လူသိရှင်ကြား ထုတ်ဖော်ရန် အဆိုပြုသော အဖွဲ့မှာ ဝါရှင်တန် အခြေစိုက် ပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေး စည်းရုံးသော အဖွဲ့အစည်း ဖြစ်သည့် Earth Rights International (ERI) ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံနှင့် ငွေရေး ကြေးရေး အဆက်အဆံများ ပိုမိုပွင့်လင်း မြင်သာရေး အတွက် Chevron အပေါ် ပေးလာသည့် ဖိအားများသည် အခြားသူများထံမှလည်း ထွက်ပေါ် လာမည်ဟု မျှော်လင့်ရသည်။

အမေရိကန် ကွန်ဂရက်သို့ တင်ပြထားသော ဥပဒေ အသစ်ကို ပါတီ နှစ်ခုလုံးကလည်း ထောက်ခံထားပြီး အတည်ပြုချက် ရရှိခဲ့ပါက ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတူးဖော်ရေး လုပ်ငန်းများမှ အမြတ်ငွေများ ရရှိနေသော ကုမ္ပဏီများသည် ၎င်းတို့ ကမ္ဘာတစ်ဝှမ်းတွင် ရင်းနှီးမြှုပ်နှံထားသည့် အစိုးရများထံ ပေးငွေများကို အသေးစိတ် ထုတ်ဖော် ပြသကြရမည် ဖြစ်သည်။

ငွေကြေးကိစ္စများကို အားလုံး ဖွင့်ချ ပြသရမည့် ပွင့်လင်း မြင်သာမှုဖြင့် စွမ်းအင် လုံခြုံရေး ဥပဒေ (Energy Security Through Transparency Act) ၏ သက်ရောက်မှုများသည် စွမ်းအင် ကဏ္ဍရှိ အမေရိကန် အခြေစိုက် ကုမ္ပဏီများ အပေါ် အကန့်အသတ် မရှိပေ။ အဆိုပါ ဥပဒေသည် အမေရိကန် Securities and Exchange Commission (SEC) တွင် မှတ်ပုံတင်ထားသော နိုင်ငံခြား ရေနံ၊ ဓာတ်ငွေ့နှင့် သတ္တု တူးဖော်ရေး ကုမ္ပဏီများကို သေချာစွာ ကြည့်ရှုနိုင်ရေး အတွက် ၎င်းတို့၏ စာရင်းများကို ဖွင့်ပြရမည် ဖြစ်သည်။

"ဥပဒေက ကွန်ဂရက်မှာ ကြန့်ကြာနေတာက တစ်မျိုး တစ်ဘာသာ ဖြစ်ပါတယ်" ဟု ERI မှ မြန်မာ စီမံကိန်း ညှိနှိုင်းရေးမှူး Mathew Smith က ပြောသည်။ "ဒီဥပဒေဟာ SEC မှာ မှတ်ပုံတင်ထားတဲ့ တရုတ်၊ အိန္ဒိယ နဲ့ တောင်ကိုရီးယား တို့က ကော်ပိုရေးရှင်းကြီးတွေ ပေါ်မှာလဲ သက်ရောက်ပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ ထားပါတယ်။ ဒီဥပဒေဟာ ကျယ်ကျယ်ပြန့်ပြန့် ထိရောက်မှုများ ရှိနိုင်ပါတယ်" ဟု ၎င်းက ပြောသည်။

အဆိုပါ ဥပဒေကို ကြည့်၍ ဧပြီလ ၂၇ ရက်နေ့က ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု အဖြစ် Chevron ကုမ္ပဏီ၊ ပြင်သစ် Total ကုမ္ပဏီနှင့် လက်အောက်ခံ ထိုင်းအစိုးရပိုင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီများကို မြန်မာ အစိုးရအား ၁၈ နှစ် အတွင်း ပေးငွေများအားလုံးကို ထုတ်ပြန်ရန် တောင်းဆိုခဲ့ကြသည်။

NGO များ၊ အလုပ်သမား သမဂ္ဂများ၊ ရင်းနှီးမြှုပ်နှံမှု အဖွဲ့ပညာရှင်များ၊ နော်ဝေ ဝန်ကြီးချုပ်ဟောင်းနှင့် အိုင်ယာလန် သမ္မတဟောင်း အပါအဝင် နိုင်ငံရေး ခေါင်းဆောင်များ စုစုပေါင်း ၁၆၀ ကျော်က မြန်မာနိုင်ငံနှင့် ငွေကြေး ကိစ္စများ ပွင့်လင်း မြင်သာမှုရှိရေး အတွက် လက်မှတ်ရေးထိုး လှုံ့ဆော်ခဲ့ကြသည်။

Total ၊ Chevron နှင့် PTTEP တို့အား မြန်မာနိုင်ငံတွင် အခွန်ငွေ ပေးဆောင်ရေး၊ ပွင့်လင်းမှုရှိရေး ခေါင်းစဉ်ပါ နှစ်မျက်နှာ ကြေညာချက်တွင် အဆိုပါ ကုမ္ပဏီများအား သတင်းနှင့် အချက်အလက် အားလုံးကို ပုံနှိပ် ထုတ်ဝေရန် တိုက်တွန်းထားသည်။ အဆိုပါ အချက်များတွင် ၁၉၉၂ ခုနှစ် ရတနာ ဓာတ်ငွေ့ပိုက်လိုင်း အတွက် စာချုပ် လက်မှတ် ရေးထိုးချိန်မှစ၍ မြန်မာ အာဏာပိုင်များသို့ ပေးရသော အခွန်ငွေများ၊ စရိတ်များ၊ မူပိုင်ကြေးနှင့် ဘောနပ်စ်များ ပါဝင်သည်။

Total က မြန်မာ အစိုးရသို့ ၂၀၀၈ ခုနှစ်က ပေးသော အခွန်ငွေများကို သိရှိလိုက်ရရာ၊ ပိုက်လိုင်းမှ မြန်မာ အစိုးရ ရရှိနေသော ငွေပမာဏကြီးကို သတိပြုမိခဲ့သည်။ Total က မြန်မာ အစိုးရကို ပေးရသောငွေ အမေရိကန် ဒေါ်လာ ၂၅၄ သန်းကို မထင်မှတ်ဘဲ အများက သိရှိလိုက်ရပြီး၊ ၂၀၀၉ ခုနှစ်တွင်လည်း ထိုပမာဏကို ရရှိခဲ့သည်။

"အဆိုပါ အချက်အလက်ဟာ တန်ဖိုးရှိပါတယ်။ ဒါပေမယ့် လုံလောက်မှု မရှိသေးပါဘူး။ ကျွန်တော်တို့က မြန်မာ အစိုးရကို ပေးရတဲ့ငွေ အသေးစိတ်ကို သိလိုတာပါ။ အခွန်ကိစ္စ ပွင့်လင်းမှု ရှိခြင်းဟာ လူမှုရေး ကိစ္စတွေမှာ ကော်ပိုရေးရှင်းက တာဝန်ရှိတဲ့ အပိုင်းအတွက် အခြေခံ အချက် ဖြစ်ပါတယ်" ဟု Smith က IPS သို့ ပြောသည်။

Chevron က မြန်မာ အစိုးရကို ပေးရငွေများကို ဖော်ထုတ်ရန် တုန့်ဆိုင်းနေခြင်းသည် ၎င်း၏ နေရာတကာတွင် ပွင့်လင်းသည့် အကျင့်နှင့် ဆန့်ကျင်နေသည်ဟု Smith က ဝေဖန်သည်။ "Chevron ဟာ ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ငွေကြေးကိစ္စတွေမှာ ပွင့်ပွင့်လင်းလင်း ရှိလှပါတယ်။ အမေရိကန်မှာ အဲဒီလို ဖြစ်ဖို့ လိုပါတယ်" ဟု Smith က ပြောသည်။

အဆိုပါ ပိုက်လိုင်း ကိစ္စအတွက် ဝေဖန် သုံးသပ်သူများက ပိုက်လိုင်း ဝင်ငွေသည် ဖိနှိပ်သော မြန်မာ အစိုးရကို များစွာ အကျိုးဖြစ်ထွန်းစေသော်လည်း ဒုက္ခသုက္ခပေါင်း များစွာ ခံစားနေရသော မြန်မာပြည်သူများမှာမူ အနည်းငယ်သာ အကျိုးကျေးဇူး ခံစားကြရသည်ဟု ဖော်ပြကြသည်။ ၂၀၀၀ ခုနှစ် သဘာဝဓာတ်ငွေ့ စတင် ထုတ်လုပ်ချိန်မှစ၍ ၂၀၀၈ ခုနှစ် အထိ မြန်မာ အစိုးရသည် ဓာတ်ငွေ့ ရောင်းရငွေမှ အမေရိကန် ဒေါ်လာ ၈ ဘီလီယံခန့် ရရှိမည်ဟု ခန့်မှန်းကြသည်။

ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သွားသည့် ဒေသမှာ ကရင်လူမျိုးတို့၏ ဒေသဖြစ်ပြီး၊ ၎င်းတို့မှာ အကျိုးကျေးဇူး မခံစားရသလောက် ဖြစ်သည်။ အန်ဒမန် ပင်လယ်မှ ထိုင်းနိုင်ငံအထိ ပိုက်လိုင်း ဖြတ်သွားရာ ရွာများသည် လျှပ်စစ်မီး မရှိပဲ ဖယောင်းတိုင်နှင့် မီးအိမ်များ အပေါ်တွင်သာ မှီခိုရသည်။

ကရင်လူမျိုးများသည် ၁၉၉၁ ခုနှစ် ပိုက်လိုင်းလုပ်ငန်း စတင်ချိန်မှစ၍ နစ်နာမှုများ ပိုမို ခံစားကြရသည်။ ပိုက်လိုင်း ဆောက်လုပ်ချိန် အတွင်း မြန်မာ စစ်တပ်မှ လုံခြုံရေး အတွက် တာဝန်ယူခဲ့ရာ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ချိုးဖောက်မှုများ ရှိခဲ့သည်။

အဆိုပါ ဧရိယာတွင် တချိန်တည်း၌ တပ်ရင်း ၁၄ ခု နေရာချထားသည်ကို တွေ့ရပြီး အမျိုးသမီးများအား မတရားကျင့်မှုများ၊ ကရင်ရွာသားများအား နှိပ်စက်မှုများ ရှိခဲ့သည်။ "အဲဒီ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ဒီနေ့အထိ ရှိနေဆဲ ဖြစ်ပါတယ်" ဟု ကရင်လူမျိုး နိုင်ငံရေး လှုပ်ရှားသူ နိုင်ထူးက ထုတ်ဖော် ပြောကြားခဲ့သည်။

"မြန်မာ အစိုးရက ဒီအခြေအနေဆိုးကို ပြောင်းလဲဖို့ တုန့်ဆိုင်းနေရင်တောင် နိုင်ငံစုံ ကုမ္ပဏီများက အပြောင်းအလဲ အတွက် ကူညီနိုင်မှာပါ" ဟု ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကို ဆန့်ကျင်သည့် အဖွဲ့မှ ဝင်းအောင်က ပြောသည်။ ဝင်းအောင်သည် တရုတ် ရင်းနှီးမြှုပ်နှံမှု ပါဝင်သော ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းကို ဆန့်ကျင်သည့် မြန်မာ လှုပ်ရှားသူများ ပါဝင်သော အဖွဲ့မှ အဖွဲ့ဝင် တစ်ဦး ဖြစ်သည်။ "အခွန်ကိစ္စ ပွင့်လင်း မြင်သာမှု ရှိရေးကလည်း နည်းလမ်းတစ်ခုပါပဲ" ဟု ၎င်းက ပြောသည်။

"မြန်မာနိုင်ငံသားတွေ အတွက် အကျင့်ကောင်းလေး တစ်ခု ဖြစ်ရပါမယ်။ ဒီအချက်အလက်တွေကို အသုံးပြုပြီး အစိုးရရဲ့ သယံဇာတ ကြွယ်ဝမှုက ရတဲ့ငွေတွေ အသုံးပြုမှုကို စောင့်ကြည့်နိုင်ရပါမယ်။ အစိုးရကို ရှင်းလင်း တင်ပြဖို့နဲ့ တာဝန်ယူဖို့ တောင်းဆိုရပါမယ်။ အခုတော့ ဘာတစ်ခုမှ မရှိသေးပါဘူး" ဟု ၎င်းက ရှင်းပြသည်။

"အကယ်၍ ရွှေဓာတ်ငွေ့ စီမံကိန်း ရှေ့ဆက်သွားခဲ့ရင်၊ မြန်မာ အစိုရဟာ နှစ်သုံးဆယ် အတွင်း အမေရိကန် ဒေါ်လာ ၂၉ ဘီလီယံလောက် ဝင်ငွေရပါမယ်" ဟု ၎င်းက ပြောသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment