Transparency Myanmar

transparency.myanmar@gmail.com

နှစ်ပေါင်း ၂၀ တာ ကာလအတွင်း ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည့် ဒီမိုကရေစီ ရွေးကောက်ပွဲ ကာလတွင် နိုင်ငံတကာမှ စောင့်ကြည့် လေ့လာသူများ ဝင်ရောက်ခွင့် ပြုမည် မဟုတ်ကြောင်း မြန်မာစစ်အစိုးရက ငြင်းပယ်လိုက်သည်။ သို့သော် ရွေးကောက်ပွဲ အကောင်အထည်ဖော် ဖြစ်မြောက်ရေးအတွက် အမေရိကန် ပြည်ထောင်စုထံမှ ပူးပေါင်း ဆောင်ရွက်မှု ရယူလိုကြောင်း စစ်အစိုးရက ထုတ်ဖော်ပြောဆိုသည်။

မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် လာရောက် လည်ပတ်သော အမေရိကန် သံတမန် Kurt Campbell က မြန်မာ ဒီမိုကရေစီ ရွေးကောက်ပွဲနှင့် ပတ်သက်၍ လွန်စွာစိုးရိမ်ပူပန် မိပါသည်ဟု ထုတ်ဖော် ပြောဆိုထားသည့်တိုင် မြန်မာစစ်အစိုးရ အာဏာပိုင်က အမေရိကန် ပြည်ထောင်စုအနေဖြင့် အပြုသဘောဆောင်သော သဘောထားကို ထုတ်ဖော်ပြသ သင့်ကြောင်း တိုက်တွန်းလိုက်သည်။

ယခုနှစ်အတွင်း တစ်ချိန်ချိန်တွင် ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲသည် အရပ်သားအစိုးရ ထွက်ပေါ်ရေးဟူသော ဟန်ဆောင်မှုဖြင့် စစ်တပ်အာဏာ တည်တံ့ခိုင်မြဲရေးကိုသာ အကွက်ဆင် ထားသည်ဟု ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခံထားရသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများအရ ရွေးကောက်ပွဲသည် နိုင်ငံတကာတွင် အသိအမှတ်ပြုမှု လျော့နည်းလိမ့်မည်ဟု အမေရိကန်ပြည်ထောင်စုက ယုံကြည်လျက်ရှိကြောင်း မစ္စတာ Kurt Campbell က မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သုံးသပ်ပြောဆိုသည်။

"ရွေးကောက်ပွဲမတိုင်ခင် ကျန်ရှိနေတဲ့ အချိန်ကာလမှာ မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံရေး ဖြစ်စဉ်တွေကို ဖွင့်ပေးဖို့ ကျွန်တော်တို့က တိုက်တွန်းပါတယ်" ဟု ၎င်းကပြောကြားသည်။

အရှေ့တောင်အာရှဒေသ သို့မဟုတ် နိုင်ငံတကာမှ ရွေးကောက်ပွဲ စောင့်ကြည် လေ့လာသူများကို ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်း ဝင်ရောက်ခွင့်ပြုနိုင်ခြင်း ရှိ၊ မရှိ ဟူသော ကိစ္စကို မစ္စတာ Kurt Campbell ကမေးမြန်းရာ စစ်အစိုးရက ခွင့်မပြုနိုင်ဟု ငြင်းပယ်ခဲ့သည်။

"မြန်မာနိုင်ငံဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အတွေ့အကြုံတွေ အများကြီးရှိပါတယ်။ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တွေ ဒီကိုလာပြီး စောင့်ကြည့်ဖို့ မလိုအပ်ပါဘူး" ဟု မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင် အကြီးအကဲ ဦးသိန်းစိုးက ပြောကြားသည်။

"လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ် ပေါ်ထွန်းဖို့ အစီအစဉ်တွေ ရေးဆွဲထားပြီးပါပြီ" ဟု ဦးသိန်းစိုးက မစ္စတာ Campbell ကို ပြောကြားလိုက်ကြောင်း သိရသည်။ မစ္စတာ Campbell သည် ယခု ဒုတိယအကြိမ် ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရ ဝန်ကြီးများအပါအဝင် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့်လည်း တွေ့ဆုံခဲ့သည်။ သူသည် နှစ်ရက်တာမျှ လာရောက်ခဲ့ပြီးနောက် မေလ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာသွားခဲ့သည်။

ခရီးစဉ်အတွင်း မစ္စတာ Campbell နှင့် မြန်မာအာဏာပိုင်တို့ တွေ့ဆုံဆွေးနွေးမှု အသေးစိတ်ကို မေလ ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ရေးသားဖော်ပြခဲ့သည်။

"ကျွန်တော်တို့ နိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုထံမှ နွေးထွေးတဲ့ ပူးပေါင်း ဆောင်ရွက်မှုကို လက်ခံရယူလိုပါတယ်။ ဒါမှ ရွေးကောက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အောင်အောင်မြင်မြင် ကျင်းပသွားနိုင်မှာပါ" ဟု စစ်အစိုးရ၏ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက မစ္စတာ Campbell ကို ပြောဆိုသည်။ သို့သော် ပူးပေါင်းဆောင်ရွက် မှုအသေးစိတ်ကိုမူ ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိပေ။

မြန်မာနိုင်ငံအပေါ် ထားရှိသည့် ဝါရှင်တန်အစိုးရ၏ မူဝါဒသစ်ဖြစ်သော စေ့စပ်ညှိနှိုင်းရေးကို ကြိုဆိုပါကြောင်း၊ အမေရိကန် ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံရွေးကောက်ပွဲ နှင့်ပတ်သက်၍ အပြုသဘောဆောင်သော သဘောထား ထုတ်ဖော်ပြသရန် လိုအပ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ဆိုသည်။

မစ္စတာ Campbell သည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည်။ ယခုအကြိမ် လာရောက်မှုသည် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီပါတီ (NLD) တရားဝင် ပယ်ပျက်သွားပြီး နောက်ရက်ပိုင်းတွင်ဖြစ်သည်။ NLD ပါတီသည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့်တိုင် စစ်အစိုးရက အာဏာ လွှဲပြောင်း ပေးခဲ့ခြင်း မရှိပေ။

ယခုကာလအတွင်း စစ်အစိုးရက ထုတ်ပြန်ကြေညာသော ရွေးကောက်ပွဲဥပဒေများသည် တရားမျှတမှု မရှိသလို ဒီမိုကရေစီ စံချိန်စံနှုန်းများနှင့်လည်း ကိုက်ညီမှုမရှိခြင်း၊ ဥပဒေအရ ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုပါက ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားသော နိုင်ငံရေး အကျဉ်းသားများကို ပါတီအဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ရမည့် အနေအထားတွင်ရှိခြင်း အစရှိသည်တို့ ကြောင့် NLD က ရွေးကောက်ပွဲကို သပိတ်မှောက်ရန် ဆုံးဖြတ်ခဲ့သည်။

AFP သတင်းကိုဘာသာပြန်ဆိုသည်။

--
Yangon Chronicle သည် မြန်မာနိုင်ငံ အတွင်းရှိ ဖတ်သူများ ဒေါင့်စုံ သတင်းရအောင် ဖော်ပြခြင်းသာ ဖြစ်ပြီး ဘာသာပြန် ဆိုဖော်ပြချက် အားလုံးသည် မူရင်းမီဒီယာ များ၏ အာဘော်သာ ဖြစ်၍ Yangon Chronicle ၏ သဘောထား မဟုတ်ပါကြောင်း။
 
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/ upon their request.

0 comments:

Post a Comment